ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်သခင်မပွဲနေ့မစ္ဆားတရား။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာတွင်းရှိ ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်သခင်မပွဲနေ့မစ္ဆား တရားတော်ကို ၇၅လမ်း၊ ၂၈နှင့်၂၉ ကြားရှိ စိန့်ဇေးဗီယား သာသနာအုပ်စု၌ (၈.၉.၂၀၂၆) အင်္ဂါနေ့ညနေ ၄:ဝဝ နာရီအချိန်၌ ဘုန်းတော်ကြီး John Aye Kyaw မှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

မစ္ဆားတရားအပြီး စီတန်းလှည့်လည်ခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းနှင့် အလံချအခမ်းအနားကို ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Alphonse Aung Ko Latt မှဦးဆောင်ကျင်းပခဲ့ပါသည်။ မယ်တော် သခင်မပွဲသို့ မန္တလေးမြို့ပေါ်ရှိသာသနာစီရင်စုအသီးသီးမှ ဘုန်းတော်ကြီးများ၊ ကိုရင်များ၊ သီလရှင်များ၊ ဘာသာဝင်များလာရောက်ပါဝင်းဆုတောင်းခဲ့ကြပါသည်။

မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး Fr. John Aye Kyaw မှဩဝါဒမြွက်ကြားရာတွင်

“သခင်ယေဇူးကတုတ်နဲ့ဓားနဲ့တိုက်ပြီးလောကကိုအနိုင်ယူခဲ့တာမဟုတ်ဘူး လက်ဝါးကားတိုင်ပေါ်မှာ အသေခံခြင်းဖြင့်အနိုင်ယူခဲ့တယ်။ ဒီကနေ့ကမ္ဘာကြီးမှာအတ္တမကြီးပဲ အလျှော့ပေးတတ်တဲ့သူတွေများ လာဖို့လိုတယ်။ ဘုရားနှင့်ပြေလည်ချင်တယ်ဆိုရင် ကိုယ့်အပြစ်တွေအတွက်အခွင့်ချမ်းသာရဖို့ တောင်း ပန်တတ်ရမယ် သူများအပြစ်တွေအတွက်လည်းခွင့်လွတ်နိုင်ရမယ်။ ဒီကနေ့ကျန်းမာခြင်းအတွက် မယ် တော်ဆီဆုတောင်းကြတဲ့သူတွေအများကြီးပဲ။ ဒီနေရာမှာမိမိကိုယ်ကို ပြန်မေးကြည့်ဖို့တစ်ခုက ငါမတောင်းခင် ငါကရော သူများကိုပေးဖူးသလား ဆိုတာမိမိကိုယ်ကို ပြန်သုံးသပ်တတ်ဖို့လိုတဲ့ အချက် ဖြစ်တယ်။

ငါ့ဘဝမှာတစ်စုံတစ်ယောက်က တစ်ခုခုတောင်းတဲ့အခါ ငါငြင်းခဲ့ဖူးလား ဝေမျှဖို့ပျက်ကွက်ခဲ့ဖူးလား။ ဒီနေ့မယ်တော်ထံမှာဆုကျေးဇူးတောင်းခံမယ့်ကျွန်ုပ်တို့သည် တောင်းသောသူများဖြစ်ခဲ့သလို ပေးသော သူများ၊ ဝေငှသောသူများလည်းဖြစ်နိုင်အောင်ကြိုးစားရမယ်။ မယ်တော်မာရီးယားဟာ ဘုရားသခင်ရဲ့ ရွေးချယ်မှုအတွက် အထူးကျေးဇူးတော်ခံစားရတဲ့လူသားတစ်ဦးအနေနဲ့ ကျွန်ုပ်တို့ကို ရှေ့ကနေဦးဆောင် လမ်းပြပေးသွားတယ်။

အတုယူစရာဖြစ်တယ် ယုံကြည်ခြင်းရဲ့စံနမူနာ၊ အစေခံခြင်းရဲ့စံနမူနာ၊သူတစ်ပါးအတွက် အကျိုးပြုပြီး တော့ကြားဝင်တောင်းခံပေးခြင်းရဲ့စံနမူနာ ဒါတွေကိုအတုယူပြီးတော့ကျွန်ုပ်တို့လည်း မယ်တော်ကဲ့သို့ ယုံကြယ်ခြင်း၊အစေခံခြင်း၊ သူတစ်ပါးအတွက်ကူညီပေးခြင်းအားဖြင့်အသက်ရှင်နေထိုင်ကြပါစို့။

Fr. Alphonse Aung Ko Latt (ကျောင်းထိုင်ဘုန်းတော်ကြီး)

ဒီမယ်တော်ပွဲကို နှစ်တိုင်းကျင်းပနေကြဆိုပေမဲ့ ခေတ်အခြေအနေကြောင့် ခုလိုဘာသာဝင်တွေအများ ကြီးနဲ့ စည်စည်ကားကားကျင်းပနေချိန် တစ်ခုခုများဖြစ်လာမလားဆိုပြီး စိုးရိမ် စိတ်ပူမိတာတော့ရှိပါ တယ်။ ဒါပေမဲ့မယ်တော်ရဲ့ကျေးဇူးကြောင့်ဘာမှမဖြစ်ပဲ ရာသီဥတုလည်းသာယာပြီး ကောင်းကောင်း မွန်မွန်ကျင်းပနိုင်ခဲ့ပါတယ်။ ဒီပွဲကြီးဖြစ်မြောက်ရေးအတွက် ကဏ္ဍအသီးသီးကနေပါဝင်ကူညီပေးကြသူ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ဒီနှစ်ရဲ့ထူးခြားတာတစ်ခုက ခါတိုင်းနှစ်လို အစဉ်အလာပြုလုပ် တဲ့ အုန်းသီးခွဲခြင်း၊ ပိုက်ဆံကြဲခြင်း စတာတွေကိုမလုပ်ဖို့ ဆရာတော်ကြီးမှ ညွန်းကြားထားတဲ့အတွက် အဲဒီအစီအစဉ်တွေတော့မပါတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် နိုဗီနာ အစကနေ ပွဲနေ့ပြီးတဲ့အထိ ဘာပြသနာ မှမရှိပဲအောင်မြင်စွာကျင်းပနိုင်တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။

မဂျူးလီ( လဖုန်းသာသနာအုပ်စု)

ဒီမယ်တောပွဲကိုနှစ်တိုင်းတက်ဖြစ်ပါတယ် အထူးသဖြင့်တော့အမတို့က ကျန်းမာရေးအတွက်ပဲပို တောင်းဖြစ်ပါတယ် ဒီနှစ်တော့ ဒီမယ်တော်ပွဲမှာလုပ်အားပေးအနေဖြင့်ဒီမယ်တော်ပွဲမှာ ပါဝင်ခွင့်ရတဲ့ ပီတိဖြစ်မိတယ်၊ ပျော်ရွှင်မှု အများကြီးလည်း ရခဲ့မိတယ်။ ဆုတောင်းခြင်းလည်း ပြည့်ခဲ့ပါတယ်။

မယ်တော်ရဲ့ နှိမ့်ချခြင်းအစေခံခြင်း နာခံခြင်းတွေကို အတုယူပြီးကို မိမိ ကိုယ်တိုင်ကလည်း အမြဲတမ်း ဒီနှိမ့်ချခြင်းနဲ့ လျှောက်လှမ်းနိုင်အောင်ကြိုးစားဖို့တွေးထားပါတယ်။

ထွန်းမြင့်နိုင် (စစ်ကိုင်း )

ကျွန်တော်က နှစ်တိုင်းလာဖြစ်တယ် အရင်တုန်းကတော့ ကျွန်တော်တို့က ဒီ မန္တလေးမှာ နေတယ်။ အခု ဒီ ဗေလန်ကန်နီပွဲကိုတစ်ခါမှ ကျွန်တော် မပျက်ဘူး။ ကျွန်တော့် အမျိုးသမီးက  ဗုဒ္ဓဘာသာ၊ ဒါပေမဲ့ သူက လည်း နှစ်တိုင်း ကျွန်တော်နဲ့ အိမ်ထောင်ကျပြီးကတည်းက နှစ်တိုင်း သားသမီးတွေရော လာတယ်။

ကျွန်တော်တို့က ကျန်းမာရေးအတွက် အဓိက ဆုတောင်းဖြစ်တယ်။ နောက်တစ်ခါ ကျွန်တော့် သားသမီး တွေအတွက် ကောင်းမွန်တဲ့ပညာရေးရဖို့အတွက် ဆုတောင်းပါတယ်။

ကျွန်တော်တို့ အခက်အခဲ တစ်ခုခုရှိရင် ကျွန်တော်တို့က မယ်တော်ကိုပဲ။ ဆုတောင်းတယ်၊ ဗေလန်ကန်နီ ကျန်းမာရေးမယ်တော်ဆီ ဆုတောင်းတယ်၊ ချမ်းသာကုန်း မယ်တော်ဆီ ဆုတောင်းတယ်။ ညောင် လေး ပင်ရယ်၊  ဗေလန်ကန်နီရယ်၊ ချမ်းသာကုန်းကမယ်တော်ရယ်၊ ဒီမယ်တော်ပွဲနေ့တွေမှာ အမြဲလာ ဆု တောင်းဖြစ်တယ်။

ချယ်ရီအောင်(ရေဦး)

ကျွန်မက ရေဦးကပါ ဒီမယ်တော်ပွဲမှာ လူငယ်လုအပ်အားပေးအနေနဲ့ပထမဆုံးပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် ပီတိဖြစ်တယ်။ ဒီပွဲလာချင်လို့ အလုပ်ကနေခွင့်ယူပြီးတော့ မယ်တော့်ဆီမှာ လာပြီးတော့ လုပ်အားပေးလာပါဝင်တာ။ လောလောဆယ်တော့  မျက်စိနာနေလို့ မျက်စိနာပျောက်အောင်လည်း အ ရင် ဆုတောင်းထားတယ် သက်သာလာမယ်လို့လည်း ယုံကြည်တယ် ဘာလို့လဲဆိုတော့ အဖေက လည်း မယ်တော့်တမန်တော်  အသင်းထဲမှာ ပါဝင်တဲ့အတွက် အဖေကလည်း မယ်တော့် စိတ်ပုတီးစိတ် ဆုတောင်းဖို့  တစ်ခုခု ကိုယ် အခက်အခဲရှိတယ်ဆိုရင်လည်း မယ်တော့်ဆီမှာ စိတ်ပုတီးအများကြီး မစိတ် နိုင်တောင် စိတ်ပုတီး ၁၀ ခေါက် စိတ်ပြီး ဆုတောင်းဖို့အတွက် အမြဲတမ်း ခွန်အားပေးတယ် ဒုက္ခ ရောက် တိုင်းလည်း မယ်တော့်ဆီမှာပဲ ဆုတောင်းတယ်။

ဒေါ်မေရီ (ကာသီဒြယ်)

အမေတို့ကအသက်ကြီးပြီဆိုတော့ ကျန်းမာရေးကောင်းဖို့ အဓိကဆုတောင်းပါတယ် ပြီးတော့ ကျွန် တော်တို့ မိသားစုအားလုံးအပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့ မကျန်းမာတဲ့လူတွေ အားလုံးအတွက်ကို ဆု တောင်းပေးပါတယ်။ တချို့ကျတော့လေ မယ်တော့်ကို သဒ္ဒါကြည့်ညို အားကိုးရမှန်းမသိကြဘူး။ ဒါပေမဲ့ ကျွန်မတို့က ယုံကြည်ကိုးကွယ်လာတာ နှစ်ပေါင်းများစွာ အခုဆို ၆၇ နှစ် ရှိပါပြီ။ ဒါပေမဲ့ မကိုးကွယ်တဲ့လူ ကိုးကွယ်တဲ့လူ အဓိက မထားပါဘူး။ အဓိကတော့မိမိရဲ့ ယုံကြည်မှု သဒ္ဒါကြည်ညိုအားကိုးစိတ်နဲ့တောင်း ဖို့ကပိုအရေးကြီးတာပါ။

rvamyanmar
rvamyanmar
Articles: 4225

Leave a Reply

Your email address will not be published. Required fields are marked *