
အာစီစီ ငြိမ်းချမ်းရေးအစည်းအဝေးသို့ ပုပ်ရဟန်းမင်းကြီး ပေးပို့သည့်သဝဏ်လွှာ။

“ကျွန်ုပ်တို့သည် ဘုရားသခင်၏ ငြိမ်းချမ်းရေးအတွက် လက်နက်မဲ့ကိရိယာများ ဖြစ်ကြပါစေ”
အာစီစီ (Assisi) မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအစည်းအဝေးသို့ တက်ရောက် လာသူများထံ ပေးပို့သော ဗီဒီယိုသဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က “စစ်ပွဲကို ဘုရား သ ခင်၏ နာမတော်ဖြင့် မည်သည့်အခါမျှ ဆင်နွှဲ၍မရနိုင်ပါ” ဟု အလေးအနက်ထား ပြောကြားခဲ့ပြီး၊ ဘုရား သခင်၏ “ငြိမ်းချမ်းရေးအတွက် လက်နက်မဲ့ ကိရိယာများ” အဖြစ် ၎င်းနှင့်အတူ ပူးပေါင်း ပါဝင်ကြ ရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
“စစ်ပွဲကို ဘုရားသခင်၏ နာမတော်ဖြင့် မည်သည့်အခါမျှ ဆင်နွှဲ၍ မရနိုင်ပါ။ ဘာသာတရားကို ကိုးကွယ် ယုံကြည်သူက ‘ဘာသာတရား၏ နာမတော်ဖြင့် တိုက်ခိုက်ခြင်းသည် ဘာသာတရားကိုပင် ပြန်လည် တိုက်ခိုက်နေခြင်း’ ဖြစ်သည်။ သန့်ရှင်းသောစစ်ပွဲ ဆိုသည်မှာ မရှိပါ၊ ငြိမ်းချမ်းရေး သာလျှင် သန့်ရှင်းစင် ကြယ်ခြင်း ဖြစ်သည်။”
စိန့်အက်ဂျီဒီယို (Sant’Egidio) အဖွဲ့အစည်းမှ ကြီးမှူးကျင်းပသည့် “အာစီစီ၏ စိတ်ဓာတ်” အပြည်ပြည် ဆိုင်ရာ အစည်းအဝေးသို့ အင်္ဂါနေ့က ပေးပို့သော ဗီဒီယိုသဝဏ်လွှာတွင် ပုပ် ရဟန်းမင်းကြီး လီယို (၁၄) က ဤအားကောင်းသော အသိပေးနှိုးဆော်ချက်ကို မျှဝေခဲ့ခြင်းဖြစ်သည်။
စိန့်ဖရန်စစ် (St. Francis) မွေးဖွားရာ အွန်ဘရီယာ (Umbria) တောင်ကုန်းမြို့၌ ယနေ့တွင် ပြီးဆုံးမည့် (၃) ရက်ကြာ အစည်းအဝေး၏ ဆောင်ပုဒ်မှာ “လက်နက်မဲ့၍ လက်နက်ဖြုတ်သိမ်းသော ငြိမ်းချမ်းရေး” ဖြစ်သည်။
“သင်တို့နှင့်အတူ ရှိနေချင်လွန်းလှပါသည်”
ပုပ်ရဟန်းမင်းကြီးသည် စိန့်ဂျွန်ပေါလ် (၂) မှ စတင်ခဲ့သော ၁၉၈၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့ဆုတောင်းပွဲနေ့၏ ၄၀ မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စိန့်ဖရန်စစ်၏ မြို့၌ တက်ရောက်လာသူများ စုဝေးခဲ့ကြခြင်းကို စတင် အမှတ်ရပြောကြားခဲ့သည်။
ထိုသမိုင်းဝင် ပထမဆုံး အစည်းအဝေးပြီးနောက် ရဟန်းမင်းကြီး အဆက်ဆက်တို့က “အာစီစီ၏ စိတ် ဓာတ်ကို ဆက်လက်ရှင်သန်စေရန်” တိုက်တွန်းခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။
ဆုတောင်းပွဲများနှင့် တွေ့ဆုံဆွေးနွေးပွဲ ရက်များတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည့် ပွဲစီစဉ်သူများ၊ ပက်ထရီယခ် (Patriarchs) များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဖရန်စစ္စကန် (Franciscans) အသင်း ဂိုဏ်းဝင်များကို ရဟန်းမင်းကြီးက နှုတ်ခွန်းဆက်သခဲ့သည်။
“ဒီအရေးကြီးတဲ့ နှစ်ပတ်လည်နေ့မှာ စိန့်ဖရန်စစ်ရဲ့ ဂူဗိမာန်မှာ သင်တို့နဲ့အတူ ရှိနေချင်လွန်းလှပါတယ်။ သင်တို့ရဲ့ မျက်နှာတွေကို မြင်တွေ့ပြီး ညီအစ်ကို မောင်နှမတွေလို အတူတကွ နေထိုင်ဖို့ဆိုတာ ဖြစ်နိုင်နေပြီဆိုတဲ့ အချက်ကို အတူတကွ သက်သေထူချင်ပါတယ်!”
‘အာစီစီ၏ စိတ်ဓာတ်’ ကို ပျိုးထောင်ရန် လိုအပ်ချက်
“အာဏာယဉ်ကျေးမှု” ကြီးစိုးနေသည့် ဤခေတ်ကာလတွင် “အာစီစီ၏ စိတ်ဓာတ်ကို ပျိုးထောင်ရန် လို အပ်ပါသည်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ထောက်ပြခဲ့သည်။ ထိုစိတ်ဓာတ်တွင် စစ်ပွဲကို ဘာသာ ရေးအရ ဆင်ခြေပေး ဆန်းစစ်ခြင်းကို ငြင်းပယ်ခြင်း၊ စေ့စပ်ညှိနှိုင်းမှုနှင့် တွေ့ဆွေးနွေးမှု စိတ်ဓာတ်၊ ငြိမ်းချမ်းသော အနာဂတ်အတွက် တီထွင်ဖန်တီးနိုင်သော လှုပ်ရှားမှုများနှင့် ပေါင်းစပ်ထားသည့် ဆင်ခြင် တုံတရားဖြင့် သုံးသပ်ခြင်းတို့ ပါဝင်သည်။
ဤအခြေအနေတွင် ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးသည် လူမျိုးပေါင်းစုံ၏ “ဘုံရည်မှန်းချက်၊ ကျွန်ုပ် တို့၏ ရွေးချယ်မှုအားလုံးအတွက် လမ်းပြကြယ်၊ မတရားမှုကို ဖော်ထုတ်သည့် စံနှုန်းနှင့် အားလုံး အတွက် ဘုံမျှော်မှန်းချက်” တစ်ဖန် ပြန်လည်ဖြစ်လာစေရေး အလေးအနက် ထုတ်ဖော်ပြော ကြားခဲ့ သည်။
“ကျွန်ုပ်တို့ဟာ ပိုမိုများပြားတဲ့ စစ်ပွဲတွေအတွက် ပြင်ဆင်တာမျိုး မဟုတ်ဘဲ နေရာတိုင်းမှာ ငြိမ်းချမ်းရေး ကို ပြန်လည်တည်ဆောက်ရပါမယ်”၊ ဘုရားသခင်၏ နာမတော်ကို စစ်ပွဲအတွက် ဆင်ခြေပေးရန် မည် သည့်အခါမျှ လှည့်ဖြားအသုံးပြု၍ မရနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ဘုံရှာဖွေမှုအဖြစ် အာစီစီမြို့၌ စတင်ခဲ့သော ခရီးလမ်းသည် ပထမနှင့် အဓိကအား ဖြင့် “ဆုတောင်းခြင်း၏ လမ်းစဉ်” ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ဆုတောင်းခြင်းသည် ‘အားနည်း’ သော လက္ခဏာဟု ထင်ရသော်လည်း နှိမ့်ချသော ခွန်အားဖြစ်သည်
“ကမ္ဘာ့တန်ခိုးအာဏာတွေရဲ့ ရှေ့မှောက်မှာ ဆုတောင်းခြင်းဟာ အားနည်းတယ်လို့ ထင်ရနိုင်ပါတယ်၊ သို့ သော် ဒါဟာ ကိုးကွယ်ယုံကြည်သူတွေရဲ့ နှိမ့်ချတဲ့ ခွန်အားတစ်ခု ဖြစ်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ဝန်ခံခဲ့သည်။
ထို့ကြောင့် ၎င်းက “ငြိမ်းချမ်းရေးကို ပေးသနားတော်မူသော ဘုရားသခင်ထံ ကျွန်ုပ်တို့ လှည့်ပြန်ကြပါစို့။ စစ်ပွဲနှင့် အကြမ်းဖက်မှုကို လိုလားသူများ၏ နှလုံးသားကို ကိုယ်တော်ရှင် တို့ထိနိုင်ပါစေ။ ဆုတောင်း ခြင်းသည် မည်သည့်အခါမျှ အလကားမဖြစ်ဘူးဆိုတာကို မမေ့လျော့ကြပါနဲ့” ဟု တောင်းဆိုခဲ့သည်။
ကမ္ဘာကြီးသည် တွေ့ဆုံဆွေးနွေးမှု လိုအပ်နေကြောင်း အလေးပေးပြောကြားရင်း ရဟန်းမင်းကြီးက “မောက်မာသည့် ဘာသာစကားမှ ငြိမ်းချမ်းရေး၊ စေ့စပ်ညှိနှိုင်းရေးနှင့် နားလည်မှု ဘာသာစကားဆီသို့ ပြောင်းလဲသွားစေရန်နှင့် လူသားမျိုးနွယ်ကို အကြမ်းဖက်မှု သံသရာမှ တဖြည်းဖြည်း ဝေးကွာသွား စေရန်အတွက် အာစီစီ၏ လမ်းစဉ်သည် ဘာသာရေးခေါင်းဆောင်များအား ဘာသာဝင်များအကြားနှင့် လူ့အဖွဲ့အစည်းအတွင်း တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းကို မြှင့်တင်ရန် တောင်းဆိုနေသည်” ဟု မိန့်ကြားခဲ့သည်။
နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီး လီယိုက “ကျွန်ုပ်တို့ မျှော်လင့်တောင့်တနေသော ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေးကို ကျွန်ုပ်တို့၏ ဆုတောင်းချက်များဖြင့် ဘုရားသခင်ထံမှ ရရှိပါစေ” ဟု မျှော်လင့်ချက် ဖော်ပြခဲ့ပြီး၊ ထာဝရဘုရားသခင်သည် “ကျွန်ုပ်တို့အား ကိုယ်တော်၏ ငြိမ်းချမ်းရေးအတွက် လက်နက်မဲ့ ကိရိယာများ ဖြစ်စေတော်မူပါစေ” ဟု ဆုတောင်းမေတ္တာ ပို့သခဲ့သည်။
Fr. Peter Kyi Maung
Credit: Vatican News



