
“ချစ်ခြင်းမေတ္တာတွင် ရလိုမှုကိုဖြတ်တောက်ခြင်း၊ ပေးဆပ် အနစ်နာခံမှုနှင့် ဧည့်ဝတ် ကျေပွန်ခြင်းတို့ ပါ ဝင်ရမည်”

တနင်္ဂနွေနေ့တွင် စိန့်ပီတာရင်ပြင်ရှိ ဘုရားဖူးခရီးသည်များနှင့်အတူ နေ့လယ်ခင်း အန်ဂျေလူး (Angelus) မေတ္တာဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က စစ်မှန်သော ချစ်ခြင်းမေတ္တာသည် မိမိတို့ ၏တွယ်တာမှုများကို ဖြတ်တောက်ရန်၊ ဆုံးရှုံးမှုကို လက်ခံရန်နှင့် လိုအပ်နေသူများအား ဧည့်ဝတ် ကျေ ပွန်စွာ စောင့်ရှောက်ရန် တောင်းဆိုသည်ဟု မိန့်ကြားခဲ့ပါသည်။
ထိုနေ့၏ ခရစ်ဝင်ကျမ်း (ရှင်မာတေဦး ၁၀:၃၇-၄၂) ကို ထောက်ရှုရင်း ပုပ် ရဟန်းမင်းကြီးသည် ယေဇူး ခရစ်တော်၏ တပည့်အဖြစ် ခံယူခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုယ်တော်နှင့် ချစ်ခြင်းမေတ္တာ နှောင်ကြိုး ခိုင်မြဲစေရန် မိမိတို့ကိုယ်ကို လုံးလုံးလျားလျား ဆက်ကပ်အပ်နှံခြင်းဖြစ်ကြောင်း ရှင်းလင်း မြွက်ကြားခဲ့သည်။
ချစ်ခြင်းမေတ္တာ၌ တွယ်တာမှုဖြတ် တောက်ခြင်း၊ ဆုံးရှုံးအနစ်နာခံမှုနှင့် ဧည့်ဝတ်ကျေပွန်ခြင်းတို့ လိုအပ် ကြောင်း
ပုပ်ရဟန်းမင်းကြီးက ယေဇူးခရစ်တော်သည် ကိုယ်တော့်နောက်သို့ လိုက်ရန်အတွက် မိဘများကို စွန့်ခွာ ရမည့် အရွယ်ရောက်ပြီးသူ သားသမီးတစ်ဦး၏ ဥပမာကို အခြေခံပြီး တွယ်တာမှုဖြတ်တောက် ခြင်း သည် ခရစ်တော်က ကျွန်ုပ်တို့အား ပေးသနားသော မေတ္တာအားဖြင့်သာ ကျွန်ုပ်တို့၏ ဆက်ဆံရေးများ တွင် ပြည့်စုံမှုကို ရှာဖွေတွေ့ရှိနိုင်သည်ဟူသော အဓိပ္ပာယ်ကို ဖော် ဆောင်နေကြောင်း
“အိမ်ထောင်ရေးဘဝကို စဉ်းစားကြည့်ပါ” “အိမ်ထောင်ရေးဘဝကို အပြည့်အဝ လျှောက်လှမ်းနိုင် ဖို့ ဆိုတာ မိဘတွေရဲ့ အိမ်ကနေ ‘ထွက်ခွာ’ ပြီး အိမ်ထောင်ဘက်နဲ့ ဘဝကို လက်တွဲတည်ဆောက်ဖို့ ကတိ ကဝတ်ပြုခြင်းအားဖြင့်ပဲ ဖြစ်နိုင်ပါတယ်။”
တစ်ချိန်တည်းမှာပင် မိဘများသည် သားသမီးများကို “မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရန်” နှင့် ဘဝတွင် ပြည့်စုံမှုနှင့် ပျော်ရွှင်မှုကို ရှာဖွေတတ်စေရန် သွန်သင်ဆုံးမပြီး ပြုစုပျိုးထောင်ရမည် ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး လီယိုက ဆက်လက်၍ ပိုင်ဆိုင်လိုစိတ် ပြင်းပြနေပုံရသော ယနေ့ကမ္ဘာကြီးတွင် နား လည်ရခက်ခဲသော်လည်း ချစ်ခြင်းမေတ္တာ၏ အရေးကြီးသော ကဏ္ဍတစ်ခုမှာ ‘ဆုံးရှုံးမှု’ ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။
“ချစ်ခြင်းမေတ္တာဟာ မိမိကိုယ်ကို ပေးဆပ်စွန့်လွှတ်ခြင်းမှာပဲ အကျိုးစီးပွား ဖြစ်ထွန်းစေပါတယ်”
“အခြားသူတစ်ဦးအတွက် နေရာဖန်တီးပေးဖို့ မိမိရဲ့ အတ္တအချို့ကို စွန့်လွှတ်ဖို့ လိုလားတဲ့အခါ၊ သူငယ် ချင်းတစ်ယောက်ရဲ့ စကားကို နားထောင်ပေးဖို့ အချိန်အနည်းငယ် အဆုံးရှုံးခံတဲ့အခါ၊ ပြီးတော့ ဒုက္ခ ရောက်နေသူတစ်ဦးနဲ့အတူ ဝေမျှခံစားဖို့ မိမိရဲ့ သက်တောင့်သက်သာရှိမှုအချို့ကို အနစ်နာခံတဲ့အခါမျိုး မှာပဲ အချစ်က အရာထင်တာပါ။”
ယေဇူးခရစ်တော်ကလည်း ကျွန်ုပ်တို့၏ အသက်ဝိညာဉ်ကို အမှန်တကယ် ရှာဖွေတွေ့ရှိနိုင်ရန်အတွက် မိမိ၏ အသက်ကို စွန့်လွှတ်ရမည် (ထာဝရ အသက်ရရန် လောက အသက်တာကို အနစ်နာခံရမည်) ဟု မိန့်ကြားထားပြီး၊ ၎င်းက ချစ်ခြင်းမေတ္တာ၏ ဝမ်းမြောက်ခြင်းဆီသို့ ကျွန်ုပ်တို့အား တံခါးဖွင့်ပေးသည်။
ခရစ်ယာန်များသည် လက်ဝါးကပ်တိုင်ကို ပွေ့ဖက်ရန်နှင့် ယေဇူးခရစ်တော် ပြုမူခဲ့သကဲ့သို့ အသက်ရှင် ခြင်းကို အလျှံပယ်ရရှိရန်အတွက် မိမိတို့ကိုယ်ကို ပေးဆပ်ရန် အော်ဟစ်ခေါ်ယူခြင်း ခံထားရသူများ ဖြစ် သည်ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသည်။
“အကယ်၍ ကျွန်ုပ်တို့ဟာ မိမိကိုယ်ကို ပေးဆပ်ခြင်းဆိုတဲ့ အတွေးအခေါ်အတိုင်း ရှင်သန်မယ်ဆိုရင်၊ ကျွန်ုပ်တို့လည်း လူမှုဆက်ဆံရေးတွေမှာ အသက်တာသစ်ကို ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်”
ထို့နောက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဧည့်ဝတ်ကျေပွန်ခြင်းဆိုင်ရာ အလှူဒါနအပေါ် အလေးပေး ပြောကြားခဲ့ပြီး ၎င်းသည် ချစ်ခြင်းမေတ္တာကို ဖော်ပြရန်အတွက် မရှိမဖြစ် လိုအပ်ကြောင်း မိန့်ကြား ခဲ့ သည်။
“ချစ်ခြင်းမေတ္တာကို လက်တွေ့ကြသောရွေးချယ်မှုတွေ၊ လုပ်ဆောင်ချက်တွေကတစ်ဆင့် ဖော်ပြရတာ ဖြစ်ပြီး ရေငတ်နေသူတစ်ဦးကို ရေတစ်ခွက် တိုက်ကျွေးတာမျိုးလို သေးငယ်တဲ့ နေ့စဉ် အပြုအမူ လေး တွေနဲ့ ဖွဲ့စည်းထားတဲ့ ကတိကဝတ်တစ်ခု ဖြစ်ပါတယ်”
ယေဇူးခရစ်တော်သည် ကိုယ်တော့်တပည့်တော်များကို မည်သည့် ရိက္ခာမျှ မပါဘဲ တရားဒေသနာ ဟောရန် စေလွှတ်ခဲ့သကဲ့သို့၊ ကျွန်ုပ်တို့သည်လည်း အခြားသူများ၏ ဧည့်ဝတ်ပြုမှုကို လက်ခံရန်နှင့် မိမိတို့ကိုယ်တိုင်လည်း သူတစ်ပါးကို ဧည့်ဝတ်ပြုရန် သင်ယူရမည်ဖြစ်သည်။
“ယေဇူး၏ နာမတော်အားဖြင့် လာသူတွေကို ကြိုဆိုခြင်းအားဖြင့်၊ ကျွန်ုပ်တို့ဟာ ကိုယ်တော့်ကိုရော၊ ကိုယ်တော့်ကို စေလွှတ်တော်မူတဲ့ ကောင်းကင်ဘုံရှင် ခမည်းတော်ဘုရားကိုပါ ကြိုဆိုရာ ရောက်ပါတယ်” ဟု နိဂုံးချုပ် မိန့်ကြားခဲ့သည်။
“အမှန်စင်စစ်၊ အရှင်သခင်ကို ချစ်မြတ်နိုးခြင်းဆိုတာ ကျွန်ုပ်တို့ရဲ့ ညီအစ်ကို မောင်နှမတွေကို ကြိုဆို ဧည့်ခံခြင်း အမြဲတမ်း ပါဝင်နေပါတယ်။”
Fr. Peter Kyi Maung
Photo Credit: Vatican News
https://www.vaticannews.va/en/pope/news/2026-06/pope-leo-xiv-angelus-prayer-love-hospitality.html

