
“မုန်းတီးရေးစကားပြောဆိုမှုများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မဟုတ်ပါ”။

နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ ဗာတီကန် (Holy See) ၏ ပုပ် ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ အမြဲတမ်းလေ့လာစောင့်ကြည့်သူ သံအမတ်သစ် အဖြစ် ခန့်အပ်ခံရသူ ဂိုဏ်းချုပ်ဆရာတော်ကြီး Christophe Z. El Kassis က ၎င်း၏ ပထမဆုံး မိန့်ခွန်းတွင် မုန်းတီးရေးစကားများကို ဖယ်ရှားပစ်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပြီး၊ ယင်းစကားများသည် “အများပြည်သူဆိုင်ရာ အယူအဆဖလှယ်မှုများကို အဆိပ်အတောက်ဖြစ်စေကာ၊ သဘောထားကွဲလွဲမှုများကို မီးထိုးပေးပြီး အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများအတွက် လမ်းခင်းပေးလေ့ရှိသည်” ဟု သတိပေးခဲ့သည်။
စက်တင်ဘာ ၁၇ ရက်က ကျင်းပသည့် မုန်းတီးရေးစကားများကို တုံ့ပြန်ရာ၌ ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံ တွေ့ဆုံဆွေးနွေးရေးနှင့် သည်းခံခွင့်လွှတ်ခြင်းကို မြှင့်တင်ရေး ကမ္ဘာ့ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ဂိုဏ်းချုပ်ဆရာတော်ကြီး El Kassis က လူတိုင်းတွင် မစွန့်လွှတ်နိုင်သော လူ့ဂုဏ်သိက္ခာရှိကြောင်း ပြန်လည်အတည်ပြုခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အခြေခံအခွင့်အရေးတစ်ခုဖြစ်သော်လည်း ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှု ပါဝင်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ မုန်းတီးမှု သို့မဟုတ် အကြမ်းဖက်မှုကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်သည့် စကားများသည် စစ်မှန်သော လွတ်လပ်ခွင့်၏ အခြေခံအုတ်မြစ်များကို ပျက်စီးစေသည့်အတွက် လွတ်လပ်ခွင့်၏ အကာအကွယ်ကို မတောင်းဆိုနိုင်ပေ။
ပုပ်ရဟန်းမင်းကြီး Leo XIV ၏ Magnifica Humanitas ဒေသနာတော်ကို ကိုးကား၍ ဂိုဏ်းချုပ်ဆရာတော်ကြီးက အကြမ်းမဖက်သော စကားများ၊ တက်ကြွသော သည်းခံခွင့်လွှတ်မှုနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးခြင်းတို့ဖြင့် တည်ဆောက်ထားသော ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ဖန်တီးကြရန် တောင်းဆိုခဲ့သည် –
“ကျွန်ုပ်တို့၏ စကားများကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစေမည်ဆိုလျှင် ကမ္ဘာကြီးကိုပါ ငြိမ်းချမ်းအောင် ကူညီနိုင်လိမ့်မည်။”
ဂိုဏ်းချုပ်ဆရာတော်ကြီး El Kassis သည် စက်တင်ဘာ ၁၆ ရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ထံ ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်သံအဖွဲ့ကို ကိုယ်စားပြုသည့် ၎င်း၏ တာဝန်ကို စတင်ခဲ့သည်။
Youtube-@rvamyanmar8152
Website: rvamyanmar.org
#HolySee#UnitedNations#PeaceBuilding#HumanDignity#VaticanNews#StopHateSpeech#InterfaithDialogue
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/…/new-holy-see-permanent…
See less
Shared post


