စစ်ပွဲကြောင့် ကျန်ရစ်သူမိခင်များ၏ မျက်ရည်များသည် လက်နက်များကို တိတ်ဆိတ်သွားပါစေ” ကြောင်း ရဟန်းမင်းကြီး ဆုတောင်းပေး။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ကွယ်လွန်သူအပေါင်းတို့အတွက် အောက်မေ့ဆုတောင်း ပေးသည့် နေ့ (All Souls’ Day) မစ္ဆားပူဇော်စဉ် စစ်ပွဲများကြောင့် ချစ်ခင်ရသူများကို ဆုံးရှုံးလိုက်ရသော မိခင်များ၏ မျက်ရည်များသည် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်သည့် အာဏာရှိသူတို့၏ အသိစိတ်ဓာတ်ကို တို့ ထိနိုးကြားစေပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် တနင်္လာနေ့တွင် ရောမမြို့ရှိ ကမ်ပို ဗီရာနို (Campo Verano) သုဿာန်၌ မစ္ဆား တရားတော်ကို ပူဇော်ခဲ့ပြီး၊ ကွယ်လွန်သွားခဲ့ကြသည့် ဘာသာတူအပေါင်းကို အောက်မေ့သတိရကာ ထာဝရအသက်ရှင်ခြင်းဆိုင်ရာ ခရစ်ယာန်တို့၏ မျှော်လင့်ခြင်းတရားအကြောင်း ဩဝါဒမြွက် ကြားခဲ့ သည်။

ဩဝါဒတော်တွင် ပုပ်ရဟန်းမင်းကြီး လီယိုက ကွယ်လွန်သူအပေါင်းတို့အတွက် ဆုတောင်းသည့်နေ့နှင့် နိုဝင်ဘာ ၁ ရက်နေ့တွင် ကျရောက်သော ရဟန္တာအပေါင်းတို့၏ ပွဲတော်တို့၏ ဆက်စပ်မှုကို ထောက် ပြခဲ့ပြီး၊ ထိုနေ့သည် “ငါတို့၏ ဆုတောင်းမေတ္တာအတွက် ဦးတည်ရာလမ်းကြောင်းကို ပေးအပ်ခြင်း” ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

“ငါတို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါတို့၏ ခမည်းတော်ထံသို့ မျက်နှာမူလျက်” ဘုရားသ ခင်၏ သားသမီးအမြောက်အမြား ခံစားစံစားနေကြရပြီးဖြစ်သော သန့်ရှင်းခြင်းနှင့် သုခချမ်းသာတို့သည် ငြိမ်းချမ်းစွာ ကွယ်လွန်သွားကြသူအပေါင်း၏ ဝိညာဉ်များကိုလည်း လွှမ်းခြုံနိုင်ပါစေကြောင်း ဆုတောင်း ကြရန် တိုက်တွန်းခဲ့သည်။

ကျမ်းစာလာ ကယ်တင်ခြင်းဆိုင်ရာ ကတိတော်ကို ထောက်ရှု့ရင်း၊ ဖြောင့်မတ်သောသူတို့၏ ဝိညာဉ် များကို “မည်သည့် ညှဉ်းဆဲနှိပ်စက်မှုမျှ ထိပါးနိုင်မည်မဟုတ်” ဟု ပုပ်ရဟန်းမင်းကြီးက သတိပေး ခဲ့သည်။ ဘုရားသခင်၏ “ဖခင်တယောက်ကဲ့သို့ ခိုင်ခံ့မြဲမြံသော လက်တော်တို့သည် ထိုသူတို့အား ထာဝရ ကာလတိုင်အောင် ထိန်းသိမ်းထားတော်မူ၏” ဟု မိန့်ကြားရင်း ဘုရားသခင်ကတိပြုထားသည့် ထာဝရ အသက်ရှင်ခြင်းဆိုင်ရာ မျှော်လင့်ချက်ကို ဘာသာတူတို့အား အာမခံချက်ပေးခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယိုက ဧဝံဂေလိကျမ်းစာလာ မင်္ဂလာတရားတော်များ (Beatitudes) သည် တပည့် တော်တို့အား ပေးအပ်ထားသည့် “သခင်ခရစ်တော်၏ ကိုယ်တိုင်ရုပ်ပုံလွှာ” ဖြစ်သည်ဟု တင်စားခဲ့ပြီး၊ ထိုတရားတော်များသည် ဤလောက၌သာမက ထာဝရကာလအတွက်ပါ ပြည့်စုံစုံလင်သော အသက် တာသို့ သွားရာ လမ်းကြောင်းကို ဖော်ပြနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အထူးသဖြင့် ပုပ်ရဟန်းမင်းကြီးသည် “စိတ်မသာ ညှိုးငယ်သောသူတို့သည် မင်္ဂလာရှိကြ၏၊ အကြောင်း မူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတ္တံ့” ဟူသော မင်္ဂလာတရားကို အလေးပေး ဖော် ပြခဲ့ပြီး၊ မကြာမီကမှ ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရသူများအတွက် ဆုတောင်းပေးခဲ့သည်။

အထူးသဖြင့် အဓိပ္ပာယ်မဲ့သော စစ်ပွဲများ၏ အကြမ်းဖက်မှုကြောင့် မိသားစုဝင်များကို ဆုံးရှုံးလိုက် ရသည့် မိသားစုများအတွက် အထူးစိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။

“ထိုသူတို့၏ မျက်ရည်များသည် လက်နက်များကို တိတ်ဆိတ်သွားအောင် ပြုလုပ်နိုင်သည့် အာဏာရှိ သူတို့၏ အသိစိတ်ဓာတ်ကို တို့ထိနိုးကြားနိုင်ပါစေ” ဟု ဆုတောင်းမေတ္တာ ပို့သခဲ့သည်။

ဩဝါဒတော်၏ နိဂုံးပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယိုသည် စိန့်ဖရန်စစ် အာစီစီ၏ ‘ဖန်ဆင်းခံ သတ္တဝါ တို့၏ သီချင်းတော်’ (Canticle of the Creatures) ထဲမှ ရုပ်ခန္ဓာ၏ သေခြင်းတရားနှင့် ဘုရားသခင်၏ သန့်ရှင်းသော အလိုတော်အတိုင်း အသက်ရှင်သောသူတို့၏ မျှော်လင့်ခြင်းအကြောင်း မိန့်ဆိုချက်များကို ပြန်လည်အောက်မေ့စေခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ခရစ်တော်၌ ကွယ်လွန်သွားကြသူများနှင့် အသက်ရှင်ကျန်ရစ်သူတို့အကြားရှိ သံယောဇဉ်ချည်နှောင်မှုသည် သေခြင်းတရားကြောင့် ပျက်စီးမသွားကြောင်း ဘာသာတူတို့အား သတိ ပေးခဲ့သည်။

“ခရစ်တော်၌ ယုံကြည်ခြင်းက ငါတို့နှင့် ကွယ်လွန်သွားကြသော ဘာသာတူများအကြားရှိ သံယောဇဉ် သည် ပြတ်တောက်သွားခြင်းမဟုတ်ဘဲ၊ အသွင်ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ငါတို့ကို ဖော်ပြနေသည်” ဟု မိန့်ကြားခဲ့သည်။

#PopeLeoXIV#AllSoulsDay#CatholicChurch#Peace#RVAMyanmar

Fr. Peter Kyi Maung

https://www.vaticannews.va/…/on-all-souls-pope-leo-says…

See less

rvamyanmar
rvamyanmar
Articles: 4350

Leave a Reply

Your email address will not be published. Required fields are marked *