

သက်သောင့်သက်သာရှိခြင်းနှင့် လွတ်လပ်ခြင်း
လူတစ်ယောက်အတွက် အကောင်းဆုံးသော စိတ်အခြေအနေက ဘာလဲလို့ မေးရင် “I am at ease (နေရထိုင်ရတာ သက်တောင့်သက်သာရှိပြီး လွတ်လပ်နေခြင်း)” လို့ပဲ ဖြေချင်ပါတယ်။ အရာအားလုံး ပြည့်စုံနေလို့ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ရှိနေတဲ့ အခြေအနေလေးနဲ့တင် အေးချမ်းကျေနပ်နေတဲ့ ခံစားချက်မျိုးပါ။
ကျွန်တော်တို့ လူ့သဘာဝက ကိုယ့်ထက် နိမ့်ကျသူတွေနဲ့ တွေ့ရင် ကရုဏာသက်ဖို့ လွယ်သလောက်၊ ကိုယ့်ထက် သာလွန်တဲ့သူတွေ၊ ပိုပြီး အောင်မြင်နေတဲ့သူတွေနဲ့ တွေ့တဲ့အခါကျရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သိမ်ငယ်သွားတတ်ကြတယ်။ “ငါကရော ဘာတွေများ လိုအပ်နေလို့ သူတို့လောက် မဖြစ်ရတာလဲ” ဆိုတဲ့ နှိုင်းယှဉ်မှု (Comparison) တွေ ဝင်လာတတ်တယ်။ အဲ့ဒီအခါမှာ စောစောက ပြောတဲ့ “At ease” ဖြစ်နေတဲ့ ပေါ့ပါးမှုလေးက ချက်ချင်း ပျောက်သွားပြီး စိတ်တွေ လေးလံလာတော့တာပဲ။
တကယ်တော့ ကိုယ့်ထက်သာတဲ့သူကို မြင်တဲ့အခါ အလိုအလျောက် ဝင်လာတတ်တဲ့ အားငယ်စိတ်၊ သို့မဟုတ် မနာလိုစိတ်တွေဆိုတာ ကိုယ့်ရဲ့ အတ္တ (Ego) က ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးနေတာပါ။ အဲ့ဒီအတ္တကို ဖယ်ချလိုက်ပြီး၊ “သူလည်း သူ့အခြေအနေ၊ သူ့ကြိုးစားမှုနဲ့သူ ထိုက်တန်လို့ ဒီနေရာကို ရောက်နေတာပဲ” ဆိုတဲ့ မုဒိတာစိတ်လေးနဲ့ အစားထိုးကြည့်လိုက်ပါ။
မုဒိတာပွားတယ် ဆိုတာ ဘာသာရေးသက်သက် မဟုတ်ပါဘူး။ စိတ်ပညာအရ ပြောရရင် ကိုယ့်စိတ်ကို အကျဉ်းချထားတဲ့ သံကြိုးတွေကို ဖြုတ်ချလိုက်တာပါပဲ။ သူများ အောင်မြင်တာကို ကြည့်ပြီး တကယ် ရင်ထဲကနေ ပျော်ပေးနိုင်တဲ့အခါ၊ ကိုယ့်ကိုကိုယ် သူများနဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်နေရတယ် ဆိုတဲ့ ဖိအားတွေ အကုန်လုံး လုံးဝ ပျောက်ကျသွားပါတယ်။
ဒီအချိန်မှာ ရလာတဲ့ ခံစားချက်က သိပ်ကို အရသာရှိပါတယ်။ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်စရာ မလိုတော့ဘူး။ မျက်နှာဖုံးတွေ တပ်ထားစရာ မလိုတော့ဘူး။ ငါ့ထက် သာသွားမလား ဆိုပြီး ကြိတ်ပြီး စိုးရိမ်စရာ မလိုတော့ဘူး။ စိတ်ထဲမှာ ဘာအနည်အနှစ်မှ မကျန်တော့ဘဲ တကယ့်ကို ရှင်းလင်းပြီး လွတ်လပ်သွားတယ်။
ဘဝမှာ ပိုက်ဆံတွေ အများကြီး ရှာနိုင်တာ၊ ရာထူးတွေ အမြင့်ကြီး ရတာတွေက အောင်မြင်မှုတွေ ဖြစ်နိုင်ပေမယ့်ကိုယ့်ထက်သာတဲ့သူကို မြင်တဲ့အခါ ပြုံးပြီး ဂုဏ်ပြုပေးနိုင်တဲ့၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကိုယ့်ကိုယ်ကိုယ် “I am at ease” ဆိုပြီး သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးလေး နေနိုင်တဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်ထားခြင်းကသာတကယ့် အစစ်မှန်ဆုံးနဲ့ အအေးချမ်းဆုံး အောင်မြင်မှုလို့ ယုံကြည်မိပါတယ်။
ဘဝမှာ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ ကျွန်တော်တို့ရဲ့ ဦးနှောက်က အလိုအလျောက် “ငါတော့ ရှုံးပြီ၊ ငါတော့ အပယ်ခံလိုက်ရပြီ” ဆိုပြီး အဆိုးဘက်ကို အရင်ဆုံး တွေးတတ်ကြတယ်။ ဒါဟာ လူ့သဘာဝပါ။ ဒါပေမယ့် အဲ့ဒီ အဖြစ်အပျက် တစ်ခုတည်းကိုပဲ ရှုထောင့် (Perspective) လေး နည်းနည်း ပြောင်းကြည့်လိုက်တဲ့အခါ ခံစားချက်က လုံးဝကို ကွာခြားသွားတတ်ပါတယ်။
ဥပမာ အလုပ်တစ်ခုကနေပဲဖြစ်ဖြစ်၊ ဆက်ဆံရေးတစ်ခုကနေပဲဖြစ်ဖြစ် ငါတော့ ပယ်ချခံလိုက်ရပြီလို့ တွေးပြီး ဝမ်းနည်းနေမယ့်အစား “ဒီလမ်းက ငါနဲ့မကိုက်ညီလို့၊ ပိုပြီး သင့်တော်မယ့် လမ်းကြောင်းတစ်ခုဆီကို ငါ့ကို လမ်းလွှဲပေးလိုက်တာလို့ တွေးကြည့်လို့ ရပါတယ်။ တချို့သော ငြင်းဆန်ခံရမှုတွေက တကယ့်ကို မှန်ကန်တဲ့ နေရာဆီ ရောက်ဖို့ လမ်းစဖြစ်နေတတ်လို့ပါ။
“ငါ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေပြီ” လို့ ခံစားရတဲ့ အချိန်ကာလတွေ ရှိမှာပါ။ တကယ်တော့ အဲ့ဒီအချိန်ဟာ အရင်က လုပ်ရိုးလုပ်စဉ်တွေကနေ ခွဲထွက်ပြီး၊ “ငါ တကယ် ဘာလိုချင်တာလဲ” ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်မိတ်ဆက်နေတဲ့အချိန်၊ ဘဝရဲ့ လမ်းသစ်တွေကို ရှာဖွေစူးစမ်းနေတဲ့အချိန်လို့ မြင်ကြည့်ရင် ပိုပြီး ခွန်အားဖြစ်စေပါတယ်။ လမ်းမပျောက်ဖူးတဲ့သူက လမ်းသစ်ကို ဘယ်တော့မှ မတွေ့နိုင်ပါဘူး။
တစ်ခါတလေ ဘယ်လိုမှ ရှေ့ဆက်လို့မရတော့တဲ့အခါ “ငါတော့ လက်လျှော့လိုက်ပြီ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရှုံးသမားတစ်ယောက်လို အပြစ်တင်တတ်ကြသေးတယ်။ တကယ်တော့ ကိုယ့်ကို နာကျင်စေတဲ့အရာ၊ ကိုယ်နဲ့ မကိုက်ညီတော့တဲ့ အရာတစ်ခုကို အတင်းဆုပ်ကိုင်မထားဘဲ “လွှတ်ချလိုက်ခြင်း” ဟာ အရှုံးပေးတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့၊ ကိုယ့်စိတ်ကို အေးချမ်းခွင့်ပေးလိုက်တဲ့ ရင့်ကျက်မှု တစ်ခုပါပဲ။
Perspective changes everything ဘဝမှာ ဖြစ်ပျက်လာတဲ့ အဖြစ်အပျက် (Fact) တွေကို ကျွန်တော်တို့ သွားပြီး ပြောင်းလဲလို့ မရပါဘူး။ ဒါပေမယ့် အဲ့ဒီ အဖြစ်အပျက်ကို ဘယ်လို နာမည်တပ်မလဲ၊ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုမလဲ ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှု သက်သက်ပါပဲ။
ကိုယ့်ကိုယ်ကိုယ် နာကျင်စေမယ့် ဇာတ်ကြောင်းတွေ ရေးဖွဲ့နေမယ့်အစား၊ ကိုယ့်ကို ရှေ့ဆက်ဖို့ ခွန်အားဖြစ်စေမယ့် ရှုထောင့်လေးတွေ ပြောင်းပြီး တွေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ကျွန်တော်တို့ လူသားတွေဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်နိုင်လောက်အောင် ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကို တပြိုင်နက်တည်း ခံစားနေရတတ်ပါတယ်။
ဥပမာ ကျွန်တော် ဖတ်မိတဲ့စာလေးလိုပဲ လူထူထပ်တာကို မုန်းတယ်၊ ဒါပေမယ့် ခရီးသွားရတာကိုတော့ အရမ်းချစ်တယ်။ ဆူညံသံတွေကို ကြောက်တယ်၊ ဒါပေမယ့် ကိုယ်နှစ်သက်တဲ့ သီချင်းကိုတော့ နားကြပ်တပ်ပြီး အကျယ်ကြီး ဖွင့်နားထောင်ချင်ပြန်ရော။ ဒါဟာ ဘာကိုပြနေလဲဆိုတော့ကျွန်တော်တို့ဟာ ပြင်ပကမ္ဘာရဲ့ ပရမ်းပတာဖြစ်မှု (Chaos) ကို မလိုချင်ကြပေမယ့်၊ ကိုယ်တိုင် ရွေးချယ်ခွင့်ရတဲ့ စိတ်လှုပ်ရှားမှု (Excitement) မျိုးကိုတော့ ဆာလောင်နေကြတယ် ဆိုတာပါပဲ။

