“ဗီယက်နမ်နိုင်ငံ လာဗန်းဘုရားဖူးပွဲတော်ကြီးသို့ ဘာသာဝင် နှစ်သိန်းကျော် စုဝေးရောက်ရှိ

ဗီယက်နမ်နိုင်ငံနှင့် ပြည်ပနိုင်ငံအသီးသီးမှ ဘာသာဝင် ၂,၀၀၀,၀၀၀ (နှစ်သိန်း) ကျော်သည် ဟှေး (Huế) ဂိုဏ်းချုပ်ဆရာတော်နယ်မြေရှိ  လာဗန်းမယ်တော်ဘုရားကျောင်းတော်ကြီးတွင် ကျင်းပသည့် ၃၂ ကြိမ် မြောက် လာဗန်းဘုရားဖူးညီလာခံကြီးသို့ စုဝေးရောက်ရှိခဲ့ကြသည်။

“မေရီ၊ ဝမ်းမြောက်ဖွယ်သတင်းကို သယ်ဆောင်လာသူ” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အဆိုပါ နှစ်စဉ်စုဝေးပွဲသည် မယ်တော်သခင်မ၏ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲတော်နှင့် တိုက်ဆိုင်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။ “ဗီယက်နမ်၏ လူးဒ် (Lourdes) မြို့တော်” ဟု ခေါ်ဆိုလေ့ရှိသော အဆိုပါ သန့် ရှင်းမွန်မြတ်သည့် ဘုရားကျောင်းတော်ကြီးသည် ကမ္ဘာတစ်ဝှမ်းရှိ ဗီယက်နမ် ကက်သလစ်ဘာ သာဝင် များအတွက် ယုံကြည်ခြင်း၊ နှစ်သိမ့်မှုနှင့် စည်းလုံးညီညွတ်မှု၏ ဗဟိုချက်မတစ်ခု ဖြစ်ပါသည်။

နှိပ်စက်ညှဉ်းပန်းမှုများကြားမှ ပေါ်ပေါက်လာသည့် ခိုလှုံရာ

လာဗန်းမယ်တော်အပေါ် လှိုက်လှဲသော သဒ္ဓါတရား၊ သက်ဝင်ယုံကြည်မှုသည် ဧကရာဇ် ကန်သင်း (Cảnh Thịnh) လက်ထက် ၁၇၉၈ ခုနှစ်၊ ခရစ်ယာန်ဘာသာဝင်များအား ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းခဲ့သည့် ကာလမှ စတင်ခဲ့ခြင်းဖြစ်သည်။ တောအုပ်ထူထပ်သော လာဗန်းတောတွင်းသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ ကြသည့် ငတ်မွတ်၊ ဖျားနာနေကြသော ခရစ်ယာန်ဘာသာဝင်များသည် ညစဉ် ညောင်ပင်ကြီးတစ်ပင် အောက်တွင် စုဝေးကာ စိတ်ပုတီး စိတ်ဆုတောင်းခဲ့ကြသည်။

အစဉ်အလာ ယုံကြည်ချက်အရ မယ်တော်သခင်မသည် လင်းလက်သော အလင်းရောင်နှင့် အတူ ဗီယက်နမ်ရိုးရာဝတ်စုံကို ဝတ်ဆင်၍ သူငယ်တော်ယေဇူးကို ပွေ့ဖက်လျက် ထိုသူတို့အား ထင်ရှားပြသခဲ့ ပြီး နွေးထွေးမှုနှင့် နှစ်သိမ့်စကားကို မိန့်ကြားခဲ့သည် –

“ငါ၏သားသမီးတို့၊ ကြံ့ကြံ့ခံ၍ ယုံကြည်ခြင်းတရားစွဲကိုင်ထားကြပါ။ သင်တို့၏ ဆုတောင်းသံများကို ငါကြားသိပြီးဖြစ်သည်။”

ယနေ့တွင် ဗီယက်နမ်ရိုးရာဝတ်စုံဖြင့် ပေါ်ထွန်းခဲ့သော မယ်တော်၏ ပုံရိပ်သည် ဗီယက်နမ်ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာကို မြတ်နိုးစွာ ထိန်းသိမ်းရင်း ကက်သလစ်ဘာသာဝင်စစ်စစ်လည်း ဖြစ်နိုင် ကြောင်း သက်သေထူလျက်ရှိသည်။

ယုံကြည်ခြင်းတရား၊ ဆုတောင်းခြင်းနှင့် အစဉ်အမြဲ သတိရနေမည့် အမှတ်တရ

သုံးရက်တာ ပွဲတော်ကာလအတွင်း ဘာသာဝင်များသည် မစ္ဆားတရားတော်တွင် ပါဝင်ခြင်း၊ အပြစ်ဖြေ ခြင်းစက္ကရမင်တူးခံယူခြင်း၊ ကားတိုင်လမ်းဆုတောင်းခြင်းနှင့် ၁၇၉၈ ခုနှစ် တောတွင်းသို့ ထွက်ပြေးခဲ့ရ သည့် သမိုင်းကြောင်းများကို ပြဇာတ်ဖြင့် ပြန်လည်သရုပ်ဖော်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ လူအများ အပြားသည်လည်း ဘိုးဘေးများ၏ အမှတ်တရကို ဂုဏ်ပြုသောအားဖြင့် သစ်ပင်ရိပ်များအောက်တွင် တဲထိုးစခန်းချ အိပ်စက်ခဲ့ကြသည်။

ဒေသခံ ဘုန်းတော်ကြီးများ ပြောကြားချက်အရ အဆိုပါညီလာခံသည် ဒုက္ခသည်များအတွက် ခိုလှုံရာဖြစ် ရုံမျှမက ဘာသာရေးသာသနာပြုရန်လည်း တိုက်တွန်းခဲ့ပြီး၊ ဘာသာဝင်များအနေဖြင့် မယ်တော်၏ စံနမူနာကိုယူကာ ဘုရားသခင်၏ မေတ္တာနှင့် ငြိမ်းချမ်းရေးကို နေ့စဉ်ဘဝအတွင်းသို့ ဆောင်ယူသွားကြရန် အားပေးခဲ့သည်။

 ဂိုဏ်းချုပ်ဆရာတော်နယ်မြေ၊ ဗီယက်နမ်နိုင်ငံ

#LaVang #OurLadyOfLaVang #CatholicVietnam #Pilgrimage #FaithInAction #AssumptionOfMary #CatholicNews

Fr. Peter Kyi Maung

credit to Vatican News

https://www.vaticannews.va/en/church/news/2026-08/vietnam-celebrations-at-the-marian-shrine-of-la-vang.html

rvamyanmar
rvamyanmar
Articles: 4164

Leave a Reply

Your email address will not be published. Required fields are marked *