

ယုံကြည်မှု
မနက်ခင်း ကော်ဖီဆိုင်သွားတဲ့အခါ ကိုယ်သောက်မယ့် ကော်ဖီကို ဖျော်ပေးတဲ့ Barista ကို ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပြီး သောက်လိုက်တာပဲ။ Taxi ငှားစီးတဲ့အခါ ကိုယ့်ကို လိုရာခရီးကို ဘေးကင်းကင်း ပို့ပေးမယ်ဆိုပြီး ကားဆရာကို ယုံကြည်လိုက်တာပဲ။ စားသောက်ဆိုင်မှာ စားပွဲထိုး လာချပေးတဲ့ အစားအသောက်ကိုလည်း ဘာမှ မသင်္ကာစိတ်မရှိဘဲ ယုံကြည်ပြီး စားသောက်လိုက်ကြတာပါပဲ။
ဆေးရုံသွားတဲ့အခါ ဆရာဝန်ရဲ့ ဘွဲ့လက်မှတ်တွေကို လိုက်စစ်ဆေးမနေဘဲ ကိုယ့်အသက်ကို ပုံအပ်လိုက်ကြတယ်။ လေယာဉ်စီးတဲ့အခါမှာလည်း လေယာဉ်မှူးကို ယုံကြည်ပြီး အမြင့်ကြီးပေါ်ကို လိုက်သွားကြတယ်။ သေချာ ပြန်တွေးကြည့်ရင် ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ဘယ်သူမှန်း သေချာမသိတဲ့ ‘သူစိမ်း’ တွေကို ကိုယ့်ရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ်နဲ့ နေ့စဉ်ဘဝကို အကြွင်းမဲ့ ယုံကြည်ပြီး ပုံအပ်ထားတတ်ကြတယ်။
ဒါပေမယ့် တကယ့်ကို အရေးအကြီးဆုံးဖြစ်တဲ့ “ကိုယ့်ရဲ့ အနာဂတ်” နဲ့ ပတ်သက်လာရင်တော့ ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ အင်မတန် ဝန်လေးတတ်ကြပြန်ရော။ “ငါ တကယ် လုပ်နိုင်ပါ့မလား၊ ငါ ရွေးချယ်တဲ့လမ်းက မှန်ပါ့မလား၊ ငါ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ သံသယတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြန်ပြီး မေးခွန်းထုတ်နေတတ်တယ်။ သူစိမ်းတွေကို အလွယ်တကူ ယုံကြည်တတ်တဲ့ ကျွန်တော်တို့ဟာ၊ ကိုယ်တိုင်နဲ့ ပတ်သက်လာရင်တော့ အဆိုးဆုံး ဝေဖန်သူတွေ ဖြစ်သွားတတ်ကြတယ်။
ဒီလိုဖြစ်ရတာလည်း အကြောင်းရှိပါတယ်။ သူစိမ်းတွေရဲ့ အားနည်းချက်၊ သူတို့ရဲ့ အတိတ်က အမှားတွေကို ကျွန်တော်တို့ မမြင်ရပေမယ့်၊ ကိုယ့်ရဲ့ အတိတ်က အမှားတွေ၊ ကိုယ့်ရဲ့ အားနည်းချက်တွေကိုတော့ ကိုယ်တိုင်က အသိဆုံး ဖြစ်နေလို့ပါ။ “ငါ အရင်ကလည်း မှားဖူးတာပဲ” ဆိုတဲ့ အသိက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တားဆီးနေတတ်တယ်။ ဒါပေမယ့် အဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် အယုံအကြည် မရှိတော့တဲ့အခါ ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတွေက လေးလံသွားပြီး၊ ရောက်သင့်တဲ့ နေရာကို မရောက်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။
ဒါကြောင့် တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် သံသယတွေ ဝင်လာပြီဆိုရင် ဒီအချက်လေးကို ပြန်တွေးကြည့်ပါ။ နေ့စဉ် တွေ့နေရတဲ့ သူစိမ်းတွေကိုတောင် ဘာမှန်းမသိဘဲ ယုံကြည်ပေးနိုင်သေးတာပဲ ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ရုန်းကန်ကြိုးစားနေတဲ့ ကိုယ့်ကိုယ်
ကိုယ်ကိုရော ဘာလို့ မယုံကြည်ပေးနိုင်ရမှာလဲ။
ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေ၊ ကိုယ့်ရဲ့ အနာဂတ်လမ်းကြောင်းနဲ့ ပတ်သက်လာရင် သူစိမ်းတွေကို ယုံကြည်ပေးသလိုမျိုးကိုယ့်ကိုယ်ကိုယ်လည်း ရဲရဲဝံ့ဝံ့ ယုံကြည်ပေးပါ။


