ရှင်ပေတရုနှင့် ရှင်ပေါလ်လုတို့သည် သာသနာတော်၏ “မတူကွဲပြားမှုကြားမှ စည်းလုံးခြင်း” ကို ကိုယ်စား ပြုသည်။

ရှင်ပေတရုနှင့် ရှင်ပေါလ်လုတို့၏ မွန်မြတ်လှသောပွဲနေ့တွင် ရဟန်းမင်းကြီး လီယို (၁၄) က အိန်ဂျလပ်စ် မေတ္တာ (The Angelus) အတူတကွဆိုစဉ် မိန့်ကြားရာ၌ သန့်ရှင်းသော တမန်တော်ကြီးနှစ်ပါးသည် စရိုက် လက္ခဏာနှင့် ကြီးပြင်းလာပုံ နောက်ခံသမိုင်းကြောင်းများတွင် များစွာကွာခြားကြသော်လည်း၊ သန့်ရှင်း သော ဝိညာဉ်တော်ဘုရားသည် အသင်းတော်၏ ကောင်းကျိုးအတွက် ၎င်းတို့အား စည်းလုံးခြင်းသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

တနင်္လာနေ့က ကျရောက်သော သန့်ရှင်းသော တမန်တော်ကြီးများဖြစ်ကြသည့် ရှင်ပေတရုနှင့် ရှင် ပေါလ်လုတို့၏ မွန်မြတ်လှသောပွဲနေ့တွင် ရဟန်းမင်းကြီး လီယို (၁၄) သည် စိန့်ပီတာရင်ပြင်၌ စုဝေး နေကြသော ဘုရားဖူးခရီးသည်များနှင့်အတူ အိန်ဂျလပ်စ်မေတ္တာကို အတူတကွ ရွတ်ဆိုဆုတောင်း ခဲ့သည်။

ပြင်းထန်လှသော ရောမမြို့၏ အပူဒဏ်ကြားတွင် ရဟန်းမင်းကြီးက ယခုကဲ့သို့သော ပွဲနေ့သည် ရောမ ကက်သလစ်သာသနာတော်နှင့် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်သာသနာတော်ကို “ယုံကြည်ခြင်းနှင့် မေတ္တာကရုဏာဖြင့် ပေါင်းစည်းပေးထားသော” သံယောဇဉ်နှောင်ကြိုးကို ပြန်လည်အမှတ်ရစေ ကြောင်း မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီး လီယိုက ရောမမြို့တွင် ရှင်ပေတရုနှင့် ရှင်ပေါလုတို့၏ အသက်ပေး သက်သေခံခြင်း (Martyrdom) သည် ဓမ္မသစ်ကျမ်းအပေါ် ခိုင်မာသောတံဆိပ်ခတ်နှိပ်မှုတစ်ခုကဲ့သို့ ဖြစ်ပြီး၊ ယေဇူးခရစ် တော်၌ရှိသော ဘုရားသခင်၏ နက်ရှိုင်းလှသော မေတ္တာတော်ကို ထင်ရှားစေကြောင်း ပြောကြားခဲ့သည်။

“သူတို့ရဲ့ သွန်သင်ဟောပြောချက်တွေနဲ့ အသက်ပေးသက်သေခံမှုတွေကြောင့်ပဲ ခရစ်တော်ရဲ့ ဧဝံဂေလိ တရားတော်ဟာ ရောမမြို့မှာ အမြစ်တွယ်ခဲ့တယ်လို့ ပြောရမှာပါ။ ဘုရားသခင်ကို သိကျွမ်းခြင်းအသစ်၊ လူသားတိုင်းရဲ့ အတိုင်းအဆမရှိတဲ့ ဂုဏ်သိက္ခာအသစ်တို့ကတစ်ဆင့် အင်ပါယာရဲ့ မြို့တော်ကြီးမှာတင် တရားတော်ရဲ့ ပြုပြင်ပြောင်းလဲနိုင်စွမ်းကို ထင်ရှားစေခဲ့ပါတယ်။ အာဏာဆိုတာ ကြီးစိုးချုပ်ကိုင်ဖို့ မဟုတ်ဘဲ လူသားတွေရဲ့ အသက်ရှင်သန်မှုအတွက် အစေခံဖို့ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်အသစ်ကိုလည်း ဖော်ဆောင်ပေးခဲ့ပါတယ်” ဟု ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ခရစ်တော်၏ခေါ်ယူမှုကို ထူးထူးခြားခြား လိုက်နာရန် ရွေးချယ်ခဲ့ကြသူများအားဖြင့် ယေဇူးဘုရား၏ နောက်တော်သို့လိုက်ရန် ခေါ်တော်မူသံသည် ယနေ့တိုင် မြို့တော်ကြီးများမှသည် အဝေးလံဆုံးသော ဒေသများအထိ ပဲ့တင်ထပ်လျက်ရှိကြောင်း ရဟန်းမင်းကြီးက ဆိုသည်။

ရှင်ပေတရုနှင့် ရှင်ပေါလုတို့၏ပွဲနေ့ကို ကျင်းပခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယေဇူးဘုရား၏ သာသနာ ပြုလုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်ခွင့်ရရှိကြသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် မပြည့်စုံသော်လည်း ခွင့်လွှတ်ခြင်းခံရသော အပြစ်သားများအဖြစ် ရှင်သန်နေထိုင်စဉ်၊ ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့၏ ဘဝများတွင် လင်းလက်တောက်ပနေသောကြောင့် ဖြစ်သည်။

ထို့နောက် ရဟန်းမင်းကြီး လီယို (၁၄) က လူသားများအဖြစ် ရှင်ပေတရုနှင့် ရှင်ပေါလုတို့ကြားရှိ မတူကွဲ ပြားမှုများကို ဆက်လက်သုံးသပ် မိန့်ကြားခဲ့သည်။

“သူတို့ဟာ ခေါ်ယူတော်မူခြင်း မခံရခင်မှာတင်မကဘဲ ခေါ်ယူခြင်းခံရပြီးနောက်မှာလည်း နောက်ခံ သမိုင်း၊ ကြီးပြင်းလာပုံနဲ့ စရိုက်လက္ခဏာတွေ ကွာခြားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဆူတည်း သော အရှင်မြတ်က သူတို့ကို ပုံစံတူအဖြစ် ဖန်တီးခဲ့တာ မဟုတ်လို့ပါပဲ” ဟု ၎င်းက ဆိုသည်။

သူတို့၏ မတူကွဲပြားမှုများမှတစ်ဆင့် ရှင်ပေတရုနှင့် ရှင်ပေါလုတို့သည် မိမိတို့၏ သီးခြားထင်ရှားသော အသံများဖြင့် ဧဝံဂေလိတရားကို ဟောပြောခဲ့ကြပြီး၊ ၎င်းကို ဧဝံဂေလိကျမ်းစာက ကောင်းမြတ်သော သတင်းစကား၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုအဖြစ် ပေါ်လွင်စေသည်။

“တမန်တော်ကြီးများအဖွဲ့ (College of the Apostles) အတွင်းမှာ ရှင်ပေတရုနဲ့ ရှင်ပေါလုတို့ဟာ ရန်သူတွေ မဟုတ်ကြပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် တစ်ဆူတည်းသော ဝိညာဉ်တော်ဘုရားက တစ်ခုတည်းသော တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းစည်းပေးထားတဲ့ အခြားသော မတူကွဲ ပြားမှု များစွာရဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ကြပါတယ်” ဟု ရဟန်းမင်းကြီးက ဆိုသည်။

ရောမမြို့၏ အစောင့်အရှောက်သူတော်စင်ကြီး နှစ်ပါးသည် အတူတကွ ပေါင်းစည်းဆက်ဆံခြင်း၏ စိန် ခေါ်မှုများကို ကြုံတွေ့ခဲ့ရသော်လည်း၊ ၎င်းကို “ဘုရားသခင်၏ အသက်ရှင်ခြင်းဆိုင်ရာ စက္ကရမင်တူ” အဖြစ် ဆက်လက်အစေခံလျက် သက်သေခံဟောပြောခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြော ကြားခဲ့ သည်။

“သူတို့ရဲ့ သက်သေခံချက်ဟာ သမိုင်းတစ်လျှောက် ခရစ်ယာန်တွေရဲ့ တည်ရှိမှုကို ကြီးစိုးချုပ် ကိုင်မှုဆီ သို့ ဦးမတည်စေဘဲ၊ အစေခံခြင်း၊ စည်းလုံးခြင်းနဲ့ ပြန်လည်သင့်မြတ်ခြင်းတို့ဆီသို့ ဦးတည်သွားစေဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပံ့ပိုးမှုတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု ရဟန်းမင်းကြီးက ဆိုသည်။

နောက်ဆုံးတွင်၊ ရဟန်းမင်းကြီး လီယို (၁၄) က မတူကွဲပြားမှုများကြားမှ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးခြင်း ဖြစ်သည့် အသင်းတော်၏ “ကက်သလစ်အဖြစ် (တစ်လောကလုံးဆိုင်ရာ ဖြစ်တည်မှု)” ကို အသင်းတော် ကိုယ်တိုင် သိမြင်နားလည်နိုင်စေရန် ရှင်ပေတရုနှင့် ရှင်ပေါလုတို့၏ ကြားဝင်ဆုတောင်းပေးမှုကို တောင်း ခံခဲ့သည်။

အသင်းတော်အနေဖြင့် “လူပုဂ္ဂိုလ်များနှင့် လူမျိုးစုများအကြား ညီအစ်ကို မောင်နှမချင်း တွေ့ဆုံခြင်းကို မြှင့်တင်ရာတွင် မိမိ၏ တန်ဖိုးကို သိမြင်နိုင်ပါစေကြောင်း၊ စည်းလုံးမှုကို ပျက်စီးစေသော သို့မဟုတ် ထိခိုက်စေသော မည်သည့်အရာကိုမဆို ရှောင်ကြဉ်နိုင်ပါစေကြောင်းနှင့် ခရစ်ယာန်အချင်းချင်း စည်းလုံး ညီညွတ်ရေး လမ်းစဉ်ပေါ်တွင်လည်းကောင်း၊ အားလုံးနှင့် အလေးအနက်ထား၍ ရိုးသားစွာ ဆွေးနွေး ဖလှယ်ခြင်း၌လည်းကောင်း ဇွဲလုံ့လဝီရိယဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း” ရဟန်းမင်း ကြီးက နိဂုံးချုပ် ဆုတောင်းပေးခဲ့ပါသည်။

Fr. Peter Kyi Maung

Photo Credit : Vatican News

https://www.vaticannews.va/en/pope/news/2026-06/pope-leo-xiv-angelus-saints-peter-paul-unity-diversity.html

rvamyanmar
rvamyanmar
Articles: 4040

Leave a Reply

Your email address will not be published. Required fields are marked *