https://youtu.be/84pgry02dTY

“ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်” မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် ကျွန်တော် ပြောပြမယ့် အကြောင်းအရာကတော့ “ဂေဟစနစ်” ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဂေဟစနစ်ဆိုတာ ကျွန်တော်တို့ ကမ္ဘာမြေကြီးနဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်ကြတဲ့ လူသားအပါအဝင် သက်ရှိမျိုးစိတ်အားလုံးတို့ တစ်စုတစ်စည်းတည်း ပေါင်းသင်းနေထိုင်ကြပြီး သူတို့ရဲ့ သက်မဲ့ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ညှိနှိုင်းနေထိုင်ခြင်း Ecosystem ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ဂေဟစနစ်ကို တစ်နည်းအားဖြင့် ဇီဝနေထိုင်ရာ သဘာဝပတ်ဝန်းကျင် တစ်မျိုးလို့ မှတ်ယူနိုင်ပါတယ်။ နေရာဒေသတစ်ခုတွင် နေထိုင်ကြတဲ့ သက်ရှိသက်မဲ့များအားလုံး အချင်းချင်း ပြန်လည်မှီခိုနေကြခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အပင်တွေက နေရောင်ခြည်နဲ့ အစာချက်လုပ်ကြပြီး ကျန်သက်ရှိများက အစာအဖြစ် ပံ့ပိုးပေးတာကြောင့် အစာထုတ်လုပ်သူလို့ သတ်မှတ်ကြတယ်။ မြက်ပင်တွေက ကိုယ်တိုင်အစာချက်လုပ်တယ်။ အဲဒီမြက်ပင်များကို သမင်က စားတယ်။ အဲဒီသမင်ကို ကျားက တစ်ဖန်ပြန်စားတယ်။ သမင်နဲ့ ကျားတို့ သေဆုံးပြီးရင် Bacteria ပိုးတွေက သူတို့ရဲ့ ရုပ်ကြွင်းကို မြေဩဇာအဖြစ် ဖြိုခွဲပြီး မြက်များရှင်သန်ဖို့အတွက် ကူညီထောက်ပံ့ပေးပါတယ်။ ထိုသို့ဖြင့် ဂေဟစနစ် လည်ပတ်လျက် ရှိပါတယ်။

ဂေဟစနစ်တွင် လူသားတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ စနစ်မှာ ရေဂေဟစနစ်ပင် ဖြစ်ပါတယ်။ ရေဂေဟစနစ်မှာ သောက်သုံးရေနှင့် စိုက်ပျိုးရေးများကို ရရှိနိုင်ကြောင်း မရှိမဖြစ် လိုအပ်တဲ့ ဂေဟစနစ်တစ်ခု ဖြစ်တယ်ဆိုတာကို သတိပြုမှတ်သားထားကြရမှာ ဖြစ်ပါတယ်။ သစ်တောဂေဟစနစ်ကလည်း ကျွန်တော်တို့ လူနေမှုအတွက် အလွန်အရေးပါတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ သစ်တောဂေဟစနစ်က ကျွန်ုပ်တို့ နေ့စဉ်ရှုသွင်း၊ သောက်သုံးနေတဲ့ လေနဲ့ ရေကို သန့်စင်ပေးပါတယ်၊ သဘာဝတောရိုင်းတိရစ္ဆာန်များ နားခိုရာ ကျင်လည်ကျက်စားရာ နေရာလည်း ဖြစ်ပါတယ်။ သစ်တောဂေဟစနစ်မှ ကျွန်တော်တို့ အကျိုးကျေးဇူးများစွာ ရရှိနိုင်တာကို မမေ့သင့်ပါ။

ထိုဂေဟစနစ်တွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီရေတော ဆိုတာ ဒီရေအတက်အကျ အဝင်အထွက်ရှိပြီး အငန်ဓာတ်ပါဝင်တဲ့ အပင်အုပ်စုဖြစ်ပါတယ်။ ဒီရေတောများက မုန်တိုင်းဒဏ်ကို ကာကွယ်နိုင်တဲ့ မုန်တိုင်းကာတံတိုင်းကြီးများ ဖြစ်ပါတယ်။ ဒီရေတောက ရေပျော်ငါး၊ ပုဇွန် နှင့် ဂဏန်း စတဲ့ ရေသတ္တဝါတို့ ကျက်စားရာနေရာ ဖြစ်သလို သားပေါက်ရန် နေရာများကိုလည်း ပေးပါသေးတယ်။

ယနေ့ ကျွန်ုပ်တို့ ကမ္ဘာကြီး တည်မြဲနေရခြင်း အကြောင်းအရင်းမှာ ထိုဂေဟစနစ်ဆိုတဲ့ ထောက်တိုင်ကြီးများကြောင့် ဖြစ်တယ်လို့ ပညာရှင်များက ဆိုကြပါတယ်။ ပျက်စီးယိုယွင်းလာတဲ့ ဂေဟစနစ်က လူတို့ရဲ့ ပယောဂကြောင့် ဖြစ်တယ်လို့ ပညာရှင်များက ဆိုကြပါသေးတယ်။ ကျွန်တော်တို့ လူသားတွေက သစ်ပင်များကို အတိုင်းအဆမရှိ ခုတ်ယူကြတယ်၊ သတ္တုအမြောက်အမြားကို တူးဖော်ကြတယ်၊ သဘာဝအရင်းအမြစ်များကို မဆင်မခြင် ထုတ်ယူသုံးစွဲကြတယ်၊ အဲလိုပြုလုပ်တာ များလာပြီး သဘာဝပတ်ဝန်းကျင် လေထု၊ မြေထု နှင့် ရေထု စသည်တို့ကိုပါ ညစ်ညမ်းစေပါတယ်။ သမုဒ္ဒရာထဲမှာလည်း လူတွေရဲ့ စွန့်ပစ်ပစ္စည်းများကြောင့် ရေထုညစ်ညမ်းမှု များစွာဖြစ်ပေါ်နေပါပြီ။ ထိုသို့ ပြုလုပ်တာများလာ၍ ဂေဟစနစ်အားလုံးနီးပါး ပျက်စီးယိုယွင်းလာရတာကို အထင်အရှား မြင်တွေ့ရပါတယ်။

သို့သော် ကျွန်တော်တို့ ဂေဟစနစ် ပျက်စီးယိုယွင်းမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ပါးသွားအောင်၊ ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် လူတိုင်းရဲ့ နေ့စဉ်ဘဝထဲမှာ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ထိုအရာတွေကတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုကြတဲ့ ရေများကို ချွေတာသုံးစွဲရမည် ဖြစ်ပါတယ်။ မလိုအပ်ဘဲ မီးများဖွင့်တာ၊ လျှပ်စစ်ပစ္စည်းများကို လိုအပ်တာထက် အချိန်ကြာမြင့်စွာ သုံးစွဲကြတာတွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်စွန့်ပစ်နေတဲ့ ပစ္စည်းများကိုလည်း အသစ်ပြင်ဆင်ပြီး ပြန်လည်အသုံးပြုခြင်းကိုလည်း အားပေးကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူသားတွေနဲ့ အပင်တွေ၊ တိရစ္ဆာန်တွေအားလုံးဟာ ထိုဂေဟစနစ်ကို အမှီပြုပြီး အသက်ရှင်နေထိုင်ကြရတာပဲ ဖြစ်ပါတယ်။ ထိုဂေဟစနစ် မျှတမှုအတွက် သဘာဝစွမ်းအင်များကို ဉာဏ်အမြော်အမြင်ရှိစွာ အသုံးချရမှာ ဖြစ်ပါတယ်။ ဂေဟစနစ်ကောင်းများကို အနာဂတ်မျိုးဆက်သစ်များအတွက် အမွေကောင်းများအဖြစ် ပေးနိုင်ကြရန် အားထုတ်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

ထိုအကြောင်းအရာ အားလုံးကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Francis) အရှင်သူမြတ်ရဲ့ Laudato Si စိမ်းလန်းစိုပြေခြင်းဆိုင်ရာ ပညတ်တော် ၁၀ ပါး စာအုပ်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါတယ်။ ကျွန်ုပ် Steven ဖြစ်ပါတယ်။

Edited & Presented by Steven Htike

rvamyanmar
rvamyanmar
Articles: 4031

Leave a Reply

Your email address will not be published. Required fields are marked *