
ရဟန်းမင်းကြီး လီယို (၁၄) ပထမဦးဆုံးအကြိမ် ကက်သလစ် ခါရစ်စမာတစ် အသစ်ပြုပြင်ခြင်းအဖွဲ့ (Catholic Charismatic Renewal) နှင့် တွေ့ဆုံခြင်း။

ရဟန်းမင်းကြီး လီယို (၁၄) သည် ရဟန်းမင်းကြီးအဖြစ် တာဝန်စတင်ယူခဲ့ပြီးနောက်ပိုင်း ပထမဦး ဆုံးအ ကြိမ်အဖြစ် ကက်သလစ် ခါရစ်စမာတစ် အသစ်ပြုပြင်ခြင်းအဖွဲ့ (Catholic Charismatic Renewal) နှင့် တွေ့ဆုံခဲ့ပြီး၊ ကမ္ဘာတစ်ဝန်းရှိ ကိုယ်စားလှယ်များနှင့် CHARIS အဖွဲ့၏ ခေါင်းဆောင်များကို ဗာတီကန်၌ ကြိုဆိုခဲ့ပါသည်။ ရဟန်းမင်းကြီးက ဤလှုပ်ရှားမှု၏ ဝိညာဉ်ရေးရာတက်ကြွမှုကို ချီးကျူးခဲ့ပြီး ၎င်းသည် တစ်လောကလုံးရှိ သာသနာတော်အတွက် ဘုရားသခင်ပေးသနားသော ကောင်းချီးမင်္ဂလာ လက်ဆောင် တစ်ခုဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။
အဖွဲ့၏ နောက်ခံသမိုင်းကြောင်း
၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် စတင်တည်ထောင်ခဲ့သော ကက်သလစ်ခါရစ်စမားတစ် အသစ် ပြုပြင်ခြင်းအဖွဲ့သည် ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်းနှင့် သာသနာပြု လုပ်ငန်းများမှတစ်ဆင့် ယုံကြည်သူများ၏ဘဝတွင် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ တက်ကြွသော လုပ်ဆောင်မှုကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ်မှစတင်၍ ၎င်း၏ကွဲပြားသောအဖွဲ့ခွဲများကို စည်းလုံးညီညွတ်မှုနှင့် အမှုတော်ဆောင်ခြင်းကို မြှင့်တင်ရန်အတွက် ရဟန်းမင်းကြီး ဖရန်စစ် တည်ထောင်ခဲ့သည့် CHARIS ဟူသော နိုင်ငံတကာဝန်ဆောင်မှုအဖွဲ့အောက်တွင် စုစည်းထားခဲ့သည်။
ယခင်ရဟန်းမင်းကြီးများ၏ အသိအမှတ်ပြုမှုများ
ရဟန်းမင်းကြီး လီယိုက မိမိ၏အရင် ရဟန်းမင်းကြီးများသည်လည်း ဤအဖွဲ့အပေါ် မည်မျှတန် ဖိုး ထား ခဲ့ကြောင်း ပြန်လည်အောက်မေ့ မိန့်ကြားခဲ့ပါသည်။ စိန့်ပေါလ် (၆) က ဤလှုပ်ရှားမှုကို လောကီဆန် လာ မှုများအပေါ် တုံ့ပြန်မှုတစ်ခုအဖြစ် မြင်ခဲ့ပြီး၊ စိန့်ဂျွန်ပေါလ် (၂) က ယင်း၏ သာသနာပြုလိုစိတ် ပြင်းပြ မှုကို အလေးပေးခဲ့ကာ၊ ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) က သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေး ဇူး များကို အလေးထားမှုအပေါ် ချီးကျူးခဲ့သည်။ ရဟန်းမင်းကြီး ဖရန်စစ်ကမူ ၎င်းကို အသင်းတော်တစ် ခုလုံးအတွက် ရည်ရွယ်သည့် “ကျေးဇူးတော်ရေလျှံမှု” ဟု လှပစွာ တင်စားခဲ့သည်။
ရဟန်းမင်းကြီး လီယိုချမှတ်ပေးသော မဏ္ဍိုင်ကြီးငါးခု
ဤလှုပ်ရှားမှုနှင့် ဆက်ဆံရေး ပိုမိုခိုင်မြဲစေရန် ရဟန်းမင်းကြီး လီယိုက ခါရစ်စမားတစ် ဝိညာဉ်ရေးရာ အတွေ့အကြုံ၏ အဓိကမဏ္ဍိုင်ကြီး ငါးခုကို ချပြခဲ့ပြီး၊
ပထမမဏ္ဍိုင် – ဝိညာဉ်တော်၌ ဆေးကြောခြင်းမင်္ဂလာခံယူခြင်း ။ ပထမဆုံးအနေဖြင့် “ဝိညာဉ်တော်၌ ဆေးကြောခြင်းမင်္ဂလာ ခံယူခြင်း” ကို ရှင်းလင်းပြောကြားခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ကိုယ် တိုင်ကိုယ်ကျ ကြုံတွေ့ခံစားရခြင်းသည် ဆေးကြောခြင်းမင်္ဂလာ (ဗတ္တိစံ) ၏ ကျေးဇူးတော်ကို ယုံကြည် သူများ၏ဘဝတွင် ထိရောက်စွာ အသက်ဝင်စေပြီး၊ ဘုရားသခင်ကို စိတ်ကူးသက်သက်ထက် စစ်မှန်ပြီး အမြင့်မြတ်ဆုံးသော အဖေဟူသည့် ခံစားချက်ကို ရရှိစေသည်ဟု ရှင်းပြခဲ့သည်။
အတွင်းစိတ်ငြိမ်းချမ်းမှုနှင့် သက်သေခံရန် ခေါ်ယူခြင်း သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူ များ ထံသို့ လွတ်မြောက်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနှင့် မျှော်လင့်ချက်များကို ဆောင်ကြဉ်းပေးသည်။ ဤသို့နက်ရှိုင်းသော ဝိညာဉ်ရေးရာဆုံတွေ့မှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာကို သက်သေခံလိုစိတ် နှင့် လမ်းပြလိုစိတ်ကို သဘာဝအတိုင်း နှိုးဆွပေးပြီး အထီးကျန်ခြင်း၊ ဗလာဖြစ်ခြင်းတို့ကြောင့် ခံစားနေ ရသူများထံ ဘုရားသခင်၏ သက်သာရာရခြင်းကို ဆောင်ကြဉ်းပေးနိုင်ရန် တွန်းအားပေးသည်ဟု ရဟန်း မင်းကြီးက မှတ်ချက်ပြုခဲ့သည်။
ဒုတိယမဏ္ဍိုင် – ချီးမွမ်းခြင်းဖြင့် ပုံဖော်ထားသော ဆုတောင်းခြင်း ဆုတောင်းခြင်းအပေါ် အာရုံစိုက်ရင်း ရဟန်းမင်းကြီးသည် စိတ်လိုလက်ရ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခါရစ်စမားတစ် ရိုးရာဓလေ့၏ အမှတ်အသားများအဖြစ် အလေးပေးဖော်ပြခဲ့သည်။ ဤလှုပ်ရှားမှုသည် သာသနာတော်ကြီး တစ်ခု လုံး ကို ဘုရားသခင်နှင့် စစ်မှန်သော စကားပြောဆိုခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဝတ်ပြုကိုးကွယ် ခြင်းတို့ကို ဖြစ်ပေါ်စေသည့် ခရစ်ယာန်ဆုတောင်းခြင်း၏ အရေးကြီးသော ဤကဏ္ဍများကို ပြန်လည် ရှာဖွေတွေ့ရှိရန် ကူညီပေးခဲ့သည်ဟု ချီးကျူးခဲ့သည်။
တတိယမဏ္ဍိုင် – သန့်ရှင်းသောကျမ်းစာဖြင့် အာဟာရပြုခြင်း သန့်ရှင်းသောကျမ်းစာကို မှုတ်သွင်း တော် မူခဲ့သော သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ယနေ့သာသနာတော်တွင်လည်း ကျမ်းစာတော်မြတ်ကို ဆက်လက်အသက်ဝင် လှုပ်ရှားစေကြောင်း ရဟန်းမင်းကြီးက အလေးအနက် မိန့်ကြားခဲ့သည်။ ဤလှုပ် ရှားမှုအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဝိညာဉ်ရေးရာ အာဟာရ၏ အံ့ဖွယ်အရင်းအမြစ် တစ်ခုဖြစ်ပြီး နှစ်သိမ့်မှု၊ နေ့စဉ်ရွေးချယ်မှုများအတွက် လမ်းညွှန်မှုနှင့် အစုအဖွဲ့လိုက် ဆုတောင်းခြင်းကို ကြွယ်ဝစေသည်ဟု ဆိုသည်။
စတုတ္ထမဏ္ဍိုင် – ဝိညာဉ်တော်၏ အသီးအပွင့်အဖြစ် စည်းလုံးခြင်း စည်းလုံးခြင်း (Communion) နှင့် ပတ်သက်၍ ရဟန်းမင်းကြီး လီယိုက သန့်ရှင်းသော ဝိညာဉ်တော်သည် စည်းလုံးခြင်း၏ အမြင့်မြတ်ဆုံး အရင်းအမြစ်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ဤလှုပ်ရှားမှုသည် အသင်းတော်အသိုင်းအဝိုင်းအသီး သီး ကြားတွင် ဟန်ချက်ညီညီ တည်ဆောက်ခြင်းနှင့် အခြားခရစ်ယာန်ဂိုဏ်းဂဏများနှင့် မိတ်ဆွေဖြစ်မှုကို မြှင့်တင်ခြင်းတို့တွင် ဝိညာဉ်တော်၏ အခန်းကဏ္ဍကို တန်ဖိုးထားကြောင်း ချီးကျူးခဲ့ပြီး၊ အမျိုးမျိုးသော ဆုကျေးဇူးများကြားတွင် စည်းလုံးမှုကို ဖန်တီးပေးသည်ဟု ဆိုသည်။
ပဉ္စမမဏ္ဍိုင် – ကရုဏာရေးဖြင့် ဖော်ပြသော ချစ်ခြင်းမေတ္တာ ရဟန်းမင်းကြီးသည် နောက်ဆုံးမဏ္ဍိုင် အဖြစ် ကရုဏာရေး (Charity) ကို အာရုံစိုက်ခဲ့ပြီး၊ ၎င်းကို ဝိညာဉ်တော်၌ အသက်ရှင်ခြင်း၏ အထင်ရှား ဆုံး အသီးအပွင့်တစ်ခုအဖြစ် ခေါ်ဆိုခဲ့သည်။ သူသည် ဤလှုပ်ရှားမှုမှ ပေါ်ထွက်လာသော များပြားလှ သည့် ကရုဏာရေးလုပ်ငန်းများကို ချီးကျူးခဲ့ပြီး၊ ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို ဖော်ပြနေခြင်းဖြစ် သောကြောင့် ထိုချစ်ခြင်းကို ဆက်လက်ရှင်သန်စေရန် တိုက်တွန်းခဲ့သည်။
နှိမ့်ချစွာ အမှုတော်ဆောင်ရန် ခေါ်ယူခြင်း
နိဂုံးချုပ် မိန့်ခွန်းတွင် ရဟန်းမင်းကြီး လီယိုက ခါရစ်စမားတစ် အသစ်ပြုပြင်ခြင်းအဖွဲ့ဝင် များကို မိမိ တို့၏ ဒေသန္တရ ဂိုဏ်းအုပ်သာသနာများနှင့် သာသနာ့နယ်မြေများတွင် နှိမ့်ချစွာ အမှုတော်ဆောင်ရန် စိန် ခေါ်ခဲ့ပြီး၊ မိမိကိုယ်ကို မြှင့်တင်လိုခြင်း၊ အာဏာမက်မောခြင်း သို့မဟုတ် ဂုဏ်ဒြပ်နောက် လိုက်ခြင်းများ ကို လုံးဝရှောင်ကြဉ်ရန် သတိပေးခဲ့သည်။ ထို့နောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့၏ တစ်ဦး စီနှင့် အစုအဖွဲ့လိုက် ခရီးစဉ်တွင် အစဉ်အမြဲ အလင်းနှင့် ခွန်အားဖြစ်ပါစေကြောင်း ဆုတောင်းပေးရင်း နိဂုံးချုပ်ခဲ့သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Original Link: https://www.vaticannews.va/en/pope/news/2026-05/pope-leo-charismatic-renewal-address-spirit-lead-to-communion.html


