
ပဋိပက္ခတွေ ကြုံတွေ့နေရတဲ့ အချိန်တွေမှာတောင် ငြိမ်းချမ်းရေးဟာ ဖြစ်နိုင်ပါတယ်။

မေလ မယ်တော်လ ကမ္ဘာတစ်ဝန်း အထူးဆုတောင်းခြင်းလမြတ် (Marian month) အပိတ်အထိမ်း အမှတ်အဖြစ် ရဟန်းမင်းကြီး လီယို (၁၄) သည် မေလ ၃၀ ရက်နေ့က ဗာတီကန်ဥယျာဉ်ရှိ လုစ်မယ် တော်လိုဏ်ဂူ၌ ငြိမ်းချမ်းရေးအတွက် စိပ်ပုတီးအတူတကွ စိပ်ဆုတောင်းခြင်းကို ဦးဆောင်ခဲ့ပါသည်။ ဤ ဆုတောင်းပွဲသို့ ကမ္ဘာတစ်ဝန်းရှိ မယ်တော်ဘုရားကျောင်းပေါင်း ၂၀၀ ကျော်နှင့် ဘုရားဖူးပြည်သူ သိန်း ချီ၍ ပါဝင်ခဲ့ကြသည်။ စစ်ပွဲနှင့် အကြမ်းဖက်မှုဒဏ် ခံစားနေရသူအားလုံးကို ရည်စူး၍ ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးဆိုသည်မှာ စိတ်ကူးယဉ်အိမ်မက်တစ်ခု မဟုတ်ဘဲ နေ့စဉ်လုပ်ဆောင်ရမည့် ကတိကဝတ် တစ်ခုဖြစ်ကြောင်း အားတက်ဖွယ် သတိပေးနှိုးဆော်ခဲ့သည်။
“ငြိမ်းချမ်းရေး ဆုံးရှုံးနေရသူတွေရဲ့ ငိုကြွေးသံကို ကျွန်ုပ်တို့ နားထောင်ဖို့ ရွေးချယ်တဲ့အခါ ငြိမ်းချမ်း ရေးဟာ ဖြစ်နိုင်ခြေရှိလာပါတယ်” ဟု ရဟန်းမင်းကြီးက မိန့်ကြားကာ အပြစ်မဲ့ကလေးငယ်များ၊ ပူဆွေး သောကရောက်နေကြသော မိဘများနှင့် ဒုက္ခသည်များ၏ တောင်းတသံများကို ကမ္ဘာကြီးက ကြားသိနား ထောင်ပေးကြရန် တိုက်တွန်းခဲ့သည်။
ရဟန်းမင်းကြီး၏ ဒေသနာတော်မှ အဓိကမှတ်သားဖွယ်ရာများ –
ငြိမ်းချမ်းရေးသည် နေ့စဉ်ရွေးချယ်မှုတစ်ခုဖြစ်သည် – ငြိမ်းချမ်းရေးဆိုသည်မှာ သီအိုရီသက်သက် သို့မ ဟုတ် နိုင်ငံရေးဆွေးနွေးပွဲသက်သက် မဟုတ်ပါ။ ၎င်းသည် တရားမျှတမှု၊ ချစ်ခြင်းမေတ္တာနှင့် မိမိတို့၏ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း သဟဇာတဖြစ်အောင် နေ့စဉ်ကြိုးပမ်းမှုတို့မှ လာခြင်း ဖြစ် သည်။ “လူသားတို့ မတတ်နိုင်သောအရာ” ကို ကျော်လွှားခြင်း – ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဝေး ကွာသွားသောအခါ အခြားသူများ၏ ရုန်းကန်ရမှုနှင့် ဆင်းရဲဒုက္ခများအပေါ် လျစ်လျူရှု လာတတ် ကြ သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျင့်သုံးသော တပည့်စစ်စစ်များ အဖြစ် ရှင်သန်နေထိုင်ပါက လူသားတို့အနေဖြင့် မဖြစ်နိုင်ဟု ထင်ရသောအရာကို သန့်ရှင်းသော ဝိညာဉ် တော်ဘုရားက ဖြစ်မြောက်စေနိုင် ပါသည်။
“နှုတ်မှုရေးရာ အကြမ်းဖက်မှုများ” ကို ရပ်တန့်ပါ – ရဟန်းမင်းကြီးက အာဏာမက်မောမှုများနှင့် နှုတ်မှု ရေးရာ အကြမ်းဖက်မှုများကို ရပ်တန့်ကြရန် တောင်းဆိုခဲ့သည်။ အထူးသဖြင့် နေ့စဉ်ဘဝတွင်သာမက လူမှုကွန်ရက်စာမျက်နှာများ (Social Media) ပေါ်တွင်ပါ ရုပ်ပိုင်းဆိုင်ရာနှင့် နှုတ်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုပုံစံအားလုံးကို ရှောင်ကြဉ်ခြင်းဖြင့် လူတိုင်း မိမိတို့ကျရာ အခန်းကဏ္ဍကနေ ပါဝင်ကြရန် တိုက်တွန်း ထားသည်။ စစ်မှန်သော ခွန်အားသည် ချစ်ခြင်းမေတ္တာဖြစ်သည် – စစ်မှန်သော ငြိမ်းချမ်းရေးသည် ထောင်လွှားခြင်းထက် နူးညံ့သိမ်မွေ့မှု၊ ပညာရှိမှုတို့ဖြင့် လောကကြီးကို ကြည့်မြင်ပြီး ပြန်လည်သင့်မြတ် ခြင်းကို ရွေးချယ်တတ်သော “ချစ်တတ်သည့် နှလုံးသား” မှ စတင်ပါသည်။
ကျွန်ုပ်တို့၏ အမိမယ်တော်မာရီယားနှင့်အတူ နှလုံးသားချင်း ချိတ်ဆက်ပြီး၊ နှုတ်ကပတ်တော်အား ဖြင့်သာ မက နေ့စဉ်အပြုအမူများအားဖြင့်ပါ ငြိမ်းချမ်းရေးဖန်တီးသူများဖြစ်လာစေရန် ဘုရားသခင်၏ ခေါ်ဖိတ် သံကို “အလိုတော်အတိုင်း ဖြစ်ပါစေ” ဟု ထူးထူးခြားခြား တုံ့ပြန်ကြပါစို့။
#PopeLeoXIV #RosaryForPeace #LourdesGrotto #PrayForPeace #FaithInAction #Peacemakers
Fr. Peter Kyi Maung
Photo Credit : Vatican News
Original Link https://www.vaticannews.va/en/pope/news/2026-05/pope-leo-at-rosary-even-in-times-of-conflict-peace-is-possible.html


