
ပုဒ်ရဟန်းမင်းကြီးက ကမ္ဘာ့ခေါင်းဆောင်များကို လက်နက်များစွန့်ကြရန် တိုက်တွန်း။

(Pope Leo at Urbi et Orbi)
ပုဒ်ရဟန်းမင်းကြီးက ကမ္ဘာ့ခေါင်းဆောင်များကို လက်နက်များစွန့်ကြရန် တိုက်တွန်း။
အာဗီအေမမြန်မာ၊၇၊၄၊၂၀၂၅။
အီစတာတနင်္ဂနွေနေ့တွင် ပုဒ်ရဟန်းမင်းကြီး လီယို (၁၄) က ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် လက် နက် များကို စွန့်ချကြရန်နှင့် လွှမ်းမိုးချုပ်ကိုင်မှုထက် “တွေ့ဆုံဆက်ဆံခြင်း” ကို ရွေးချယ်ကြရန် တောင်းဆို လိုက်သည်။
“လက်နက်ကိုင်ဆောင်ထားသူများ အားလုံး လက်နက်များကို စွန့်ချကြပါ!” ဟု ပုဒ်ရဟန်းမင်းကြီးက သူ ၏ အစဉ်အလာဖြစ်သော Urbi et Orbi (ရောမမြို့နှင့်တကွ ကမ္ဘာသူကမ္ဘာသားအပေါင်းသို့) အီစတာသ တင်းစကားတွင် တိုက်တွန်းခဲ့သည်။
စိန့်ပီတာရင်ပြင်တွင် စုဝေးရောက်ရှိနေကြသော သောင်းနှင့်ချီသည့် ဘုရားဖူးဧည့်သည်တော် များကို မိန့်ကြားရာတွင် ပုဒ်ရဟန်းမင်းကြီးက “စစ်ပွဲများကို ဖော်ဆောင်နိုင်သည့် အာဏာရှိသူများ” အား ငြိမ်း ချမ်းရေးကို ရွေးချယ်ကြရန် တိုက်တွန်းခဲ့သည်။ ဤငြိမ်းချမ်းရေးသည် “အင်အားသုံး၍ အတင်းအကျပ် ပြုလုပ်သော” ငြိမ်းချမ်းရေးမျိုး မဖြစ်သင့်ဘဲ၊ အပြန်အလှန် ဆွေးနွေးမှုမှတစ်ဆင့် — “အခြားသူများကို လွှမ်းမိုးလိုသော ဆန္ဒဖြင့်မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးလိုသော ဆန္ဒဖြင့်” — ရရှိသော ငြိမ်းချမ်းရေး ဖြစ်ရ မည်ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။
‘လျစ်လျူရှုမှု ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးလာခြင်း’
ကမ္ဘာကြီးသည် “အကြမ်းဖက်မှုများကို နေသားတကျဖြစ်လာနေသည်” လူပေါင်းထောင် ချီ သေဆုံး နေ ခြင်းကိုသာမက စစ်ပွဲကြောင့်ဖြစ်ပေါ်လာသော “မုန်းတီးမှုနှင့် ကွဲပြားမှုများ” အပြင် “စီးပွားရေး၊ လူမှုရေး နောက်ဆက်တွဲဆိုးကျိုးများ” အပေါ်တွင်ပါ ကျွန်ုပ်တို့သည် “လျစ်လျူရှုလာကြသည်” ဟု ပုဒ်ရဟန်း မင်းကြီး လီယိုက သတိပေးခဲ့ပါသည်။။
ကွယ်လွန်သူ ပုဒ်ရဟန်းမင်းကြီး ဖရန်စစ်၏ စကားစုကို ကိုးကား၍ ပုဒ်ရဟန်းမင်းကြီး လီယိုက “ပိုမိုတိုး ပွားလာနေသော ‘လျစ်လျူရှုမှု ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးလာခြင်း (Globalisation of Indifference)’” ကို သတိပေးခဲ့သည်။
“ကျွန်ုပ်တို့ ဆက်လက်ပြီး လျစ်လျူမရှုနိုင်တော့ပါ၊ မကောင်းမှုအောက်မှာ အရှုံးမပေးနိုင်ပါ”၊ ထို့ကြောင့် လာမည့် ဧပြီ ၁၁ ရက်၊ စနေနေ့တွင် စိန့်ပီတာ ဘာဆီလီကာ၌ ငြိမ်းချမ်းရေးအတွက် ဆုတောင်း ဝတ်ပြု မှုကို ကိုယ်တိုင်ဦးဆောင်မည်ဟု မိန့်ကြားခဲ့သည်။
အကြမ်းမဖက်ခြင်းနှင့် ‘စစ်မှန်သော ခွန်အား’
အီစတာပွဲတော်တွင် ယေဇူးသခင်သည် သေခြင်းတရားကို အောင်နိုင်ခဲ့ပြီး “ဤလောက၏ မင်းသား ဖြစ်သော ရှေးဟောင်းနတ်ဆိုးရန်သူကို အပြီးတိုင် အောင်နိုင်ခဲ့သည်” ဟု ရဟန်းမင်းကြီးက မိန့်ကြား ခဲ့သည်။
သို့သော် ခရစ်တော်သည် ထိုအောင်ပွဲကို ရရှိခဲ့သော အင်အားသည် “လုံးဝ အကြမ်းမဖက်သော” အင်အား ဖြစ်ပြီး၊ “ဖန်တီးဖြစ်ထွန်းစေသော၊ ခွင့်လွှတ်သော၊ ကယ်တင်သော” မေတ္တာတရားအပေါ်တွင်သာ အခြေ ခံကြောင်း ပုဒ်ရဟန်းမင်းကြီး လီယိုက အလေးပေးပြောကြားခဲ့သည်။ ဤမေတ္တာနှင့် ခွင့်လွှတ်ခြင်း စိတ်ဓာတ်သည် ငြိမ်းချမ်းရေးကို တည်ဆောက်ပေးပြီး လူသားချင်းနှင့် လူ့အဖွဲ့အစည်းများအကြား ဆက်ဆံရေးကို မြှင့်တင်ပေးသည့် “စစ်မှန်သော ခွန်အား” ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အတွင်းစိတ် ငြိမ်းချမ်းရေး
Urbi et Orbi သတင်းစကားကို အဆုံးသတ်ရာတွင် အီစတာ၏ ငြိမ်းချမ်းရေးသည် “လက်နက်များ ငြိမ် သက်သွားခြင်း” မျှသာမဟုတ်ဘဲ “ကျွန်ုပ်တို့ တစ်ဦးစီတိုင်း၏ နှလုံးသားကို ထိတွေ့ပြောင်းလဲပေးသော” အတွင်းစိတ် ငြိမ်းချမ်းရေးလည်း ဖြစ်ကြောင်း၊
“ခရစ်တော်၏ ငြိမ်းချမ်းရေးဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် အသွင်ကူးပြောင်းမှုကို ခံယူကြပါစို့” ဟု ပုဒ်ရဟန်း မင်းကြီး လီယိုက တိုက်တွန်းရင်း၊ “ကိုယ်တော်ရှင်တစ်ပါးတည်းသာ ပေးနိုင်သည့် စစ်မှန်သော ငြိမ်းချမ်း ရေးကို စောင့်မျှော်နေကြသော ဒုက္ခခံစားနေရသည့် နှလုံးသားအားလုံး” ကို ထာဝရဘုရားသခင်ထံ အပ်နှံခဲ့ပါသည်။
ဘာသာပြန်-Fr. Peter Kyi Maung
Website: rvamyanmar.org
/ @rvamyanmar8152
Photo credit: Vatican News
Photo Caption: Pope Leo at Urbi et Orbi
Original Link: https://www.vaticannews.va/…/pope-leo-urbi-et-orbi…


