မေတ္တာပန်း တနင်္ဂနွေ နေက ဟောကြားခဲ့သော ရဟန်းမင်းကြီး လီယို ၁၄ ၏ တရားတော်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမတို့၊ သခင်ယေဇူးသည် လက်ဝါးကပ်တိုင်လမ်းစဉ်ကို လျှောက် လှမ်း တော်မူစဉ်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နောက်၌ ခြေရာတော်အတိုင်း လိုက်ကြပါစို့။ ကိုယ်တော် နှင့် အတူ လျှောက်လှမ်းကြစဉ်တွင် လူသားမျိုးနွယ်အတွက် ကိုယ်တော်၏ ဒုက္ခစရိုက်ခံယူတော်မူခြင်း၊ ကြေကွဲသောနှလုံးတော်နှင့် ချစ်ခြင်းမေတ္တာလက်ဆောင်အဖြစ် ပေးဆပ်ခဲ့သော ကိုယ်တော်၏ အသက် တာတို့ကို ကျွန်ုပ်တို့ ဆင်ခြင်အောက်မေ့ကြသည်။ စစ်မက်အန္တရာယ် များ ကိုယ်တော့်ပတ်လည်တွင် ဝန်းရံနေသည့်တိုင် ငြိမ်သက်ခြင်း၏ဘုရင် အဖြစ် ကိုယ်တော်ကိုကိုယ် ထင်ရှားစေတော်မူသော သခင် ယေဇူးထံသို့ ကျွန်ုပ်တို့ မျှော်ကြည့်ကြပါစို့။

အခြားသူများက အကြမ်းဖက်မှုများကို လှုံ့ဆော်နေကြစဉ်တွင် ကိုယ်တော်သည် နူးညံ့သိမ်မွေ့ခြင်း၌ တည်ကြည်လျက်ရှိနေသည်။ အခြားသူများက ဓားများနှင့် တုတ်များကို မိုးထားကြသော်လည်း ကိုယ် တော်သည် လူသားမျိုးနွယ်ကို ပွေ့ဖက်ရန် ကိုယ်တော်တိုင် ပေးဆပ်တော်မူ၏။ မှောင်မိုက်ခြင်းသည် ကမ္ဘာမြေကို လွှမ်းမိုးတော့မည့်ဆဲဆဲတွင် ကိုယ်တော်သည် လောက၏အလင်းဖြစ်တော်မူ၏။ ကိုယ် တော်ကို သေဒဏ်ပေးရန် အစီအစဉ်များ ဖော်ဆောင်နေကြသော်လည်း ကိုယ်တော်သည် အသက်ကို ပေးရန် ကြွလာတော်မူ၏။

ငြိမ်သက်ခြင်း၏ဘုရင်။ သခင်ယေဇူး၏ အလိုတော်မှာ ကျွန်ုပ်တို့အား ဘုရားသခင်နှင့်လည်းကောင်း၊ အိမ်နီးချင်းနှင့်လည်းကောင်း ပိုင်းခြားထားသော အတားအဆီးမှန်သမျှကို ဖြိုဖျက်ပြီး၊ ဤလောကကို ခမည်းတော်၏ ရင်ခွင်တော်ထဲသို့ ပို့ဆောင်ရန်ဖြစ်သည်၊ အကြောင်းမှာ “ထိုသခင်သည် ငါတို့၏ ငြိမ် သက်ခြင်းဖြစ်တော်မူ၏” (အေဖေဆု ၂:၁၄)။

ငြိမ်သက်ခြင်း၏ဘုရင်။ မေရှိယကြွလာခြင်းအတွက် ဝမ်းမြောက်ကြရန် တိုက်တွန်းထားသော ရှေးပ ရောဖက်ပြုချက်ကို ပြည့်စုံစေလျက် သခင်ယေဇူးသည် ဂျေရုဆလင်မြို့သို့ မြင်းစီး၍မဟုတ်ဘဲ မြည်း ကလေးကိုစီး၍ ကြွဝင်တော်မူခဲ့သည် – “ကြည့်ရှုလော့၊ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာတော် မူ၏။ ဖြောင့်မတ်ခြင်းနှင့် ပြည့်စုံ၍ ကယ်တင်ခြင်းကို ဆောင်ခဲ့၏။ နှိမ့်ချသောစိတ်ရှိ၍ မြည်းကို လည်းကောင်း၊ မြည်းမ၏သားဖြစ်သော မြည်းကလေးကိုလည်းကောင်း စီးတော်မူ၏။ ဧဖရိမ်ပြည်မှ ရထားကိုလည်းကောင်း၊ ယေရုရှလင်မြို့မှ မြင်းကိုလည်းကောင်း ငါပယ်ဖြတ်မည်။ စစ်တိုက် သော လေးကိုလည်း ပယ်ဖြတ်၍၊ ထိုရှင်ဘုရင်သည် တစ်ပါးအမျိုးသားတို့အား ငြိမ်သက်ခြင်းအကြောင်းကို ဟောပြောတော်မူမည်” (ဇာခရိ ၉:၉-၁၀)။

ငြိမ်သက်ခြင်း၏ဘုရင်။ ကိုယ်တော့်ကို ကာကွယ်ရန် တပည့်တော်တစ်ဦးက ဓားကိုဆွဲထုတ်၍ ယဇ်ပု ရောဟိတ်မင်း၏ကျွန်ကို ခုတ်သောအခါ၊ သခင်ယေဇူးက “သင်၏ဓားကို ဓားအိမ်၌ ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်” (မာတေဦး၂၆:၅၂) ဟု မိန့်တော်မူကာ ချက်ချင်းတားဆီးတော်မူခဲ့သည်။

ငြိမ်သက်ခြင်း၏ဘုရင်။ ကျွန်ုပ်တို့၏ ဒုက္ခဝေဒနာများကို ကိုယ်တော်ခံထမ်း၍ ကျွန်ုပ်တို့၏အပြစ် များ အတွက် ထိုးဖောက်ခြင်းကို ခံရစဉ်တွင် သခင်ယေဇူးသည် “နှုတ်ကိုမဖွင့်ဘဲ နေတော်မူ၏။ သတ်ဖို့ရာ ဆောင်သွားသော သိုးသငယ်ကဲ့သို့လည်းကောင်း၊ သိုးမွေးညှပ်သောသူတို့ရှေ့မှာ မမြည်ဘဲနေသော သိုးကဲ့သို့လည်းကောင်း” (အိုက်ဇေယ၅၃:၇) တိတ်ဆိတ်စွာ နေတော်မူ၏။ ကိုယ်တော်သည် လက်နက် မစွဲကိုင်ခဲ့၊ ကိုယ်တော့်ကိုယ်ကိုယ် မကာကွယ်ခဲ့သလို၊ မည်သည့်စစ်ပွဲကိုမျှလည်း မတိုက်ခိုက်ခဲ့ပါ။ ကိုယ်တော်သည် အကြမ်းဖက်မှုကို အစဉ်ငြင်းပယ်တော်မူသော ဘုရားသခင်၏ နူးညံ့သိမ်မွေ့သော မျက်နှာတော်ကို ထင်ရှားစေတော်မူခဲ့သည်။ ကိုယ်တော့်ကိုယ်ကိုယ် ကယ်တင်မည့်အစား၊ လူသားမျိုး နွယ်သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက်နှင့် နေရာတိုင်းတွင် ထမ်းပိုးခဲ့ရသော လက်ဝါးကပ် တိုင် တိုင်းကို ပွေ့ဖက်ရင်း လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်းကို ခံတော်မူခဲ့သည်။

ညီအစ်ကို မောင်နှမတို့၊ ဤအရှင်သည် ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် စစ်ပွဲ ကိုငြင်းပယ်တော်မူသော၊ စစ်ပွဲကိုတရားမျှတကြောင်း သက်သေပြရန် မည်သူမျှအသုံးချ၍မရသော ငြိမ်သက်ခြင်း၏ဘုရင် သခင်ယေဇူး ဖြစ်တော်မူ၏။ ကိုယ်တော်သည် စစ်တိုက်သောသူတို့၏ ဆုတောင်းသံများကို နားမညောင်းဘဲ၊ “သင်တို့သည် အထပ်ထပ်ဆုတောင်းသော်လည်း ငါနားမထောင်။ သင်တို့လက်သည် အသွေးနှင့်ပြည့်၏” (အိုက်ဇေယ ၁:၁၅) ဟု မိန့်တော်မူကာ ငြင်းပယ်တော်မူ၏။

ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသောအရှင်ကို ကျွန်ုပ်တို့မျှော်ကြည့်သောအခါ၊ လက်ဝါးကပ်တိုင်ပေါ်တွင် အစီရင်ခံနှိပ်စက်ခံနေရသော လူသားမျိုးနွယ်ကို မြင်တွေ့နိုင်သည်။ ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်များတွင် ယနေ့ခေတ် အမျိုးသမီးနှင့် အမျိုးသားများစွာတို့၏ နာကျင်ခံစားရမှုများကို ကျွန်ုပ်တို့ မြင်တွေ့ရသည်။ ခမည်းတော်ထံတော်သို့ ကိုယ်တော်၏ နောက်ဆုံး အော်ဟစ်တော်မူသံတွင် ကြေမွပျက်စီးနေသူများ၊ မျှော်လင့်ချက်မဲ့နေသူများ၊ ဖျားနာနေသူများနှင့် အထီးကျန်နေသူများ၏ ငိုကြွေးသံများကို ကျွန်ုပ်တို့ ကြားရသည်။ အားလုံးထက်ပို၍၊ အကြမ်းဖက် မှုကြောင့် နှိပ်စက်ညှဉ်းပန်းခံရသူများနှင့် စစ်ပွဲ၏သားကောင်ဖြစ်ခဲ့ရသူအားလုံး၏ နာကျင်စွာ ညည်း တွားသံများကို ကျွန်ုပ်တို့ ကြားရသည်။

ငြိမ်သက်ခြင်း၏ဘုရင်ဖြစ်တော်မူသော ခရစ်တော်သည် ကိုယ်တော်၏ လက်ဝါးကပ်တိုင်ပေါ်မှနေ၍ တဖန်အော်ဟစ်တော်မူသည်မှာ – ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ကရုဏာထား ကြ လော့။ သင်တို့၏လက်နက်များကို ချထားကြလော့။ သင်တို့သည် ညီအစ်ကို မောင်နှမများ ဖြစ်ကြ သည်ကို သတိရကြလော့။

မိမိသားတော်၏ လက်ဝါးကပ်တိုင်အောက်တွင် ရပ်တည်လျက် ယနေ့ခေတ် လက်ဝါးကပ်တိုင်တင်ခြင်း ခံနေရသူတို့၏ ခြေရင်းတွင်လည်း ငိုကြွေးနေသော အလွန်သန့်ရှင်းစင်ကြယ်တော်မူသော မယ်တော် မာရိယာထံသို့ ဤအော်ဟစ်သံကို ကျွန်ုပ် အပ်နှံလိုပါသည်-“ သန့်ရှင်းသော မယ်တော် မာရိယာ၊ ခက်ခဲမှုအားလုံးရှိလင့်ကစား သေခြင်းတရားသည် ကျွန်ုပ်တို့အပေါ် နောက်ထပ်လွှမ်းမိုးနိုင်တော့မည် မဟုတ်ကြောင်း၊ လူမျိုးတို့၏ မတရားမှုများသည် ရေတွက်ခြင်းခံရပြီး အဆုံးသတ် တော့မည် ဖြစ် ကြောင်း၊ စစ်ပွဲ၏ လျှပ်စီးလက်မှုများသည် နေဝင်ချိန်၌ ပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်းနှင့် ဆင်းရဲသားတို့၏ ဆင်းရဲဒုက္ခများသည် နောက်ဆုံးထွက်သက်သို့ ရောက်ရှိနေပြီဖြစ် ကြောင်း တို့ကို ကျွန်ုပ်တို့အား စိတ်ချသေချာစေတော်မူပါ။ နောက်ဆုံးအနေဖြင့်၊ အကြမ်းဖက်မှုနှင့် နာကျင်မှုတို့၏ သားကောင်ဖြစ်ခဲ့ရသူအားလုံး၏ မျက်ရည်များသည် နွေဦးနေရောင်အောက်မှ ဆီးနှင်းများကဲ့သို့ မကြာမီ ခြောက်သွေ့သွားစေရန် မစတော်မူပါ”။ အာမင်။

ဘာသာပြန်- Fr. Peter Kyi Maung

Photo Credit: Vatican News

Website: rvamyanmar.org

YouTube: @rvamyanmar

Original Link: https://www.vatican.va/content/leo-xiv/en/homilies/2026/documents/20260329-palme.html

rvamyanmar
rvamyanmar
Articles: 3925

Leave a Reply

Your email address will not be published. Required fields are marked *