
‘ဘုရားသခင်၏ ဆုကျေးဇူးကို မိမိ၏အတွင်းစိတ်၌ ရှာဖွေတွေ့ရှိခြင်း’။

(Pope Leo XIV (ANSA))
ယခုနှစ် ဧပြီလ ၂၆ ရက်၊ အီစတာပွဲတော်အပြီး စတုတ္ထမြောက်တနင်္ဂနွေနေ့ “သိုးထိန်းကောင်း တနင်္ဂနွေ နေ့” တွင် ကျရောက်မည့် “(၆၃) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ခေါ်တော်မှုခြင်းအတွက် ဆုတောင်း မေတ္တာပြုရာနေ့” အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။
“ခေါ်တော်မူခြင်းခံရသူတိုင်းသည် သာသနာတော်အတွက်သော်လည်းကောင်း၊ ထိုခေါ်ယူခြင်းကို ဝမ်း မြောက်စွာ လက်ခံသူများအတွက်သော်လည်းကောင်း အတိုင်းအဆမရှိသော ဆုလာဘ်တစ်ခုဖြစ်သည်”၊
ဤနေ့ထူးနေ့မြတ်ကို “ကျွန်ုပ်တို့၏ နှလုံးသားအနက်ရှိုင်းဆုံးတွင် ပွင့်လန်းလာသော ဘုရားသခင်၏ အခ မဲ့ပေးသနားသည့် ဆုကျေးဇူးကို ရှာဖွေတွေ့ရှိခြင်း “သိုးထိန်းကောင်းမှ ကျွန်ုပ်တို့အား လမ်းပြ ပို့ဆောင် ပေးနေသည့် အမှန်တကယ် လှပသော ဘဝလမ်းခရီးကို အတူတကွ ရှာဖွေလေ့လာနိုင်မည့် အခွင့်အရေး” ဟုပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။
(၆၃) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ခေါ်တော်မှုခြင်းအတွက် ဆုတောင်းမေတ္တာနေ့ တွင့်ပုပ်ရဟန်း မင်း ကြီး လီယို (၁၄) ပေးပို့သော သဝဏ်လွှာ၏ အနှစ်ချုပ်မှာ
ကိုယ်တော်၏ လှပခြင်းက ကျွန်ုပ်တို့ကို လှပစေသည်
ပုပ်ရဟန်းမင်းကြီးက ယေဇူးခရစ်တော်ကို ကျွန်ုပ်တို့၏ဘဝအား လှပစေသော “သိုးထိန်းကောင်း” အဖြစ် တင်စားထားသည်။ ထိုအလှတရားကို သိမြင်နိုင်ရန်မှာ ဆိတ်ငြိမ်ခြင်းနှင့် ဆုတောင်းခြင်း လိုအပ်သည်။ မိမိ၏ အတွင်းစိတ်၌ ဘုရားသခင်နှင့် စကားပြောခြင်း၊ ကိုယ်တော်၏ အကြည့်ကို လက်ခံခြင်းအားဖြင့် စိန့်ဩဂတ်စတင်းကဲ့သို့ပင် ကျွန်ုပ်တို့၏ဘဝသည် ပြောင်းလဲ၍ လှပလာမည်ဖြစ်သည်။
မေတ္တာနှင့် ပျော်ရွှင်မှုဆိုင်ရာ စွန့်စားခန်း
ခေါ်တော်မူခြင်းဆိုသည်မှာ အတင်းအကျပ် ခိုင်းစေခြင်း သို့မဟုတ် ပုံစံခွက်တစ်ခုထဲသို့ သွတ်သွင်းခြင်း မဟုတ်ဘဲ “မေတ္တာနှင့် ပျော်ရွှင်မှုဆိုင်ရာ စွန့်စားခန်း” တစ်ခု ဖြစ်သည်။ မိသားစုများ၊ သာသနာဝင်များနှင့် ပညာရေးလောကမှ လူများအားလုံးက ဘုရားသခင်၏ ခေါ်ယူခြင်းဆုကျေးဇူးကို ပျိုးထောင်ပေးရန်နှင့် ဝိုင်းဝန်းကူညီပေးကြရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းထားသည်။
ကိုယ်တော်၏ မေတ္တာတော်ရှိသော အကြည့်က ကျွန်ုပ်တို့၏ စိတ်နှလုံးကို လင်းစေသည်
ခေါ်တော်မှုခြင်းခံရသူတိုင်းသည် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟူသော သိမြင်နား လည်မှု မှ စတင်သည်။ ဘုရားသခင်က ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ လျှောက်လှမ်းရမည့် လမ်းစဉ်ကို သိရှိထား သကဲ့သို့၊ ကျွန်ုပ်တို့ဘက်ကလည်း ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် စက္ကရာ မင်တူး များ ခံယူခြင်းအားဖြင့် ကိုယ်တော်ကို ပြန်လည်သိကျွမ်းရန် ကြိုးစားရမည်ဖြစ်သည်။
‘ခေါ်တော်မှုခြင်းခံရသူတိုင်းသည် သာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင် မွန်ဖြစ် သည်’ လူငယ်များအနေဖြင့် ဘုရားသခင်၏ အသံကို နားထောင်ရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း ထားသည်။ မိမိတို့၏ အရည်အချင်းများကို အသုံးချရန်နှင့် အသန့်ရှင်းဆုံးသော ကိုယ်တော်မြတ်အား ဖူးမြော်ခြင်း (Eucharistic Adoration)ကို ပြုလုပ်ခြင်းအားဖြင့် အိမ်ထောင်သည်ဘဝ၊ ရဟန်းဘဝ သို့မဟုတ် ဆက်ကပ်အပ်နှံသူဘဝ စသည့် မိမိတို့၏ ခေါ်ယူခြင်းကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။
မရေရာမှုများကြား၌ပင် ဘုရားသခင်ကို ယုံကြည်အားကိုးခဲ့သည့် စိန့်ဂျိုးဇက်
စိန့်ဂျိုးဇက်သည် မိမိ၏ အစီအစဉ်များနှင့် ကွဲလွဲနေသည့်တိုင် ဘုရားသခင်၏ အလိုတော်ကို ယုံကြည်စွာ လက်ခံခဲ့သည့် စံနမူနာရှင်ဖြစ်သည်။ အမှောင်ထုနှင့် မရေရာမှုများကြား၌ပင် ဘုရားသခင်ကို အကြွင်းမဲ့ ပုံအပ်ခဲ့ခြင်းက ကျွန်ုပ်တို့၏ ခေါ်တော်မှုခြင်းဖြစ်သည် ခေါ်ယူခံရခြင်းသည် အခက်အခဲများကြားတွင် ပိုမိုရင့်ကျက်လာစေရန် ခွန်အားပေးကြောင်း ဖော်ပြထားသည်။
ဘဝ၏ အခြေအနေတိုင်းတွင် ယေဇူးနှင့်အတူ ရှိနေခြင်း
ခေါ်တော်မှုခြင်းခံရသူတိုင်းသည် တစ်နေရာတည်းတွင် ရပ်တန့်နေသောအရာ မဟုတ်ဘဲ အစဉ်အမြဲ ရင့်ကျက်လာရမည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ စပျစ်နွယ်ပင်နှင့် အကိုင်းအခက်များကဲ့သို့ပင် ကျွန်ုပ် တို့၏ ဘဝသည် ဘုရားသခင်နှင့် မြဲမြံစွာ ဆက်သွယ်နေရမည်ဖြစ်ပြီး၊ ဘဝ၏ အခက်အခဲ “အကိုင်းဖြတ်ခြင်း” များကြား၌ပင် ကိုယ်တော်၏ ခေါ်ယူခြင်းကို ပြန်လည်တုံ့ပြန်ရမည်ဖြစ်သည်။
နေ့စဉ် ကိုယ်တော်နှင့် ဆက်သွယ်ခြင်းဖြင့် အာဟာရဖြည့်တင်းခြင်း
ခေါ်တော်မူခြင်းသည် တစ်ခါတည်းနှင့် ရရှိသွားသောအရာ မဟုတ်ဘဲ နေ့စဉ် ဆုတောင်းခြင်းနှင့် ဆင်ခြင် ခြင်းဖြင့် အစဉ်တစိုက် ပြုစုပျိုးထောင်ရမည့် လမ်းစဉ် ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးက မယ်တော် မာရီ ယားအား ဘုရားသခင်၏ အလိုတော်ကို နားထောင်ပြီး လက်ခံခဲ့သည့် အကောင်းဆုံး စံနမူနာရှင်အဖြစ် တင်ပြကာ သဝဏ်လွှာကို နိဂုံးချုပ်ထားပါသည်။
Fr. Peter Kyi Maung
Photo Credit : Vatican News
Photo Caption: Pope Leo XIV (ANSA)


