
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) ၏ နွေရာသီ ကက်စတယ် ဂန်ဒိုလ်ဖို (Castel Gandolfo) ၌ အနားယူသည့်ကာလအဆုံးသတ်။

ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) သည် ရောမမြို့ပြင်ပရှိ ကက်စတယ် ဂန်ဒိုလ်ဖို (Castel Gandolfo) စံအိမ်တော်၌ ဇူလိုင်လ ၅ ရက်နေ့ မှစ၍ ၂၃ ရက်ကြာ သီးသန့်အနားယူခဲ့သည့် ကာလကို အဆုံးသတ်ကာ ဗာတီကန်သို့ ပြန်လည်ကြွ ရောက်တော်မူသွားပြီဖြစ်ပါသည်။
ဇူလိုင်လ ၂၇ ရက် တနင်္လာနေ့ ညနေ ၈ နာရီခွဲခန့်တွင် နန်းတော်မှ စတင်ထွက်ခွာစဉ် ပုပ်ရဟန်းမင်းကြီး သည် မိမိအား လာရောက်နှုတ်ဆက်ကြသည့် ပြည်သူများကို ရင်းနှီးစွာ နှုတ်ဆက်ခဲ့ပြီး မိဘများနှင့်အတူ စောင့်ဆိုင်းနေကြသော ကလေးငယ်အချို့ကိုလည်း ကောင်းချီးမင်္ဂလာ ပေးအပ်ခဲ့သည်။
အနားယူစဉ်ကာလအတွင်း ပြုလုပ်ခဲ့သည့် သာသနာရေးရာများ
ပုပ်ရဟန်းမင်းကြီးသည် အနားယူစဉ်ကာလအတွင်း ဝတ်ပြုဆုတောင်းခြင်း၊ စာဖတ်ခြင်းနှင့် ကျန်းမာ ရေးအတွက် အားကစားအချို့ ပြုလုပ်ခဲ့သည်။ အယ်လ်ဘာနို ရေကန်ကို စီးမိုးမြင်တွေ့ရသည့် ကက် စတယ် ဂန်ဒိုလ်ဖို မြို့ငယ်လေးသည် အီတလီနိုင်ငံ၏ အလှပဆုံး ရွာငယ်များစာရင်းတွင် ပါဝင်သော နေရာတစ်ခုလည်း ဖြစ်သည်။
စံမြန်းစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲများအပြင် ထူးခြားသည့် သာသနာပြုပွဲများတွင်လည်း ပါဝင်ခဲ့ပါသေးသည်။ ဇူလိုင် ၁၁ ရက် – လူမှုရေးအရ အကူအညီ လိုအပ် နေသော ရောမဂိုဏ်းချုပ်သာသနာမှ ကလေး ၃၅ ဦး အပါအဝင် လူပေါင်း ၂၀၀ နှင့်အတူ စံအိမ်တော် ဥယျာဉ်၌ မွန်းတည့်စာ အတူတကွ သုံးဆောင်ခဲ့သည်။ ဇူလိုင် ၁၈ ရက် – အယ်လ်ဘာနို ဂိုဏ်းအုပ် သာ သနာက နန်းတော်ရင်ပြင်၌ ကြီးမှူးကျင်းပသည့် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့သည်။ ဇူလိုင် ၂၀ နှင့် ၂၂ ရက် – မွန်တီကာစီနို (Montecassino) ရှိ ဘာနက်ဒစ်တင်း ဘုန်းတော်ကြီးကျောင်း၊ ဗာလီပီယက် ထရာ (Vallepietra) ရှိ ဘုရားကျောင်းတော်နှင့် ဆူဘီယာကို (Subiaco) ရှိ ရှေးဟောင်းဘုန်း တော်ကြီး ကျောင်းများသို့ သီးသန့် ကြွရောက်လေ့လာခဲ့သည်။
ရှေ့ဆက်ကျင်းပမည့် အခမ်းအနား
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ဇူလိုင်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကက်စတယ် ဂန်ဒိုလ်ဖိုသို့ ပြန် လည် ကြွရောက်မည်ဖြစ်ပြီး စိန့်ဖရန်စစ် (St. Francis of Assisi) ကွယ်လွန်ခြင်း နှစ် ၈၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပမည့် “Cantico di Pace” (ငြိမ်းချမ်းရေးသီချင်း) ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက် ဦးဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
#VaticanNews #PopeLeoXIV #CastelGandolfo #CatholicNews #Rvanews
Fr. Peter Kyi Maung
Photo Credit: Vatican News

