လူပုဂ္ဂိုလ်နှင့် လူ့ဂုဏ်သိက္ခာများအကြောင်း အပိုင်း (၄)

လူ့ဂုဏ်သိက္ခာကို ရှုထောင့်နှစ်ခုနဲ့ ကြည့်ရှုခဲ့ကြရာ ဒီတပတ်မှာတော့ ဒုတိယရှုထောင့်အနေဖြင့် လူ့ဂုဏ် သိက္ခာဟူသည် လူသားတိုင်းတွင်ရှိသော အသိတရားနှင့် လွတ်လပ်စွာ ရွေးချယ်နိုင်သည့် အရည် အသွေး များ ဖြစ်ကြသည်။ လူတိုင်း ပိုင်ဆိုင်ထားသည့် အသိတရားနှင့် လွတ်လပ်ခြင်းတို့သည် ဖန်ဆင်းရှင်ကို သိရန်နှင့် ချစ်ခင်ရန်အတွက် ဘုရားသခင် ပေးထားသော လက်ဆောင်များ ဖြစ်ကြတယ်။ ကောင်းမှုနဲ့ မကောင်းမှုကို ရွေးချယ်ပိုင်ခွင့်နဲ့ မကောင်းမှုကို ရှောင်ကြဉ်ရန်အတွက်လည်း အသိတရားကို လှုံ့ဆော် ပေးတယ်။ ထို့ကြောင့် မိမိ၏ အသိတရားဖြင့် မကောင်းမှုကို ရှောင်ကြဉ်ကာ ကောင်းမှုကို ရွေးချယ်ခြင်း သည်လည်း လူ့ဂုဏ်သိက္ခာပင် ဖြစ်တယ်လို့ ကက်သလစ်အသင်းတော်၏ လူ့ဂုဏ်သိက္ခာနှင့် ပတ်သက်၍ သွန်သင်ချက်မှာ ဖော်ပြထားတယ်။

ဒါကြောင့် လူသားတိုင်းသည် မိမိကိုယ်ပိုင် လွတ်လပ်ခွင့်ကို ကောင်းမွန်စွာ အသုံးပြုခြင်းအားဖြင့် မိမိ ဂုဏ်သိက္ခာကို ကာကွယ်ကြရမည်။ ကိုယ်ကျင့်တရားအားဖြင့် ဘုရားသခင်ကို ချီးမွမ်းထောပနာ ပြုနေ ရမည်။ ဤကဲ့သို့ ပြုကျင့်ခြင်းအားဖြင့်သာလျှင် တန်ဖိုးရှိပြီး ပြည့်ဝစုံလင်သော ဘဝကို ပိုင်ဆိုင်နိုင် ကြမည်။ ဘုရားသခင်၏ ခေါ်တော်မူခြင်းကို အပြည့်ဝ လက်ခံကျင့်ကြံနေနိုင်ကြမည်။

အထက်မှာ ဖော်ပြခဲ့သလို ဘုရားသခင်၏ ရွှေပုံသဏ္ဌာန်ကို ဘုရားသခင်အတွက် စွမ်းအင်ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည့်အတိုင်း လူသားအားလုံးတွင် အမှန်တရားကို ရှာဖွေလက်ခံနိုင်သော စွမ်းအင်များ ရှိကြ တယ်။ အမှန်တရားကို လွတ်လပ်စွာ ရွေးချယ်၊ လက်ခံ၊ ပြောဆို၊ ကျင့်ကြံနေထိုင်နိုင်သည့် စွမ်းအားများ ဖြစ်တယ်။ ဤကဲ့သို့ အမှန်တရားကို လက်တွေ့ရှာဖွေ ကျင့်ကြံနေထိုင်ခြင်းကိုလည်း လူ့ဂုဏ်သိက္ခာဟု ကက်သလစ်အသင်းတော်၏ သွန်သင်ချက်မှာ ဖော်ပြတယ်။

စိန့်သောမတ်စ် အကွိုင်းနပ်စ် (St. Thomas Aquinas) က လူတိုင်းတွင် မိမိဘဝအတွက် ကိုယ်ပိုင်ဆုံး ဖြတ်ခွင့်၊ ရည်မှန်းချက် ပန်းတိုင်ဆီသို့ တက်လှမ်းရန် ရွေးချယ်ပိုင်ခွင့် ရှိကြတယ်။ ထိုကဲ့သို့ မိမိဘဝ ရည်မှန်းချက် ပန်းတိုင်ရောက်ရန် ရွေးချယ်၊ ဆုံးဖြတ်၊ ကြိုးစားခြင်းကိုလည်း လူ့ဂုဏ်သိက္ခာဟု ခေါ်တယ်။ လူ့ဂုဏ်သိက္ခာမှာ အမျိုးအစား ၃ မျိုး ရှိတယ်။ အဲဒါကတော့ –

၁။ ဘုရားသခင်၏ ရွှေပုံသဏ္ဌာန်ကို ပိုင်ဆိုင်ထားသောကြောင့် ဘုရားသခင်နှင့် တူညီနေခြင်း၊

 ၂။ ဘုရား သခင်ကို သိရှိရုံ၊ ချစ်မြတ်နိုးရုံသာမက ဘုရားပေးထားသော ကျေးဇူးတော်ဖြင့် သူ၏ ပညတ်တရား များ ကို ကျင့်ကြံခြင်း၊

၃။ တတိယအချက်ကတော့ ဘုရားသခင်နှင့် အပြည့်အဝ ပေါင်းစည်းနိုင်သည့် မင်္ဂလာရှိသော သတ္တဝါများ ဖြစ်နေခြင်းတို့ပဲ ဖြစ်တယ်။

ဒါပေမဲ့ ကျွန်တော်တို့ လူသားတို့သည် မပြည့်စုံသော ဘဝဖြင့် အသက်ရှင်နေကြသောကြောင့် ဘုရား သခင်ကို အပြည့်အဝ သိရှိရန်နှင့် ချစ်နိုင်ရန် မဖြစ်နိုင်ပါဟု ကက်သလစ်အသင်းတော်က သွန်သင်ပေး ထားတယ်။

ကက်သလစ် သာသနာတော်၏ ဒုတိယဗာတီကန် အစည်းအဝေးကြီး၏ သွန်သင်ချက်အရ လူပုဂ္ဂိုလ်ဟူ သည် ကမ္ဘာလောက၏ အစိတ်အပိုင်း ဖြစ်သော်ငြားလည်း ပင်ကိုယ်အားဖြင့် အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ် တယ်လို့ ဖော်ပြထားတယ်။ ဒါကြောင့် လူသားအဖြစ် အသက်ရှင်နေခြင်း၏ ဂုဏ်သိက္ခာသည် ထိုက်တန် ပြီး တန်ဖိုးရှိရှိ အသက်ရှင်နေထိုင်ခြင်းကို ခေါ်တယ်။ ဒီအဖြစ်မှန်ကို သိရှိခြင်းသည် လူ့ဂုဏ်သိက္ခာကို ရိုသေလေးစားရန်နှင့် ကာကွယ်စောင့်ရှောက်ရန်အတွက် မရှိမဖြစ် လိုအပ်သော အသိတရား ဖြစ်တယ် ဟု သွန်သင်ထားတယ်။

ဒါကြောင့် လူ့ဂုဏ်သိက္ခာဟူသည် လူ့ဘဝထဲတွင် အတွင်းကျကျ ကိန်းအောင်းနေပြီး လွတ်လွတ်လပ် လပ် ထုတ်ဖော်ပြောဆို၊ ရိုသေလေးစားရန် လိုအပ်သည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင် ဖြစ်တယ်။ လူ့ဂုဏ်သိက္ခာကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မည်သည့်နယ်ပယ်တွင်မဆို ဦးစားပေးပြီး ရိုသေသမှုပြုခြင်းက မိမိတို့၏ ဘဝတွင် လွတ်လပ်စွာ ပိုင်ဆိုင်နေကြသော လူ့ဘဝအဖြစ်မှန်ကို လွတ်လပ်စွာ တန်ဖိုးထား ထုတ်ဖော်ခြင်းပင် ဖြစ်တယ်။

ယနေ့ မြန်မာ့ခေတ်တွင် လူ့ဂုဏ်သိက္ခာကို မည်သည့်အရာနှင့်မျှ တန်ဖိုးမဖြတ်နိုင်သော လူတစ်ဦး၏ အမြင့်ဆုံး သီးခြားတည်ရှိနေသော ဂုဏ်သိက္ခာအဖြစ် သိမှတ်လက်ခံကြတယ်။ ဒါကြောင့် လူပုဂ္ဂိုလ် ဟူသည် လူ့အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို ပြုလုပ်သူ ဖြစ်တယ်။ တန်ဆာဆာကံဖြစ်သည့် ပြုလုပ်ခံရမည့် အရာမဟုတ်ပေ။ လူတစ်ဦးကို မိမိကိုယ်ကျိုးအတွက် ဂုဏ်သိက္ခာမဲ့စွာ အသုံးမချသင့် ပေ။ မည်သည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်တွင်မဆို လူပုဂ္ဂိုလ် သို့မဟုတ် ပြည်သူလူထုကို ကိုယ်ကျိုးစီးပွား အမြတ်အစွန်းအတွက် အသုံးမချသင့်ပေ။ လူပုဂ္ဂိုလ်ကို အသုံးတော်ခံ ပစ္စည်းအဖြစ် အမြတ်အစွန်းအတွက် အသုံးမချသင့်ပေ။ လူပုဂ္ဂိုလ်ဟူသည် အစဦးကတည်းက သန့်ရှင်းမြင့်မြတ်ပြီး ဂုဏ်သိက္ခာနှင့် ပြည့်ဝသည်။ ထို့ကြောင့် မည်သည့်နယ်ပယ်တွင်မဆို လူ့ဂုဏ်သိက္ခာကို ရိုသေလေးစား ကြရမည်။ လူ့ဂုဏ်သိက္ခာကို ဦးစွာ တန်ဖိုးထား ကာကွယ်စောင့်ရှောက်ကြရမည်။

မိမိတို့ ကျင့်သုံးနေသည့် စီးပွားရေး၊ နိုင်ငံရေး စနစ်တိုင်းက လူ့ဂုဏ်သိက္ခာကို ဦးထိပ်ပန် အစေခံကာ လုံခြုံစွာ ကာကွယ်စောင့်ရှောက်နေသည့် စနစ်များသာ ဖြစ်ရမည်။ ထို့ကြောင့် လူပုဂ္ဂိုလ်ဟူသော ဝေါဟာရစကားလုံးကိုလည်း မိမိကိုယ်ကျင့်သိက္ခာ၊ အရည်အချင်း၊ အသိတရားတို့ဖြင့် ပတ်ဝန်းကျင် လောကကြီးအပေါ် အဓိပ္ပာယ်ရှိစွာ တွေ့ကြုံခံစားပြီး လွှမ်းမိုးနေသူဟု အဓိပ္ပာယ်ဖော်ထုတ်ထားတယ်။

ဒါကြောင့် လူသားတို့သည် မိမိတို့ အသိစိတ်ဓာတ်ဖြင့် အမြင့်မြတ်ဆုံး လူသားအဖြစ် ဂုဏ်သိက္ခာရှိရှိ နေထိုင်သင့်တယ်။ ထိုကဲ့သို့ မိမိတန်ဖိုးကို သိကာ မိမိအသိတရားဖြင့် ဖြည့်ဆည်းရမည့် တာဝန်ဝတ္တရား များကို ထမ်းဆောင်ခြင်းအားဖြင့် ကိုယ်ကျင့်သီလ ကောင်းမွန်စွာ နေထိုင်ကျင့်ကြံခြင်းကိုလည်း ဂုဏ်သိက္ခာဟု ခေါ်သည်ဟု လူ့ဂုဏ်သိက္ခာနှင့် ပတ်သက်၍ ကက်သလစ်သာသနာတော် သွန်သင်ချက်၏ ဒုတိယအပိုင်းကို တင်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါသည်။

တင်ဆက်သူ- Fr. Peter Kyi Maung

RVA Myanmar Language Service
Website: rvamyanmar.org
/ @rvamyanmar8152

rvamyanmar
rvamyanmar
Articles: 4105

Leave a Reply

Your email address will not be published. Required fields are marked *