ဘုရားသခင်သည် သုံးစွဲမှုဝါဒကိုမဟုတ်၊ အမှန်တကယ် ပြည့်စုံကြွယ်ဝမှုကို ဆောင်ကြဉ်းပေးသည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် နွေရာသီ အနားယူလျက်ရှိသော Castel Gandolfo မြို့မှ ဇူလိုင် ၂၆ ရက်၊ တနင်္ဂနွေနေ့တွင် မြွတ်ကြားခဲ့သည့် Angelus ဒေသနာတော်၌ ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ နက်နဲသော အမှန်တရားသည် လူ့ဘဝကို ပြောင်းလဲပေးသည့် ရတနာတစ်ပါးဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဝှက်ထားသော ရတနာနှင့် အလွန်တန်ဖိုးကြီးသော ပုလဲတို့အကြောင်း (ရှင်မာတေဦး ၁၃:၄၄-၅၂) ကို မိန့်ကြားရာတွင် ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်၏ နိုင်ငံတော်သည် နက်ရှိုင်းသော ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးသဖြင့် အရာအားလုံးကို စွန့်လွှတ်ရခြင်းသည် ဆုံးရှုံးမှု မဟုတ်တော့ဘဲ အမြတ်ရ ရှိခြင်း သာ ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ခရစ်ယာန်များအနေဖြင့် အမှန်တကယ် အရေးပါသောအရာကို ပိုင်း ခြားသိမြင်ကြရန် ကိုလဲ တိုက်တွန်းနှိုးဆော်ခဲ့သည်။

“ကိုယ်တော်၏ နိုင်ငံတော်နှင့် တွေ့ဆုံခြင်းသည် ဘဝကို ပိတ်ပင်တားဆီးလိုက်ခြင်း မဟုတ်ဘဲ ပိုမိုကျယ် ပြန့်စေသည့် အကွေ့အပြောင်းတစ်ခု ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။ “ငါတို့ ဘက်က တစ်စုံတစ်ခု ပြောင်းလဲရမည်ဆိုလျှင်၊ ၎င်းသည် ငါတို့ဘဝကို ပိုမိုနည်းပါးသော အခွင့်အလမ်း များဆီသို့ မဟုတ်ဘဲ ပိုမိုကြီးမားသော အခွင့်အလမ်းများဆီသို့ ဖွင့်လှစ်ပေးရန်အတွက်သာ ဖြစ်၏။”

အနုပညာရှင်များ၊ တောင်သူလယ်သမားများ၊ ကုန်သည်များ၊ တံငါသည်များ၊ ကျမ်းတတ် ပုဂ္ဂိုလ်များ၊ မုန့်ဖုတ်သော အမျိုးသမီးများ၊ ဆောက်လုပ်ရေး လုပ်သားများ၊ အုပ်ချုပ်သူများ၊ သိုးထိန်းများနှင့် လယ်သမားများ စသည့် သာမန်လူများ၏ ဘဝမှ ရယူထားသော ပုံရိပ်များမှတစ်ဆင့် ယေဇူး သခင်သည် နိုင်ငံတော်၏ အလှတရားကို ဖော်ထုတ်ပြသခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက ထောက်ပြခဲ့သည်။

ဤဥပမာများမှတစ်ဆင့် ယေဇူးသခင်သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမျိုးမျိုးသော အခြေအနေ များတွင် တွေ့ကြုံခံစားနိုင်ကြောင်းနှင့် အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီး၊ ဆင်းရဲ၊ ချမ်းသာ အား လုံးကို နက်ရှိုင်းသော သစ်လွင်ပြောင်းလဲခြင်းသို့ ခေါ်ဆောင်နေကြောင်း ပြသနေသည်။

ခရစ်တော်၌ စည်းလုံးသော သာသနာတော်

ယနေ့ခေတ် သာသနာတော်သည်လည်း ဤကဲ့သို့သော မတူကွဲပြားမှုများကို ထိန်းသိမ်းထားပြီး မတူညီ သော မူလအစ၊ ယဉ်ကျေးမှုနှင့် တာဝန်ဝတ္တရားများရှိသည့် လူများကို စုစည်းပေးထားကာ ယေဇူးခရစ် တော်၌ မိမိတို့၏ စည်းလုံးညီညွတ်မှုကို အသိအမှတ်ပြုရန် ခေါ်ယူထားကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။

“သခင်ခရစ်တော်သည် ဝှက်ထားသော ရတနာ၊ အလွန်တန်ဖိုးကြီးသော ပုလဲ၊ ကွဲလွင့်နေသူများကို စုစည်းပေးသော ပိုက်ကွန်ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

မည်သို့မျှ တွေ့ဆုံနိုင်မည်မဟုတ်သော လူများကို မိမိပတ်ဝန်းကျင်၌ စုစည်းခဲ့ပြီး၊ ဘုရားသခင်သည် မျက်နှာလိုက်ခြင်းမရှိကြောင်းနှင့် ကိုယ်တော်၏ မေတ္တာတော်သည် အထူးသဖြင့် ငယ်ရွယ်သူများနှင့် လျစ်လျူရှုခံရသူများထံသို့ ဦးတည်နေကြောင်း ပြသခဲ့သည်။

အမှန်တကယ် အရေးပါသောအရာကို ပိုင်းခြားသိမြင်ခြင်း

ပုပ်ရဟန်းမင်းကြီး လီယိုက ဘုရင် စော်လမုန် တောင်းဆိုခဲ့သည့် ဆုကျေးဇူးတော်ဖြစ်သော—အမှန် တကယ် တန်ဖိုးရှိသည့်အရာကို ပိုင်းခြားသိမြင်နိုင်သော ပညာစကားကို တောင်းခံကြရန် သဒ္ဓါတရား ရှိသူများအား ဖိတ်ခေါ်ခဲ့သည်။

သုံးစွဲမှုဝါဒ (consumer culture) သည် မကုန်နိုင်သော လိုအင်ဆန္ဒအသစ်များကို ဖန်တီးပေးပြီး တည်တံ့ သော ပြည့်စုံမှုကို မပေးနိုင်သည့်အပြင် လူသားတို့၏ နှလုံးသားကို ထိခိုက်စေနိုင်သော အဖြေများကို ပေးဆောင်နေကြောင်း သတိပေးခဲ့သည်။

ခရစ်ယာန်များသည် အမှန်တကယ် တန်ဖိုးရှိသော ရတနာကို ပိုင်းခြားသိမြင်ရန် သင်ယူရမည်ဖြစ်ပြီး၊ ၎င်းမှာ လူများကို ဝမ်းမြောက်ခြင်းသို့ ပွင့်လင်းစေပြီး တစ်ဦးနှင့်တစ်ဦး ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရာတွင် ကူညီပေးသည့် ဘုရားသခင်နှင့် ဆက်ဆံရေးပင်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

Fr. Peter Kyi Maung

Photo Credit : Vatican News

Website: rvamyanmar.org

/ @rvamyanmar8152

#rvamyanmar#Tripledialogue

https://www.vaticannews.va/…/pope-leo-xiv-angelus…

See less

rvamyanmar
rvamyanmar
Articles: 4105

Leave a Reply

Your email address will not be published. Required fields are marked *