ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ သမိုင်းဝင် စပိန်ခရီးစဉ် ပထမဆုံးရက်များတွင် မက်ဒရစ်မြို့ ဝတ်ပြု ဆုတောင်းပွဲသို့ လူဦးရေ ၁.၂ သန်း တက်ရောက်။

မက်ဒရစ် — ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မြောက် (Pope Leo XIV) ၏ ခုနစ်ရက်ကြာ သမိုင်းဝင် စပိန် နိုင်ငံ သာသနာပြုခရီးစဉ် စတင်ချိန်တွင် စပိန်မြို့တော်၏ လမ်းမများပေါ်၌ သက်ဝင်ယုံကြည်သူ လူဦးရေ တစ်သန်းကျော် တခဲနက် ပြည့်နှက်ခဲ့သည်။ ဇွန် ၆ ရက်မှ ၇ ရက် ခရီးစဉ်၏ ပထမဆုံး နှစ်ရက်တာ အ တောအတွင်း လူပင်လယ်ဝေမျှ  တက်ရောက်ခဲ့ကြပြီး၊ ခေတ်သစ်လူ့အဖွဲ့အစည်း၏ သဘောထား ကွဲ လွဲမှုများကို ဖယ်ရှားရန် ဥရောပခေါင်းဆောင်များကို တိုက်တွန်းသည့် ပြတ်သားသော နိုင်ငံရေးဆိုင်ရာ သဝဏ်လွှာကိုလည်း ပေးပို့ခဲ့သည်။

ယခုခရီးစဉ်သည် ၁၅ နှစ်တာကာလအတွင်း စပိန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ပုပ်ရဟန်း မင်းကြီး၏ ခရီးစဉ်ဖြစ်ပြီး၊ ယခုကဲ့သို့ လူထုအမြောက်အမြား တက်ရောက်ခြင်းက စပိန်လူ့အဖွဲ့ အစည်း သည် ခေတ်ကာလအရ ဘာသာရေးအယူအဆ ကင်းမဲ့လာသည်ဟု ဆိုသော်ငြားလည်း ကက်သလစ် ဘာသာရေး အစဉ်အလာ အမြစ်တွယ်နေဆဲဖြစ်ကြောင်း ပြသနေသည်။

သဘောထားကွဲလွဲမှုများကို ကျော်လွှားရန် တိုက်တွန်းချက်

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မြောက်သည် စနေနေ့နံနက်ပိုင်းတွင် Adolfo Suárez Madrid-Barajas အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး၊ စပိန်ဘုရင် ဖိလစ် (၆) မြောက် (King Felipe VI) နှင့် မိဖုရား လက်တစ်ဇီယာ (Queen Letizia) တို့က တရားဝင် ကြိုဆိုခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အစီ အစဉ်သည် အသိပညာရပ်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို ချက်ချင်းပင် ဦးတည်လုပ် ဆောင်ခဲ့သည်။

စနေနေ့မွန်းလွဲပိုင်းတွင် တော်ဝင်နန်းတော်၌ နိုင်ငံရေးနှင့် သံတမန်ရေးရာ အာဏာပိုင်များကို မိန့်ခွန်း ပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီးက ဥရောပခေါင်းဆောင်များအနေဖြင့် သဘောထားကွဲလွဲစေမည့် အပြောအဆိုများကို ဘေးဖယ်ထားကြရန် တိုက်တွန်းခဲ့သည်။ ခေတ်သစ်နည်းပညာများနှင့် နိုင်ငံရေး မဟာဗျူဟာများသည် အမုန်းတရားများကို မီးထိုးပေးနေပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အားနည်းစေ ကြောင်း ၎င်းက သတိပေးခဲ့သည်။

“အမှန်တရားကို ချစ်မြတ်နိုးတဲ့အတွက်၊ လူ့အဖွဲ့အစည်းရဲ့ ပကတိအခြေအနေနဲ့ သမိုင်းကြောင်းကို သ ဘောထားကွဲလွဲစေမယ့်၊ သွေးခွဲစေမယ့် ပြောဆိုချက်တွေကို ဘေးဖယ်ထားကြဖို့ လူတိုင်းကို ကျွန်ုပ်ဖိတ် ခေါ်ပါတယ်။ ဒါမှသာ ရှုပ်ထွေးနက်နဲမှုတွေကို အကျိုးရှိရှိ တန်ဖိုးထားနားလည်ခြင်းအားဖြင့် အနှစ်သာရ မရှိတဲ့ ရိုးရှင်းလွန်းတဲ့ ကောက်ချက်ချမှုတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။

ထိုနေ့မွန်းလွဲပိုင်း နောက်ပိုင်းတွင် ပုပ်ရဟန်းမင်းကြီးသည် အာဏာရှိသူများထံမှ ခွဲထွက်ကာ အခြေခံလူ တန်းစားများဆီသို့ ဦးတည်ခဲ့ပြီး၊ အိမ်ခြေမဲ့ဝေဒနာရှင်များကို ၂၄ နာရီပတ်လုံး ပြုစုစောင့်ရှောက် ပေးနေ သည့် Cáritas ၏ လူမှုရေးစီမံကိန်းဖြစ်သော CEDIA 24 Horas သို့ သွားရောက်ကြည့်ရှုခဲ့သည်။ ထိုနေ့ကို Plaza de Lima တွင် ပြုလုပ်သည့် အကြီးအကျယ် ဝတ်ပြုဆုတောင်းပွဲဖြင့် ရုပ်သိမ်းခဲ့ပြီး၊ ခန့်မှန်းခြေ စပိန်လူငယ် ၆၀၀,၀၀၀ ခန့်သည် ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဒူးထောက်ကာ မိနစ်အနည်းငယ်ကြာ ငြိမ်သက်စွာ ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။

လမ်းမများထက်တွင် သက်ဝင်ယုံကြည်သူ တစ်သန်းကျော် ပါဝင်။

တနင်္ဂနွေနေ့နံနက်ပိုင်းတွင် လူထုပရိသတ်မှာ သမိုင်းဝင်လောက်အောင် ပိုမိုများပြားလာခဲ့သည်။ ခန့်မှန်း ခြေ လူဦးရေ ၁.၂ သန်းခန့်သည် မက်ဒရစ်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော Plaza de Cibeles တွင် ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ဦးဆောင်ကျင်းပသည့် ပြင်ပမစ္ဆားတရားပွဲ (Outdoor Mass) သို့ ပြင်းထန် သော နွေဦးနေရောင်အောက်တွင် အားတက်သရော တက်ရောက်ခဲ့ကြသည်။

တနင်္ဂနွေနေ့သည် ကက်သလစ်ဘာသာဝင်တို့၏ စီတန်းလှည့်လည်ပွဲများ ကျင်းပလေ့ရှိသည့် Corpus Christi ပွဲတော်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။ မစ္ဆားတရားပွဲအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယိုသည် ခရစ်တော်၏ကိုယ်ခန္ဓာတော် (Eucharist) ကိန်းဝပ်ရာ ရွှေရောင်မွန်စထရန့် (Monstrance) ကို ပင့်ဆောင် ကာ မီတာ ၅၀၀ ရှည်လျားပြီး ဆန်းပြားလှပသော ပန်းကော်ဇော ၁၆ ခုဖြင့် တန်ဆာဆင်ထားသည့် လမ်း တစ်လျှောက် ကြွချီခဲ့ရာ၊ ကလေးငယ်များက ၎င်း၏ရှေ့မှောက်တွင် ပန်းပွင့်ဖတ်များ ကြဲဖြန့်၍ ပူဇော်ခဲ့ ကြသည်။

ယင်းတရားပွဲ၌ ပုပ်ရဟန်းမင်းကြီးသည် ဥရောပနိုင်ငံများအနေဖြင့် မိမိတို့၏ ခရစ်ယာန်အခြေခံမြစ် များကို ပြန်လည်အသိအမှတ်ပြုရန် တိုက်တွန်းခဲ့ပြီး စပိန်နိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုဓလေ့ ထုံး တမ်းများကို ချီးမွမ်းပြောဆိုခဲ့သည်။ လမ်းမများပေါ်တွင် ခမ်းနားစွာ တည်ဆောက်ထားသည့် ပန်းပလ္လင် များသည် ရိုးရာဓလေ့သက်သက်မျှမဟုတ်ဘဲ သက်ဝင်လှုပ်ရှားနေသော သက်ဝင်ယုံကြည်မှု၏ ပြသ ချက်ဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

“ဒါဟာ ဒီနေ့နဲ့ အနာဂတ် စပိန်နိုင်ငံရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံကို ရာစုနှစ်ပေါင်းများစွာ ပုံဖော် ပေးခဲ့တဲ့ ဘာသာရေးကိုးကွယ်မှုကို လာရောက်လေ့လာရုံသက်သက်ဖြစ်တဲ့ အတိတ်က ပြတိုက်တစ်ခုလို မဟုတ်ဘဲ၊ ဒီနေ့ခေတ်အထိ ယုံကြည်ခြင်းတွေကို မွေးဖွားပေးနေတဲ့ သက်ဝင်ကျောင်းတော်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ၎င်းက လူထုအား မိန့်ကြားခဲ့သည်။

တနင်္ဂနွေနေ့မွန်းလွဲပိုင်း အစီအစဉ်ကို Movistar Arena တွင် “Weaving Networks” (ကွန်ရက်များ ချိတ် ဆက်ခြင်း) အမည်ရှိ ပွဲဖြင့် ရုပ်သိမ်းခဲ့ပြီး၊ ထိုပွဲတွင် ပုပ်ရဟန်းမင်းကြီးသည် ယဉ်ကျေးမှု၊ အနုပညာ၊ စီးပွား ရေးနှင့် အားကစားလောကမှ ထင်ရှားကျော်ကြားသူများနှင့် တွေ့ဆုံခဲ့သည်။

ရှေ့ဆက်မည့် ခရီးစဉ်များ

မက်ဒရစ်မြို့တွင် ကျင်းပခဲ့သည့် အပတ်စဉ် လူထုအစည်းအဝေးကြီးများသည် ပုပ်ရဟန်းမင်းကြီး လီယို ၏ ပြည့်နှက်နေသော ရက်သတ္တပတ် ခရီးစဉ်၏ အစမျှသာ ဖြစ်သည်။ တနင်္လာနေ့တွင် ၎င်းသည် စပိန်လွှတ်တော် (Congress and Senate) ၌ ပူးတွဲမိန့်ခွန်းပြောကြားကာ သမိုင်းမှတ်တမ်းသစ် ရေးထိုးမည် ဖြစ်ပြီး၊ ၎င်းသည် ပုပ်ရဟန်းမင်းကြီးတစ်ပါးအနေဖြင့် စပိန်လွှတ်တော်တွင် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခြင်း ဖြစ်လာမည်ဖြစ်သည်။

ရက်သတ္တပတ်၏ နောက်ပိုင်းရက်များတွင် ဤသာသနာပြုခရီးစဉ်သည် မြို့တော်ပြင်ပသို့ ဆက်လက်ရွှေ့ ပြောင်းမည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည် ဘာစီလိုနာ (Barcelona) မြို့သို့ သွားရောက်ရန် စီစဉ် ထားပြီး၊ ထို့နောက် ကနေရီကျွန်းစု (Canary Islands) သို့ ဆက်လက်ကြွချီမည် ဖြစ်သည်။ ထိုနေရာတွင် ၎င်းသည် အနောက်အာဖရိကမှ အသက်ဘေးကို ရင်းပြီး ဖြတ်ကျော်လာခဲ့ကြသည့် ဒုက္ခသည်များနှင့် တွေ့ဆုံကာ ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အကျပ်အတည်းကို အဓိကထား အာရုံစိုက် ဆွေးနွေး သွားမည်ဟု မျှော်လင့်ရသည်။

Fr. Peter Kyi Maung 

photo Credit :Vatican News

Original Link: https://www.vaticannews.va/en/pope/news/2026-06/day-one-spain-pope-challenges-youth-change-history-through-love.html 

https://www.vaticannews.va/en/pope/news/2026-06/day-two-in-spain-what-legacy-are-we-leaving-for-the-future.html

rvamyanmar
rvamyanmar
Articles: 3981

Leave a Reply

Your email address will not be published. Required fields are marked *