ငြိမ်းချမ်းရေးကို စောင့်ရှောက်ခြင်းသည် သက်ရှိဘဝကို စောင့်ရှောက်ခြင်းဖြစ်သည်။

ကက်သလစ်သာသနာတော်က Laudato Si’ သီတင်းပတ်ကို ဆင်နွှဲနေစဉ်အတွင်း စိတ်နှလုံးအားလုံး၌ ငြိမ်းချမ်းရေး လွှမ်းမိုးနိုင်ပါစေကြောင်း ၁၄ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး လီယိုက ဆုတောင်းမေတ္တာ ပို့သလိုက်သည်။

၁၄ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး လီယိုသည် တနင်္ဂနွေနေ့တွင် ရေဂျီနာ ချေလီ (Regina Caeli) ဆုတောင်းမေတ္တာကို ရွတ်ဆိုစဉ် မေလ ၁၇ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် Laudato Si’ သီတင်းပတ်ကို အမှတ်ရစကား မိန့်ကြားခဲ့သည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သော ဤအစီအစဉ်သည် ကျွန်ုပ်တို့၏ ဘုံအိမ်ဂေဟာကို စောင့်ရှောက်ခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သဝဏ်လွှာ ထွက်ရှိခြင်း အထိမ်းအမှတ်အဖြစ် ဆင်နွှဲခြင်းဖြစ်ပြီး၊ လူသား အားလုံးကို မျှော်လင့်ချက်အဆင့်မှသည် လက်တွေ့လုပ်ဆောင်မှုအဆင့်သို့ လျှောက်လှမ်းကြရန် ဖိတ် ခေါ်ထားသည်။

ပုပ်ရဟန်းမင်းကြီးက Laudato Si’ လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် ဘက်စုံဂေဟစနစ်အတွက် လုပ်ဆောင် နေကြသူများအားလုံး ၎င်းတို့၏ ကတိကဝတ်များကို အသစ်တဖန် ပြန်လည်ဆန်းသစ်ကြရန် တိုက်တွန်း အားပေးခဲ့သည်။

အသင်းတော်အနေဖြင့် အာစီစီမြို့မှ စိန့်ဖရန်စစ် ကွယ်လွန်ခြင်း နှစ်ပေါင်း ၈၀၀ ပြည့်မြောက်ခြင်းကို အမှတ်သညာပြုနေစဉ်အတွင်း၊ ပုပ်ရဟန်းမင်းကြီးက ထိုသူတော်စင်၏ ဖန်ဆင်းခံသတ္တဝါများအပေါ် ထားရှိသော မေတ္တာနှင့် သူ၏ ငြိမ်းချမ်းရေး သတင်းစကားတို့ကို ရည်ညွှန်းမိန့်ကြားခဲ့သည်။

“အာစီစီမြို့မှ စိန့်ဖရန်စစ်ရဲ့ ဒီဂျူဘီလီ နှစ်မှာ ဘုရားသခင်နဲ့လည်းကောင်း၊ ကျွန်ုပ်တို့ရဲ့ ညီအစ်ကို မောင် နှမတွေနဲ့လည်းကောင်း၊ ဖန်ဆင်းခံ သတ္တဝါအားလုံးနဲ့လည်းကောင်း ငြိမ်းချမ်းစွာ နေထိုင်ရေးဆိုတဲ့ သူရဲ့ သတင်းစကားကို ပြန်လည်သတိရကြပါစို့” ဟု ၎င်းက မိန့်ကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ဖန်ဆင်းခံလောကကို စောင့်ရှောက်သည့် ကဏ္ဍတွင် တိုးတက်မှုများ အလွန်အမင်း နှောင့်နှေးကြန့်ကြာခဲ့ရသည့်အပေါ် ပုပ်ရဟန်းမင်းကြီးက စိတ် မကောင်းခြင်းကြီးစွာဖြင့် မြွက်ဟခဲ့သည်။

နောက်ဆုံးအနေဖြင့် ၁၄ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး လီယိုက ငြိမ်းချမ်းရေးကို စောင့်ရှောက်ခြင်းနှင့် သက်ရှိဘဝကို စောင့်ရှောက်ခြင်းတို့အကြား ခွဲခြားမရ ဒွန်တွဲနေသော ဆက်နွှယ်မှုကို ထောက်ပြခဲ့သည်။

“Laudato Si’ လှုပ်ရှားမှုအဖွဲ့ဝင်တွေနဲ့ ဘက်စုံဂေဟစနစ်အတွက် လုပ်ဆောင်နေကြသူတွေအားလုံး မိမိတို့ရဲ့ ကတိကဝတ်ကို အသစ်တဖန် ဆန်းသစ်ကြဖို့ ကျွန်ုပ် တိုက်တွန်းလိုပါတယ်” ဟု ၎င်းက မိန့်ကြားကာ “ငြိမ်းချမ်းရေးကို စောင့်ရှောက်ခြင်းဟာ သက်ရှိဘဝကို စောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်” ဟု နိဂုံးချုပ်ခဲ့သည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

Original Link: https://www.vaticannews.va/…/pope-leo-xiv-regina-caeli…

See less

rvamyanmar
rvamyanmar
Articles: 3921

Leave a Reply

Your email address will not be published. Required fields are marked *