
(၆၀) ကြိမ်မြောက် ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ၏ သဝန်လွှာ။

လူသားတို့၏ အသံများနှင့် မျက်နှာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
ချစ်လှစွာသော ဓမ္မမိတ်ဆွေ ညီအစ်ကို မောင်နှမအပေါင်းတို့ –
ကျွန်ုပ်တို့၏ မျက်နှာများနှင့် အသံများသည် လူသားတိုင်း၏ ထူးခြားထင်ရှားသော ဝိသေသလက္ခဏာ များ ဖြစ်ကြသည်။ ၎င်းတို့သည် လူတစ်ဦးချင်းစီ၏ အစားထိုးမရနိုင်သော မည်သူမည်ဝါဖြစ်တည်မှုကို ဖော်ပြနေပြီး အခြားသူများနှင့် တွေ့ဆုံဆက်ဆံမှုတိုင်း၏ အဓိကအဆုံးအဖြတ်ပေးသည့် အစိတ်အပိုင်း များလည်း ဖြစ်ကြသည်။ ရှေးခေတ်လူကြီးသူမများသည် ယင်းအချက်ကို ကောင်းစွာနားလည် ခဲ့ကြ သည်။ ရှေးဟောင်းဂရိလူမျိုးများသည် လူသားတစ်ဦးကို အဓိပ္ပာယ်ဖွင့်ဆိုရန် “မျက်နှာ” (prósōpon) ဟူသော စကားလုံးကို အသုံးပြုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားလုံး၏ ဝေါဟာရရင်း မြစ်အရ မိမိမျက်စိရှေ့မှောက်တွင် ရှိနေသောအရာ၊ တည်ရှိမှုနှင့် ဆက်ဆံရေးတို့ ဖြစ်ထွန်းရာနေရာကို ဖော်ပြနေသောကြောင့် ဖြစ်သည်။ တစ်ဖန် လက်တင်ဝေါဟာရ “ပုဂ္ဂိုလ်/လူ” (person – per-sonare မှ ဆင်းသက်လာသည်) ဆိုသည်မှာလည်း အသံဟူသော သဘောတရားကို ဆောင်ပါသည်။
သာမန်အသံမျိုးကို မဆိုလိုဘဲ လူတစ်ဦးချင်းစီ၏ မမှားနိုင်သော ကိုယ်ပိုင်အသံကို ဆိုလိုခြင်းဖြစ်သည်။
မျက်နှာများနှင့် အသံများသည် မွန်မြတ်လှပါသည်။ ကျွန်ုပ်တို့ကို မိမိ၏ ပုံသဏ္ဌာန်တော်နှင့် သဏ္ဌာန်တူ စံနမူနာအတိုင်း ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ၎င်း၏ နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို အသက်ရှင်ခြင်းသို့ ခေါ်ယူတော်မူစဉ်ကတည်းက ဤမျက်နှာနှင့် အသံများကို ပေးသနားခဲ့ခြင်း ဖြစ် သည်။ ဤနှုတ်ကပတ်တော်သည် ပရောဖက်များ၏ အသံများမှတစ်ဆင့် ရာစုနှစ်ပေါင်းများစွာ တိုင် အောင် ပဲ့တင်ထပ်ခဲ့ပြီး၊ အချိန်ကာလ ပြည့်စုံသောအခါ၌ လူ့ဇာတိအဖြစ် ခံယူခဲ့သည်။ ကျွန်ုပ်တို့ သည် လည်း ဘုရားသခင်က မိမိကိုယ်တိုင် တန်ဖိုးထား ဆက်သွယ်ပြောဆိုခဲ့သည့် ဤနှုတ်ကပတ်တော်ကို ကြားသိ မြင်တွေ့ခဲ့ရပြီးဖြစ်သည် (၁ ယောဟန် ၁:၁-၃ ကိုကြည့်ပါ)။ အဘယ်ကြောင့်ဆိုသော် ထိုနှုတ် ကပတ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်သော သခင်ယေဇူး၏ အသံတော်နှင့် မျက်နှာတော် အားဖြင့် ကျွန်ုပ်တို့ထံ ထင်ရှားလာခဲ့သောကြောင့် ဖြစ်သည်။
ဖန်ဆင်းခြင်းအစပြုကတည်းက ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးတို့ကို မိမိနှင့် အပြန်အလှန် စကားပြောဆိုသူများ ဖြစ်စေလိုခဲ့သည်။ စိန့်ဂရီဂိုရီ (Nyssa မှ Saint Gregory) ရှင်းလင်းမိန့် ကြားခဲ့ သကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့၏ မျက်နှာများပေါ်တွင် ဘုရားသခင်၏ မေတ္တာတော် အရိပ် အယောင်ကို ပုံနှိပ်ပေးခဲ့သည်။ သို့မှသာ ကျွန်ုပ်တို့သည် မေတ္တာတရားအားဖြင့် လူသားပီသမှုကို အပြည့် အဝ ရှင်သန်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် လူသားတို့၏ မျက်နှာများနှင့် အသံများကို ထိန်းသိမ်း စောင့် ရှောက်ခြင်းဆိုသည်မှာ ဘုရားသခင်၏ မေတ္တာတော်ဖြစ်သော ဤမဖျက်ဆီးနိုင်သည့် အမှတ်အသားကို ထိန်းသိမ်းခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့သည် ကြိုတင်သတ်မှတ်ထားသော ဇီဝဓာတုဗေဒ ဖော်မြူလာ များဖြင့် ဖွဲ့စည်းထားသည့် မျိုးစိတ်တစ်ခု မဟုတ်ပါ။ ကျွန်ုပ်တို့တစ်ဦးစီတိုင်းတွင် မိမိတို့၏ ဘဝအတွေ့အကြုံများမှ မြစ်ဖျားခံပြီး အခြားသူများနှင့် အပြန်အလှန် ဆက်ဆံခြင်းမှတစ်ဆင့် ထင်ရှားလာသော၊ အစားထိုး၍မရနိုင်၊ တုပ၍ မရနိုင်သော ခေါ်ယူခြင်း (ရည်ရွယ်ချက်) ကိုယ်စီ ရှိကြသည်။
အကယ်၍ ကျွန်ုပ်တို့သည် ဤထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ကို ပျက်ကွက်ခဲ့မည်ဆိုလျှင် ဒစ်ဂျစ် တယ်နည်းပညာသည် တစ်ခါတရံ ကျွန်ုပ်တို့ အလိုအလျောက် ရရှိထားသည်ဟု သတ်မှတ်ထားသော လူသားယဉ်ကျေးမှု၏ အခြေခံဒေါက်တိုင်အချို့ကို အမြစ်ပါမကျန် ပြောင်းလဲပစ်ရန် ခြိမ်းခြောက် လာပါ လိမ့်မည်။ ဉာဏ်ရည်တု (AI) ဟု သိကြသော စနစ်များသည် လူသားတို့၏ အသံများ၊ မျက်နှာများ၊ ပညာဉာဏ်နှင့် အသိပညာ၊ အသိစိတ်နှင့် တာဝန်ယူမှု၊ ကိုယ်ချင်းစာတရားနှင့် သံယောဇဉ်တို့ကို လိုက်လံ တုပခြင်းအားဖြင့် သတင်းအချက်အလက် ဂေဟစနစ်များကို နှောင့်ယှက်ရုံသာမက၊ လူသားအချင်းချင်း ဆက်ဆံရေးဆိုသည့် အနက်ရှိုင်းဆုံး ဆက်သွယ်ရေးအဆင့်အထိပါ ကျူးကျော်ဝင်ရောက်လာနေသည်။
ထို့ကြောင့် စိန်ခေါ်မှုသည် နည်းပညာပိုင်းဆိုင်ရာ မဟုတ်ဘဲ လူသားဗေဒဆိုင်ရာ (လူသားတို့၏ ဖြစ် တည် မှုဆိုင်ရာ) စိန်ခေါ်မှု ဖြစ်သည်။ မျက်နှာများနှင့် အသံများကို ကာကွယ်စောင့်ရှောက်ခြင်းသည် နောက် ဆုံးတွင် မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည် တုတို့က ပေးဆောင်လာသော အခွင့်အလမ်းများကို သတ္တိ၊ သန္နိဋ္ဌာန်နှင့် အမှားအမှန်ခွဲခြားသိမြင်မှုတို့ဖြင့် လက်ခံကြိုဆိုခြင်းဆိုသည်မှာ ၎င်းတို့နောက်ကွယ်က အရေးကြီးသော ပြဿနာများ၊ ရှုပ်ထွေးမှုများနှင့် အန္တရာယ်များကို မျက်ကွယ်ပြုထားရမည်ဟု မဆိုလိုပါ။
သင်၏ တွေးခေါ်မြော်မြင်နိုင်စွမ်းကို အဆုံးရှုံးမခံပါနှင့်
လူမှုမီဒီယာပလက်ဖောင်းများအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေမည့် အသုံးပြုသူများ စွဲလမ်းနှစ် သက်မှုကို အမြင့်ဆုံးရရှိရန် ပုံစံထုတ်ထားသော အယ်လ်ဂိုရီသမ် (Algorithms) များသည် လျင်မြန်သော စိတ်ခံစားမှုများကို ဦးစားပေးပြီး၊ နားလည်ရန်နှင့် ဆင်ခြင်ရန် လိုအပ်သော အချိန်ပေးရသည့် လူသား တို့၏ တုံ့ပြန်မှုများကိုမူ လျစ်လျူရှု ပစ်ပယ်ထားတတ်ကြောင်း ခိုင်လုံသော သက်သေအထောက် အထား များ ရှိခဲ့သည်မှာ ကြာပါပြီ။ လူသားများကို လွယ်လွယ်ကူကူ သဘောတူညီမှု ရနိုင်သော သို့မဟုတ် လွယ်လွယ်ကူကူ ဒေါသထွက်နိုင်သော သီးသန့်ဝိုင်းလေးများ (Bubbles) ထဲသို့ စုစည်းပိတ် လှောင် လိုက်ခြင်းအားဖြင့် ဤအယ်လ်ဂိုရီသမ်များသည် ကျွန်ုပ်တို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် နားထောင် နိုင်စွမ်းကို လျော့နည်းစေပြီး လူမှုရေးအရ အစွန်းရောက်ကွဲပြားမှုများကို ပိုမိုကြီးထွားစေသည်။
ဉာဏ်ရည်တု (AI) ကို အရာခပ်သိမ်း သိမြင်နေသော “မိတ်ဆွေ” အဖြစ်၊ ဗဟုသုတအပေါင်း၏ မြစ်ဖျားခံ ရာအဖြစ်၊ မှတ်ဉာဏ်အားလုံး၏ မော်ကွန်းတိုက်အဖြစ်၊ အကြံပေးချက်အားလုံး၏ “နတ်ဆရာ” အဖြစ် အလွယ်တကူနှင့် အကြွင်းမဲ့ ယုံကြည်ကိုးစားခြင်းက ဤအခြေအနေကို ပိုမိုဆိုးရွားစေသည်။ ဤအရာ အားလုံးသည် ကျွန်ုပ်တို့၏ ခွဲခြမ်းစိတ်ဖြာတွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ အဓိပ္ပာယ်ကို နား လည်နိုင်စွမ်းနှင့် ဝါကျတည်ဆောက်ပုံ (Syntax) နှင့် အဓိပ္ပာယ်ဗေဒ (Semantics) တို့အကြား ခွဲခြား သိမြင်နိုင်စွမ်းကို ပိုမိုဆုတ်ယုတ်ပျက်စီးစေနိုင်သည်။
AI သည် ဆက်သွယ်ရေးနှင့်သက်ဆိုင်သော လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရာတွင် အထောက် အကူနှင့် အကူအညီ ပေးနိုင်သော်လည်း၊ ရေရှည်တွင် မိမိကိုယ်တိုင် တွေးခေါ်ရမည့် အားထုတ်မှုကို ရှောင်လွှဲပြီး အတုအယောင် စာရင်းအင်းပြုစုချက်များအပေါ်၌သာ ကျေနပ်နှစ်သိမ့်နေခြင်းသည် ကျွန်ုပ် တို့၏ သိမြင်နားလည်မှု၊ စိတ်ခံစားမှုနှင့် ဆက်သွယ်ရေးစွမ်းရည်များကို ကျဆင်းစေမည့် အန္တရာယ် ရှိသည်။
မကြာသေးမီနှစ်များအတွင်း ဉာဏ်ရည်တုစနစ်များသည် စာသားများ၊ ဂီတနှင့် ဗီဒီယိုများ ထုတ်လုပ်မှုကို ပိုမိုထိန်းချုပ်လာခဲ့သည်။ ၎င်းသည် လူသားတို့၏ တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းအများစုကို ဖျက်သိမ်း ပစ်ပြီး “AI ဖြင့် ပံ့ပိုးထားသည်” (Powered by AI) ဟူသော တံဆိပ်ဖြင့် အစားထိုးခံရမည့် အန္တရာယ်ရှိ နေစေကာ၊ လူသားများကိုယ်တိုင် မတွေးခေါ်ဘဲ ရရှိလာသော အတွေးအခေါ်များနှင့် ပိုင်ရှင်မဲ့၊ မေတ္တာမဲ့ သော အမည်မသိထုတ်ကုန်များကို အလိုအလျောက် သုံးစွဲနေသူများ ဖြစ်လာစေသည်။ တစ်ချိန်တည်း မှာပင် ဂီတ၊ အနုပညာနှင့် စာပေနယ်ပယ်များရှိ လူသားပါရမီရှင်တို့၏ ပြောင်မြောက်လှသော လက်ရာ မွန်များသည် စက်ပစ္စည်းများကို လေ့ကျင့်ပေးရန်အတွက် သာမန်သင်တန်းကွင်းများအဖြစ်သို့ လျှော့ချခံ နေရသည်။
သို့သော် နှလုံးသားထဲက တကယ့်မေးခွန်းမှာ စက်ပစ္စည်းများသည် အဘယ်အရာကို လုပ်ဆောင်နိုင်သည် သို့မဟုတ် လုပ်ဆောင်နိုင်လိမ့်မည်နည်း ဟူသည်မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ အသုံးတော်ခံဖြစ်သော ဤ အစွမ်းထက်သည့် ကိရိယာများကို ပညာရှိရှိ အသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ လူသားဆန်မှုနှင့် အသိပညာကို မည်သို့တိုးတက်အောင် လုပ်ဆောင်နိုင်မည်နည်း ဟူသည်သာ ဖြစ်သည်။
လူသားတို့သည် ကြိုးစားအားထုတ်မှု၊ သုတေသနပြုမှုနှင့် ကိုယ်ပိုင်တာဝန်ယူမှုများ မလိုဘဲ အသိပညာ ၏ အသီးအပွင့်များကို အမြဲရယူလိုခဲ့ကြသည်။ သို့သော် တီထွင်ဖန်တီးနိုင်စွမ်းကို စွန့်လွှတ်ပြီး ကျွန်ုပ် တို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များနှင့် စိတ်ကူးစိတ်သန်းများကို စက်ပစ္စည်းများထံ လွှဲအပ်လိုက် ခြင်းသည် ဘုရားသခင်နှင့်လည်းကောင်း၊ အခြားသူများနှင့်လည်းကောင်း ဆက်ဆံရေးရှိပြီး လူသားတစ် ဦးအဖြစ် ကြီးထွားလာရန် ကျွန်ုပ်တို့အား ပေးသနားထားသော ပါရမီ (Talents) များကို မြေမြှုပ်ပစ် လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ မျက်နှာများကို ဖုံးကွယ်ထားပြီး ကျွန်ုပ်တို့၏ အသံများ ကို ဆိတ်ဆိတ်နေစေခြင်း ဖြစ်ပါလိမ့်မည်။
အစစ်အမှန် ဖြစ်တည်ခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း – ဆက်ဆံရေးများနှင့် လက်တွေ့ဘဝကို အတု အယောင် ဖန်တီးခြင်း
ကျွန်ုပ်တို့၏ လူမှုကွန်ရက်စာမျက်နှာများကို လှန်လှောကြည့်ရှုနေစဉ်အတွင်း ကျွန်ုပ်တို့သည် အခြားလူ သားများနှင့် ဆက်ဆံနေရသလား၊ သို့မဟုတ် “ဘော့တ်များ” (Bots) သို့မဟုတ် “အတုအယောင် အင်ဖလူ ရန်ဆာများ” (Virtual Influencers) နှင့် ဆက်ဆံနေရသလား ဆိုသည်ကို ခွဲခြားရန် ပိုမိုခက်ခဲလာ ပါသည်။ ဤအလိုအလျောက် လုပ်ဆောင်ပေးသော အေးဂျင့်များ၏ ပွင့်လင်းမြင်သာမှုမရှိသည့် ကြား ဝင်ဆောင်ရွက်မှုများသည် လူထုအငြင်းပွားမှုများနှင့် လူတို့၏ ရွေးချယ်မှုများကို လွှမ်းမိုးလျက်ရှိသည်။ ကြီးမားသော ဘာသာစကားမော်ဒယ်များ (LLMs) အပေါ် အခြေခံထားသည့် ချက်ဘော့တ်များ (Chatbots) သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြန်အလှန်ဆက်သွယ်မှုကို အဆက်မပြတ် အကောင်းဆုံး ဖြစ် အောင် ပြုလုပ်ခြင်းဖြင့် လူသားများကို မသိမသာ စည်းရုံးသိမ်းသွင်းရာတွင် အံ့ဩစရာကောင်း လောက် အောင် ထိရောက်မှုရှိကြောင်း သက်သေပြနေသည်။ ဤဘာသာစကားမော်ဒယ်များ၏ အပြန်အလှန် စကားပြောဆိုနိုင်မှု၊ လိုက်လျောညီထွေရှိမှုနှင့် တုပနိုင်စွမ်းရှိသော ဖွဲ့စည်းပုံသည် လူသားတို့၏ ခံစား ချက်များကို တုပနိုင်ပြီး ဆက်ဆံရေးတစ်ခုကို အတုအယောင် ဖန်တီးနိုင်သည်။ ဤကဲ့သို့ လူသား ဆန် အောင် ဖန်တီးထားခြင်းသည် ဖျော်ဖြေမှုတစ်ခု ဖြစ်နိုင်သော်လည်း၊ အထူးသဖြင့် ထိခိုက်လွယ် သူများ အတွက် လှည့်စားမှုတစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချက်ဘော့တ်များသည် အလွန် အမင်း “ဂရုစိုက်ကြင်နာတတ်” ပြီး အမြဲတမ်း တည်ရှိကာ ဆက်သွယ်ရလွယ်ကူသောကြောင့် ကျွန်ုပ် တို့၏ စိတ်ခံစားမှု အခြေအနေများကို မသိမသာ ပုံဖော်ပေးသူများ ဖြစ်လာနိုင်ပြီး ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုနယ်ပယ်ထဲသို့ ကျူးကျော်ဝင်ရောက် နေရာယူလာနိုင်သည်။
ကျွန်ုပ်တို့၏ ဆက်ဆံရေး လိုအပ်ချက်ကို အသုံးချသည့် နည်းပညာသည် လူတစ်ဦးချင်းစီ၏ ဘဝတွင် နာကျင်စရာ အကျိုးဆက်များကို ဖြစ်ပေါ်စေရုံသာမက လူမှုအဖွဲ့အစည်း၏ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းပုံကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်။ ကျွန်ုပ်တို့၏ အတွေးများကို စာရင်းပြု စုထားသော AI စနစ်များနှင့် အခြားသူများအကြားရှိ ဆက်ဆံရေးကို အစားထိုးလိုက်သောအခါ ဤ သို့ဖြစ်ပွားတတ်ပြီး ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် အရာခပ်သိမ်းကို “ကျွန်ုပ်တို့၏ ပုံသဏ္ဌာန်တော်နှင့် သဏ္ဌာန်တူ” ဖန်တီးထားသည့် မှန်ကမ္ဘာကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိနှင့် အမြဲတမ်း ကွဲပြားခြားနားနေပြီး ဆက်ဆံရေး တည်ဆောက်ရန် သင်ယူရမည့် အခြားသူများနှင့် တွေ့ဆုံခွင့် ရရှိမည့် အခွင့်အရေးကို လုယူခံလိုက်ရသည်။ အခြားသူများကို လက်ခံပွေ့ဖက်ခြင်း မရှိဘဲ စစ်မှန်သော ဆက်ဆံရေး သို့မဟုတ် သံယောဇဉ် မိတ်ဆွေအဖြစ် မရှိနိုင်ပါ။
ဤပေါ်ထွက်လာသော စနစ်များက ပေးဆောင်သည့် အခြားကြီးမားသော စိန်ခေါ်မှုတစ်ခုမှာ ဘက် လိုက်မှု (Bias) ဖြစ်ပြီး၊ ၎င်းသည် လက်တွေ့ဘဝအပေါ် လွဲမှားသော အမြင်ကို ရရှိစေရန်နှင့် လက်ဆင့် ကမ်း ဖြန့်ဝေစေရန် ဦးတည်စေသည်။ AI မော်ဒယ်များကို ၎င်းတို့ကို တည်ဆောက်သူများ၏ ကမ္ဘာ့ အမြင်ဖြင့် ပုံဖော်ထားခြင်းဖြစ်ပြီး၊ တစ်ဖန် ၎င်းတို့ အချက်အလက်ရယူထားသော ဒေတာများတွင် ပါရှိသည့် ပုံသေကားချပ် အယူအဆများနှင့် အစွဲများကို ပြန်လည်ထုတ်လုပ်ခြင်းဖြင့် အဆိုပါ တွေး ခေါ်ပုံနည်းလမ်းများကို လွှမ်းမိုးစေနိုင်သည်။ အယ်လ်ဂိုရီသမ် ပရိုဂရမ်ရေးဆွဲခြင်းတွင် ပွင့်လင်းမြင် သာမှု မရှိခြင်းနှင့် ဒေတာများ၏ လူမှုရေးဆိုင်ရာ ကိုယ်စားပြုမှု မလုံလောက်ခြင်းတို့သည် ကျွန်ုပ်တို့၏ အတွေးအမြင်များကို ကြိုးကိုင်ခြယ်လှယ်ပြီး လက်ရှိ လူမှုရေးဆိုင်ရာ မညီမျှမှုများနှင့် မတရားမှုများကို ပိုမိုရှည်ကြာ ပြင်းထန်စေသည့် ကွန်ရက်များထဲတွင် ကျွန်ုပ်တို့ကို ပိတ်မိနေစေတတ်သည်။
ရင်းနှီးရမည့်အရာမှာ အလွန်များပြားလှသည်။ အတုအယောင် ဖန်တီးနိုင်စွမ်း၏ စွမ်းအားသည် မည်မျှ ကြီးမားသနည်းဆိုလျှင် AI သည် ကျွန်ုပ်တို့၏ မျက်နှာများနှင့် အသံများကို လုယူကာ ပြိုင်တူ “လက်တွေ့ ဘဝအတုများ” ကို လုပ်ကြံဖန်တီးခြင်းဖြင့် ကျွန်ုပ်တို့ကို လှည့်စားနိုင်သည်အထိ ဖြစ်သည်။ ကျွန်ုပ်တို့ သည် အစစ်အမှန်နှင့် အတုအယောင်ကို ခွဲခြားရန် ပိုမိုခက်ခဲလာသည့် ဘက်စုံအတိုင်းအတာရှိသော ကမ္ဘာကြီးထဲတွင် နစ်မြုပ်နေကြရသည်။
တိကျမှုမရှိခြင်းက ဤပြဿနာကို ပိုမိုဆိုးရွားစေသည်။ ကိန်းဂဏန်းဆိုင်ရာ ဖြစ်နိုင်ခြေကို အသိပညာ အဖြစ် တင်ပြသော စနစ်များသည် အကောင်းဆုံးအခြေအနေတွင်ပင် ကျွန်ုပ်တို့အား သစ္စာတရား၏ နီးစပ်ရုံမျှသာ တင်ပြနိုင်ခြင်းဖြစ်ပြီး၊ တစ်ခါတရံတွင် လုံးဝအမှားအယွင်းများ ဖြစ်နေတတ်သည်။ အဖြစ် အပျက်များ ဖြစ်ပွားရာနေရာများသို့ သွားရောက်ကာ သတင်းအချက်အလက်များကို အစဉ်တစိုက် စုဆောင်းစိစစ်ရသည့် ကွင်းဆင်းသတင်းထောက်စနစ် အကျပ်အတည်းဖြစ်နေချိန်တွင် သတင်းမြစ် များ ကို အတည်ပြုရန် ပျက်ကွက်ခြင်းသည် သတင်းမှားများကို ပိုမိုမီးလောင်ရာပင့်ကူစက် ဖြစ်စေနိုင်ပြီး၊ မယုံကြည်မှု၊ ဝေခွဲမရမှုနှင့် မလုံခြုံမှုဆိုင်ရာ ခံစားချက်များကို တိုးပွားစေသည်။
ဖြစ်နိုင်ခြေရှိသော မဟာမိတ်ပြုခြင်း
ကျွန်ုပ်တို့အားလုံးကို သက်ရောက်မှုရှိစေသည့် ဤကြီးမားလှသော မမြင်နိုင်သော စွမ်းအား၏ နောက် ကွယ်တွင် ကုမ္ပဏီအနည်းငယ်သာ ရှိပြီး၊ ၎င်းတို့၏ တည်ထောင်သူများကို မကြာသေးမီက “၂၀၂၅ ခုနှစ် ၏ အထူးခြားဆုံးပုဂ္ဂိုလ်” (Person of the Year 2025) သို့မဟုတ် ဉာဏ်ရည်တုကို ဖန်တီးဗိသုကာ ပြုသူ များအဖြစ် တင်ပြခဲ့ကြသည်။ ၎င်းသည် အယ်လ်ဂိုရီသမ်စနစ်များနှင့် ဉာဏ်ရည်တုတို့အပေါ် အနည်း စုက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားခြင်းအပေါ် ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါစနစ်များသည် လူသားတို့၏ အပြုအမူများကို မသိမသာ လွှမ်းမိုးနိုင်ပြီး၊ ကျွန်ုပ်တို့ တကယ်သတိမထားမိဘဲ သာသနာတော်၏ သမိုင်းကြောင်းအပါအဝင် လူသားတို့၏ သမိုင်း ကိုပင် ပြန်လည်ပြင်ရေးနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့ ရှေ့မှောက်တွင် ရှိနေသော လုပ်ငန်းတာဝန်မှာ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုကို ရပ်တန့်ရန် မဟုတ်ဘဲ၊ ၎င်းကို လမ်းညွှန်ပြသရန်နှင့် ၎င်း၏ ကောင်းကျိုးဆိုးပြစ် ဒွန်တွဲနေသော သဘာဝကို သတိ ပြုမိရန် ဖြစ်သည်။ ဤကိရိယာများကို မဟာမိတ်များအဖြစ် အမှန်တကယ် လက်ခံအသုံး ပြုနိုင်ရန် အတွက် လူသားများ၏ ဘက်ကနေ မတ်တတ်ရပ်ပြီး မိမိတို့၏အသံကို မြှင့်တင်ရန်မှာ ကျွန်ုပ်တို့တစ် ဦးစီတိုင်းအပေါ်တွင် တည်မှီနေပါသည်။
ဤမဟာမိတ်ပြုခြင်းသည် ဖြစ်နိုင်သော်လည်း ဒေါက်တိုင်သုံးခုဖြစ်သည့် တာဝန်ယူမှု၊ ပူးပေါင်းဆောင် ရွက်မှု နှင့် ပညာရေး တို့အပေါ်တွင် အခြေခံရန် လိုအပ်သည်။ ပထမဦးစွာ တာဝန်ယူမှု ဖြစ်သည်။ မိမိတို့ ထမ်းဆောင်ရသည့် အခန်းကဏ္ဍအပေါ် မူတည်၍ တာဝန်ယူမှုကို ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ သတ္တိရှိမှု၊ အမြော်အမြင်ရှိမှု၊ အသိပညာကို မျှဝေရန် တာဝန် သို့မဟုတ် သတင်းအချက်အလက် သိရှိပိုင်ခွင့်ဟူ၍ နားလည်နိုင်သည်။ သို့သော် အခြေခံမူအရ မည်သူမျှ မိမိတို့ တည်ဆောက်နေသော အနာဂတ်အတွက် ကိုယ်ပိုင်တာဝန်ယူမှုမှ ရှောင်လွှဲ၍မရပါ။
အွန်လိုင်းပလက်ဖောင်းများကို ဦးဆောင်နေသူများအတွက်မူ ၎င်းတို့၏ စီးပွားရေးမဟာဗျူဟာများကို အမြတ်အစွန်း အမြင့်ဆုံးရရှိရေးဆိုသည့် စံနှုန်းတစ်ခုတည်းဖြင့် မောင်းနှင်ခြင်းမပြုဘဲ၊ မိမိတို့၏ သား သမီးများ၏ ကောင်းကျိုးချမ်းသာကို ဂရုစိုက်သကဲ့သို့ အများပြည်သူ၏ ဘုံအကျိုးစီးပွားကို ထည့်သွင်း စဉ်းစားသည့် အမြော်အမြင်ရှိသော အမြင်မျိုး ထားရှိရန် ဆိုလိုခြင်းဖြစ်သည်။
AI မော်ဒယ်များကို ဖန်တီးသူများနှင့် တီထွင်သူများအနေဖြင့် အသုံးပြုသူများဘက်က သိရှိနားလည်ပြီး သဘောတူခွင့်ပြုနိုင်မှုကို မြှင့်တင်ရန်အတွက် ၎င်းတို့၏ အယ်လ်ဂိုရီသမ်များနှင့် ၎င်းတို့ တီထွင် ထား သော မော်ဒယ်များ၏ နောက်ကွယ်က ဒီဇိုင်းအခြေခံမူများနှင့် ထိန်းညှိမှုစနစ်များနှင့် စပ်လျဉ်း၍ ပွင့် လင်းမြင်သာမှုရှိရန်နှင့် လူမှုရေးအရ တာဝန်ယူမှုရှိရန် ဖိတ်ခေါ်အပ်ပါသည်။
ယင်းကဲ့သို့သော တာဝန်ယူမှုမျိုးကို လူသားတို့၏ ဂုဏ်သိက္ခာကို လေးစားလိုက်နာမှုရှိစေရန် ဆောင် ရွက်ရမည့် တာဝန်ရှိသော နိုင်ငံအဆင့် ဥပဒေပြုအဖွဲ့များနှင့် နိုင်ငံတကာ စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့များထံမှလည်း လိုအပ်ပါသည်။ သင့်လျော်သော စည်းမျဉ်းစည်းကမ်းများသည် လူသား များအနေ ဖြင့် ချက်ဘော့တ်များနှင့် စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးနိုင်ပြီး၊ လှည့် စားတတ်သော အတုအယောင် ဖန်တီးမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်သော သတင်းအချက်အလက်များ၏ စစ်မှန်မှုကို ကာကွယ်စောင့်ရှောက်ကာ မှားယွင်းသော၊ ကြိုးကိုင်ထားသော သို့မဟုတ် လှည့်စားသော အကြောင်းအရာများ ပြန့်ပွားမှုကို ထိန်းချုပ်ပေးနိုင်သည်။
မီဒီယာနှင့် ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့်လည်း မည်သည့်ကုန်ကျစရိတ်မျိုးဖြင့်မဆို လူတို့၏ အာရုံစိုက်မှုကို စက္ကန့်အနည်းငယ်မျှ ပိုမိုဖမ်းစားနိုင်ရန် ပုံစံထုတ်ထားသော အယ်လ်ဂိုရီသမ်များကို သစ္စာတရားကို ရှာဖွေသည့် ၎င်းတို့၏ ကျွမ်းကျင်မှုဆိုင်ရာ တန်ဖိုးထားမှုများထက် သာလွန်လွှမ်းမိုးခွင့် မပြုနိုင်ပါ။ အများပြည်သူ၏ ယုံကြည်မှုကို တိကျမှုနှင့် ပွင့်လင်းမြင်သာမှုတို့ဖြင့် ရယူရခြင်းဖြစ်ပြီး၊ ဖြစ်နိုင်ခြေရှိသော စွဲလမ်းမှုနောက်သို့ လိုက်လံခြင်းဖြင့် မဟုတ်ပါ။
AI ဖြင့် ထုတ်လုပ်ထားသော သို့မဟုတ် ပြုပြင်ထားသော အကြောင်းအရာများကို ရှင်းလင်းစွာ အမှတ် အသားပြုရမည်ဖြစ်ပြီး လူသားများ ဖန်တီးထားသော အကြောင်းအရာများနှင့် ခွဲခြားထားရမည်။ သတင်းထောက်များနှင့် အခြားအကြောင်းအရာ ဖန်တီးသူများ၏ လက်ရာများအပေါ် မူပိုင်ခွင့်နှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ရမည်။ သတင်းအချက်အလက်သည် အများပြည်သူဆိုင်ရာ ကောင်းကျိုးတစ်ခုဖြစ်သည်။ တည်ဆောက်မှုဆန်ပြီး အဓိပ္ပာယ်ရှိသော ပြည်သူ့ဝန်ဆောင်မှုသည် ဝေဝါး မှုအပေါ်တွင် မဟုတ်ဘဲ သတင်းမြစ်များ၏ ပွင့်လင်းမြင်သာမှု၊ သက်ဆိုင်သူများ ပါဝင်မှုနှင့် မြင့်မားသော အရည်အသွေးစံနှုန်းများအပေါ်တွင်သာ အခြေခံသည်။
ကျွန်ုပ်တို့အားလုံးသည် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခြင်းခံရသည်။ မည်သည့်ကဏ္ဍ တစ်ခု တည်း ကမျှ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကို လမ်းညွှန်ခြင်းနှင့် AI အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုကို တစ်ကိုယ် တော် မဖြေရှင်းနိုင်ပါ။ ထို့ကြောင့် ကာကွယ်စောင့်ရှောက်ရေး အစီအမံများကို ထားရှိရမည်။ နည်းပညာ လုပ်ငန်းမှသည် ဥပဒေပြုသူများအထိ၊ တီထွင်ဖန်တီးမှုဆိုင်ရာ ကုမ္ပဏီများမှသည် ပညာရပ်ဆိုင်ရာ အဖွဲ့ အစည်းများအထိ၊ အနုပညာရှင်များမှသည် သတင်းထောက်များနှင့် ပညာရေးသမားများအထိ သက် ဆိုင်သူအားလုံးသည် အသိပညာရှိပြီး တာဝန်ယူမှုရှိသော ဒစ်ဂျစ်တယ် နိုင်ငံသားဖြစ်မှုကို တည်ဆောက် ရာတွင်နှင့် အကောင်အထည်ဖော်ရာတွင် ပါဝင်ရမည်။
ပညာရေး သည် အတိအကျအားဖြင့် ယင်းကို ရည်ရွယ်ပါသည် – ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်သော ကျွန်ုပ်တို့၏ ကိုယ်ပိုင်စွမ်းရည်ကို မြှင့်တင်ရန်၊ ကျွန်ုပ်တို့ လက်လှမ်းမီရရှိသော သတင်းအချက် အလက် များကို ရွေးချယ်မှုနောက်ကွယ်ရှိ ဖြစ်နိုင်ခြေရှိသော အကျိုးစီးပွားများနှင့် ကျွန်ုပ်တို့၏ သတင်းမြစ် များ သည် ယုံကြည်စိတ်ချရမှု ရှိမရှိ အကဲဖြတ်ရန်၊ ပါဝင်ပတ်သက်နေသော စိတ်ပညာဆိုင်ရာ ယန္တရားများကို နားလည်ရန်နှင့် ပိုမိုကျန်းမာပြီး တာဝန်ယူမှုရှိသော ဆက်သွယ်ရေးယဉ်ကျေးမှုအတွက် လက်တွေ့ကျ သော စံနှုန်းများကို တည်ဆောက်နိုင်ရန် ကျွန်ုပ်တို့၏ မိသားစုများ၊ လူမှုအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့ များကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ဖြစ်သည်။
ဤအကြောင်းပြချက်ကြောင့် အချို့သော အရပ်ဘက်အဖွဲ့အစည်းများက မြှင့်တင်ဆောင်ရွက် နေကြ သကဲ့သို့ မီဒီယာ၊ သတင်းအချက်အလက်နှင့် AI ဆိုင်ရာ တတ်မြောက်မှုတို့ကို ကဏ္ဍစုံ ပညာရေးစနစ် များထဲသို့ ထည့်သွင်းရန် ပိုမိုအရေးတကြီး လိုအပ်လာသည်။ ကက်သလစ်ဘာသာဝင်များအနေဖြင့် လူသားများ – အထူးသဖြင့် လူငယ်များ – ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို ရရှိနိုင်ပြီး စိတ်ဝိညာဉ် လွတ်လပ်မှုတွင် ကြီးထွားလာနိုင်စေရန် ဤကြိုးပမ်းမှုတွင် ကျွန်ုပ်တို့ ပါဝင်ကူညီနိုင်ပြီး ကူညီရပါမည်။ ဤတတ်မြောက်မှုအစီအစဉ်ကို ပိုမိုကျယ်ပြန့်သော တစ်သက်တာသင်ယူမှု အစအဦးများတွင်လည်း ပေါင်းစပ်ထည့်သွင်းသင့်ပြီး လျင်မြန်သော နည်းပညာပြောင်းလဲမှုများကြောင့် ဖယ်ကျဉ်ခံရကာ အားကိုး ရာမဲ့သကဲ့သို့ ခံစားရလေ့ရှိသော သက်ကြီးရွယ်အိုများနှင့် လူမှုအဖွဲ့အစည်းအတွင်း အခြေခံလူတန်း စားများထံသို့ပါ လက်လှမ်းမီစေရမည်။
မီဒီယာ၊ သတင်းအချက်အလက်နှင့် AI ဆိုင်ရာ တတ်မြောက်မှုသည် လူသားများအနေဖြင့် AI စနစ်များ ၏ လူသားဆန်အောင် တုပတတ်သော အလားအလာများနောက်သို့ မျက်ကန်းလိုက်မသွားစေရန် ကူညီ ပေးလိမ့်မည်ဖြစ်ပြီး ဤစနစ်များကို ကိရိယာများအဖြစ်သာ သဘောထားရန်နှင့် AI စနစ်များက ပေး ဆောင်သော (တိကျမှုမရှိ သို့မဟုတ် မှားယွင်းနိုင်သော) သတင်းမြစ်များကို အပြင်ဘက်ကနေ အမြဲတမ်း ပြန်လည်စိစစ်အတည်ပြုနိုင်စေရန် အားပေးပါလိမ့်မည်။ ထို့အပြင် ဤတတ်မြောက်မှုသည် လုံခြုံရေး ဆိုင်ရာ ကန့်သတ်ချက်များနှင့် တိုင်ကြားနိုင်ခွင့် လမ်းကြောင်းများကို ပိုမိုသိရှိလာခြင်းအားဖြင့် ပုဂ္ဂိုလ် ရေးဆိုင်ရာ လုံခြုံမှုနှင့် ဒေတာကာကွယ်ရေးကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။
မိမိတို့ကိုယ်တိုင်နှင့် အခြားသူများကို AI အား ရည်ရွယ်ချက်ရှိရှိ မည်သို့အသုံးပြုရမည်ကို ပညာပေးရန် အရေးကြီးပြီး ဤအခြေအနေတွင် ဒစ်ဂျစ်တယ်လိမ်လည်မှု၊ ဆိုက်ဘာအနိုင်ကျင့်မှု (Cyberbullying) နှင့် တစ်ဖက်သား၏ သဘောတူညီချက်မရှိဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ချိုးဖောက်သည့် နည်းပညာမြင့်အတုအယောင်များ (Deepfakes) ကဲ့သို့သော အန္တရာယ်ရှိသော အကြောင်းအရာများနှင့် အပြုအမူများ ဖန်တီးရာတွင် အသုံးပြုခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့၏ ပုံရိပ် (ဓာတ်ပုံနှင့် အသံ)၊ ကျွန်ုပ်တို့၏ မျက်နှာနှင့် အသံတို့ကို ကာကွယ်ရပါမည်။ စက်မှုတော်လှန်ရေးကာလက လူသားများ အနေ ဖြင့် ဖြစ်ထွန်းတိုးတက်မှုအသစ်များကို တုံ့ပြန်နိုင်ရန် အခြေခံစာတတ်မြောက်မှုကို တောင်းဆိုခဲ့ သကဲ့သို့ ပင်၊ ဒစ်ဂျစ်တယ်တော်လှန်ရေးသည်လည်း အယ်လ်ဂိုရီသမ်များက ကျွန်ုပ်တို့၏ လက်တွေ့ဘဝအမြင်ကို မည်သို့ပုံဖော်နေပုံ၊ AI ၏ ဘက်လိုက်မှုများ မည်သို့အလုပ်လုပ်ပုံ၊ ကျွန်ုပ်တို့၏ လူမှုကွန်ရက် စာမျက်နှာ များတွင် အချို့သောအကြောင်းအရာများ တည်ရှိနေမှုကို မည်သည့်ယန္တရားများက ဆုံးဖြတ်ပုံ၊ AI စီးပွား ရေး၏ စီးပွားရေးဆိုင်ရာ အခြေခံမူများနှင့် မော်ဒယ်များသည် အဘယ်အရာဖြစ်ပြီး ၎င်းတို့ မည်သို့ ပြောင်းလဲသွားနိုင်ပုံတို့ကို နားလည်နိုင်ရန်အတွက် (လူသားဆန်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာပေးမှု များနှင့်အတူ) ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှုကို လိုအပ်ပါသည်။
လူသားတွေအတွက် ပြန်လည်ပြောဆိုပေးဖို့ မျက်နှာတွေနဲ့ အသံတွေ ကျွန်ုပ်တို့ ပြန်လည်လို အပ် နေပါသည်။ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုအားလုံး၏ ဦးတည်ရာလည်းဖြစ်ရမည့် ဆက်သွယ် ပြောဆိုခြင်းဆိုသည့် ဆုလာဘ်ကို လူသားမျိုးနွယ်၏ အနက်ရှိုင်းဆုံး သစ္စာတရားအဖြစ် ကျွန်ုပ်တို့ တန်ဖိုးထား မြတ်နိုးဖို့ လိုအပ်ပါသည်။
ဤဆင်ခြင်သုံးသပ်ချက်များကို အကြမ်းဖျင်းဖော်ပြရင်း၊ အထက်တွင် ဖော်ပြထားသော ရည်မှန်းချက် များဆီသို့ ဦးတည်လုပ်ဆောင်နေကြသူ အားလုံးကို ကျွန်ုပ် ကျေးဇူးတင်ရှိပါကြောင်းနှင့် မီဒီယာများမှ တစ်ဆင့် ဘုံအကျိုးစီးပွားအတွက် လုပ်ဆောင်နေကြသူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကောင်းချီး ပေးအပ်ပါသတည်း။
ဗာတီကန်မြို့တော်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်၊ စိန့်ဖရန်စစ် ဒီဆေးလ်စ် (Saint Francis de Sales) ၏ ပွဲနေ့တွင်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄)
RVA Myanmar Language Service
Original Link


