
ဖာရ်သာ . Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလဆဌမ သီတင်းပါတ် ဗုဒ္ဓဟူးနေ့ ၁၃၊ ၅၊ ၂၀၂၆
ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ယနေ့ အသင်းတော်မှာ ဖာတီမာမြို့မှာ နှိမ့်ချတဲ့ ကလေး (၃) ယောင်ကို အလွန်လှပတဲ့ သဒ္ဒါကြည်ညိိုဖွယ်ကောင်းတဲ့ ဖာတီမာမယ်တော်သခင်မရဲ့ ထင်ရှားပြခြင်းကို ပြန်လည် သတိရအောက်မေ့ကျင်းပကြပါတယ်။ မယ်တော်သခင်မရဲ့ သတင်းစကားက ရိုးရှင်းပေမဲ့ ခွန်အားတွေနဲ့ပြည့်ဝနေပါတယ်။
ဆူညံမှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်ခြင်းတွေနဲ့ပြည့်နေတဲ့ ကမ္ဘာကြီးမှာ မယ်တော်သခင်မက ဘယ်အရာက စစ်မှန်တဲ့အရာလဲဆိုတာကို ပြန်လည်သတိရစေပါတယ်။ အဲဒါကတော့ နှလုံးသားပြောင်းလဲခြင်းဖြစ်ပါတယ်။ သူမအနေနဲ့ ပြစ်ဒါဏ်စီရင်ခြင်းနဲ့မလာပဲ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့လာပါတယ်။ မယ်တော်သခင်မ အနေနဲ့ ကျွန်ုပ်တို့ကို စိပ်ပုတီးစိပ်ဆုတောင်းဖို့၊ ကျွန်ုပ်တို့ရဲ့ နှလုံးသား ကျွန်ုပ်တို့ရဲ့ မိသားစု နဲ့ ကမ္ဘာကြီးအတွက် ငြိိမ်းချမ်းခြင်း သယ်ဆောင်လာပေးဖို့ ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါတယ်။
ရူပါရုံ မြင်ရသူတွေထဲက တစ်ဦးဖြစ်တဲ့ St. Jacintaက ” ဆုတောင်းပါ၊ များများဆုတောင်းပါ၊ ပြီးတော့ အပြစ်သားတွေအတွက် ဒါဏ်ဆပ်ဖြေမှုများ ပြုလုပ်ပါဆိုပြီး ပြောကြားခဲ့ပါတယ်။ သူမအနေနဲ့ ကလေးတစ်ယောက်ဖြစ်တာတောင်မှ ချစ်ခြင်းမေတ္တာဆိုတာ တစ်ပါးသူတွေအတွက် မိမိ ကိုယ်ကို ပေးဆပ်ပူဇော်ခြင်း ဖြစ်တယ်ဆိုတာကို နားလည်ခဲ့ပါတယ်။
ရဟန္တာကြီး ပုပ်ရဟန်းမင်းကြီး John Paul II က ဘာမိန့်ကြားခဲ့သလဲ ဆိုတော့ ” ဖာတီမာရဲ့ သတင်းစကားက ပြောင်းလဲဖို့နဲ့ နောင်တရဖို့ ဖိတ်ခေါ်ခြင်း”ဖြစ်တယ်ဆိုပြီး မိန့်ကြားခဲ့ပါတယ်။ ၄င်းဟာ အတိတ်တုန်းက သတင်းစကားမဟုတ်ပါဘူး။ ၄င်းဟာ ယနေ့ ကျွန်ုပ်တို့အတွက်ဖြစ်ပါတယ်။
ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ အမိမယ်တော်က ကျွန်ုပ်တို့ရဲ့ နှလုံးသားကို စကားပြောနေပါတယ်။
စိတ်ပျက်ခြင်းတွေအပေါ်မှာ ကျွန်ုပ်တို့ ဆုတောင်းမေတ္တာ ကို ရွေးချယ်ဖို့၊ ဒေါသကို ဆုပ်ကိုင်နေမဲ့အစား ခွင့်လွှတ်ဖို့ခက်ခဲတဲ့အချိန်ကာလတွင် ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားဖို့ သတိပေးနေပါတယ်။
ဒါကြောင့် ကလေးသူငယ်များကဲ့သို့ သူမရဲ့လက် ကို ကိုင်စွဲကာ ခရစ်တော်ဆီကို လျှောက်လှမ်းကြပါစို့။ သူမအနေနဲ့ ကျွန်ုပ်တို့ကို အမြဲပြောနေပါတယ်။ သူစေခိုင်းသမျှ ကို ပြုကြပါ။ “
ဖာတီမာမယ်တော်သခင်မက ကျွန်ုက်တို့ကို ပိုမိုနက်ရှိုင်းသော ယုံကြည်ခြင်း၊ လေးနက်ခိုင်မာတဲ့ မျှော်လင့်ခြင်းနဲ့ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာကို ဦးဆောင်လမ်းညွှန်နိုင်ပါစေ။
ဘုရားသခင် သင်တို့အားလုံးကို ကောင်းချီးပေးပါစေ။



