
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ငြိမ်းချမ်းရေး မေတ္တာရပ်ခံချက်များ။

(အီစတာတနင်္ဂနွေနေ့၊ စိန့်ပီတာရင်ပြင်တွင် တွေ့ရသော ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (@ဗာတီကန် မီဒီယာ)
သန့်ရှင်းသော ရက်သတ္တပတ် (Holy Week) နှင့် အီစတာကာလတစ်လျှောက်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပါသည်။ ကမ္ဘာ့တင်း မာမှုများ မြင့်တက်နေချိန်တွင် ဘုရားသခင်သည် စစ်ပွဲကို ငြင်းပယ်ကြောင်းနှင့် ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်းသည် သေခြင်းနှင့် အကြမ်းဖက်မှုအပေါ် အပြတ်အသတ် အောင်နိုင်ခြင်းဖြစ်ကြောင်း သူက အလေးပေး ပြောကြားခဲ့ပါသည်။
ဓားကိုကိုင်သောသူသည် ဓားဖြင့်ပင် ပျက်စီးရလိမ့်မည်
မေတ္တာပန်းတနင်္ဂနွေ (Palm Sunday) ဝတ်ပြုပွဲတွင် ပုပ်ရဟန်းမင်းကြီးက “နူးညံ့သော ငြိမ်းချမ်းရေး” ကို ဖော်ဆောင်ရန်အတွက် သံလွင်ခက်များကို အသုံးပြုခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များနှင့် ဘာသာသူ များ အား ခရစ်တော်၏ စကားဖြစ်သော “ဓားကိုကိုင်သောသူသည် ဓားဖြင့်ပင် ပျက်စီးရမည်” ဟူသော စကားကို သတိပေးခဲ့သည်။ ခရစ်တော်သည် လက်နက်ဖြင့် မိမိကိုယ်ကို ခုခံကာကွယ်မည့်အစား လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် အကြမ်းမဖက်သော လမ်းစဉ်ကို ပြသခဲ့ကြောင်း သူက ဆိုသည်။
အာဏာအလွဲသုံးစားလုပ်ခြင်းမှ ကောင်းကျိုးမရနိုင်ပါ
သန့်ရှင်းသော ကြာသပတေးနေ့ (Holy Thursday) ဝတ်ပြုပွဲတွင် ပုပ်ရဟန်းမင်းကြီးက ကမ္ဘာကြီးကို ဖျက်ဆီးနေသော အာဏာရှင်စနစ်နှင့် အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။ အာဏာအလွဲ သုံးစားလုပ်ခြင်း သို့မဟုတ် နယ်ချဲ့ကျူးကျော်ခြင်းတို့မှ မည်သည့်အခါမျှ ကောင်းကျိုးမရနိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ခရစ်တော်သည် သေခြင်းတရား၏ မှောင်မိုက်ထဲသို့ ဆင်းသက်ခြင်းဖြင့် အကြမ်းဖက်မှု၏ ဥပဒေကို ဖော်ထုတ်ကာ “ဖန်ဆင်းခြင်းအသစ်” ကို ဆောင်ကြဉ်းပေးခဲ့သည်ဟု သူက ဆိုသည်။
ခရစ်တော်သည် မိမိကိုယ်ကို ပေးဆပ်ခြင်း၊ အစေခံခြင်းနှင့် ချစ်ခြင်းမေတ္တာ၏ စံနမူနာကို ပြသခဲ့သည်
ခြေဆေးမင်္ဂလာ အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်၏ စင်ကြယ်စေသော စွမ်းအားကို ကိုယ်စားပြုသည့်အနေဖြင့် လူငယ်ဘုန်းတော်ကြီးများ၏ ခြေကို ဆေးကြောပေးခဲ့သည်။ ကြီးမြတ် ခြင်း ဟူသည် အခြားသူများကို လွှမ်းမိုးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမဟုတ်ဘဲ၊ အစေခံခြင်းနှင့် မိမိကိုယ်ကို ပေးဆပ်ခြင်းသာဖြစ်ကြောင်း သူက သွန်သင်ခဲ့သည်။
ခရစ်တော်၏ ခြေရာကို လိုက်လျှောက်ခြင်း
သောကြာနေ့ (Good Friday) တွင် ကိုလိုစီယမ် (Colosseum) ၌ ကျင်းပသော ဝတ်ပြုပွဲတွင် ချစ်ခြင်း မေတ္တာနှင့် မကောင်းမှုတို့အကြား တိုက်ပွဲကို ထောက်ရှုကာ ခရစ်တော်၏ ဒုက္ခဝေဒနာ ခံသော လမ်းစဉ် အတိုင်း လိုက်လျှောက်ခြင်းဖြင့် ဝိညာဉ်ရေးရာ လွတ်မြောက်မှုကို ရှာဖွေရန်နှင့် နေ့စဉ်ဘဝ၏ ခက်ခဲမှု များကို ကျော်လွှားရန် တိုက်တွန်းခဲ့ပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ သေဆုံးခြင်းကို အလိုမရှိပါ
အီစတာအကြို (Easter Vigil) ဝတ်ပြုပွဲတွင် ပုပ်ရဟန်းမင်းကြီးက စစ်ပွဲကြောင့် သေဆုံးရသူများကို ကိန်းဂဏန်းများအဖြစ်သာ သဘောထားခြင်းကို ဝေဖန်ခဲ့သည်။ မြေထဲပင်လယ်အတွင်း လှေနစ်မြုပ် မှုကြောင့် သေဆုံးခဲ့ရသူများကို အောက်မေ့ရင်း၊ ဘုရားသခင်သည် လူသားတို့အား သေခြင်းမှ လွတ် မြောက်စေကာ လွတ်လပ်သော ဘဝသစ်ကို ပေးလိုကြောင်း သူက ပြောကြားခဲ့သည်။
“အရှင်မြတ်သည် သက်တော်ထင်ရှားရှိပြီး ကျွန်ုပ်တို့နှင့်အတူ ရှိနေပါသည်”
အီစတာတနင်္ဂနွေနေ့တွင် ဆင်းရဲသားများကို နှိပ်စက်ခြင်းနှင့် ကမ္ဘာ့သယံဇာတများကို အမြတ် အစွန်း အတွက် ဖျက်ဆီးခြင်းများကို ရှုတ်ချခဲ့သည်။ ခရစ်တော်၏ သင်္ချိုင်းဂူသည် အချည်းနှီးဖြစ်နေခြင်း (ရှင်ပြန်ထမြောက်ခြင်း) က ကျွန်ုပ်တို့ကို မျှော်လင့်ချက်ပေးကြောင်းနှင့် သေခြင်းတရားသည် လူသား တို့၏ နောက်ဆုံးကံကြမ္မာမဟုတ်ကြောင်း အားပေးခဲ့သည်။
ခရစ်တော်ရှင်ပြန်ထမြောက်သော စွမ်းအားသည် လုံးဝအကြမ်းမဖက်သော စွမ်းအားဖြစ်သည်
သူ၏ နောက်ဆုံး Urbi et Orbi (ရောမမြို့တော်နှင့် ကမ္ဘာလောကသို့) သဝဏ်လွှာတွင် အကြမ်းဖက်မှုနှင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုများအပေါ် လူသားများ စိတ်မဝင်စားဘဲ နေထိုင်လာကြခြင်းကို သတိ ပေးခဲ့သည်။ လက်နက်ကိုင်စွဲမည့်အစား တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကြရန်နှင့် ဒေါ်နယ်ထရန့် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လာကြရန် ရဟန်းမင်း ကြီးလီယို က တိုက်တွန်းခဲ့ပါသည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Original links: https://www.vaticannews.va/en/pope/news/2026-04/pope-leo-peace-appeals-easter-holy-week-darkness-conflict.html


