စိန့်ဂျိုးဇက်အသင်းဂိုဏ်းဝင် သီလရှင် (၄) ပါး၏ သာသနာပြုခရီး (၂၅) နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲကျင်းပ။

စိုန့်ဂျိုးဇက်အသင်းဂိုဏ်းဝင် သီလရှင်(၄)ပါး၏ သာသနာပြုခရီး (၂၅)နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲကို မန္တလေးကက်သလစ်သာသနာ၊ ပြင်ဦးလွင်မြို့၊ဆင်လမ်းကျွေးရွာ၊ စိန့်ဂျိုးဇက် တရားရိပ်သာတွင် (၂၂.၁.၂၀၂၆) ကြာသပတေးနေ့ နံနက် ၁ဝ:ဝဝ နာရီအချိန်၌ မော်လမြိုင်ဂိုဏ်းအုပ်သာသနာ၊ ဆရာတော်ကြီး Maurice Nyunt Wai မှမစ္ဆားတရားဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

မစ္ဆားတရား၌ ဆရာတော်ကြီး Maurice Nyunt Wai မိန့်ကြားသည်မှာ

“အရာရာတိုင်းအတွက်ကျေးဇူးတင်တတ်တဲ့အခါမှာ အရာရာတိုင်းသည် အကောင်းဘက်ပြောင်းလဲ သွား တတ်ပါတယ်။ အပြုံးအတွက်သာမက အမုန်းခံရတဲ့အတွက်လည်းကျေးဇူးတင်ရမယ် အရှေ့က ပေးတဲ့ ပန်းစည်းအတွက်ရော အနောက်ကထိုးတဲ့ဓားအတွက်ပါကျေးဇူးတင်ရမှာဖြစ်ပါတယ်။ အရာ အားလုံး အတွက် ဘုရားကိုကျေးဇူးတင်တတ်ရမယ်။

ဂျူဘီလီပွဲကျင်းပခြင်းသည် အသက်တွေရလာတာကို ကြွားဖို့မဟုတ်ဘူး အသက်တွေရတာထက် သက်သေခံဖို့ဖြစ်တယ်။ ပုံသက်သေကောင်းပြဖို့အတွက်ဖြစ်တယ် ကိုယ်ကဘုရားကို ကျေးဇူးတင်သလို အခြားသူလည်းပဲ ကျေးဇူးတင်တတ်ဖို့အတွက် စံနမူနာပြခြင်းဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

ဂျူဘီလီရှင်များဖြစ်ကြသော သီလရှင်များမှလည်း ခုလိုရင်တွင်းစကားပြောရာမှာ

Sr. Lucia Thandar Aung( SJA)

၂၅ နှစ်ဆိုတဲ့အချိန်ကာလတခုက သာသနာလုပ်ငန်းတွေတနေရာပြီးတနေရာလုပ်ရင်း ၊ ရောက် မှန်းမသိ ရောက်လာခဲ့တာကို အံ့ဩ၀မ်းသာဖြစ်မိသလို၊ ဘုရားသခင်ကိုအထူးပဲကျေးဇူးတင်မိပါတယ်။ တကယ် ပါ ဘုရားကျေးဇူးသာမပါရင် ဒီ ၂၅ နှစ်ဆိုတာဘလိုမှ တွေးလို့မရတဲ့ ခရီးရှည်ကြီး တခုဖြစ်မှာပါ။ SJA အသင်းမှာပေးလှူပူဇော်ပေးတဲ့ မိဘ ၂ပါး၊ လမ်းညွှန်သင်ကြား ၊ တွဲကူဖေးထူတဲ့ အကြီးအကဲများ အာလုံး ကို ကျေးဇူးတင်ပါတယ်။

 ၂၅ နှစ်ဆိုတော့ အတွေ့အကြုံတွေက  အများကြီးပေါ့နော် မျှော်လင့်ထားတဲ့ ယေဘူယျ အတွေ့ အကြုံ မျိုးတွေရှိသလို ၊ လုံး၀မထင်မှတ်ထားတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေလဲအများကြီးပါပဲ။ ဆက်ကပ် အသက်တာမှာကြုံရတဲ့ ဘ၀အတွေ့အကြုံတိုင်းကို သင်ခန်းစာအဖြစ်မှတ်ယူပြီး အနာဂတ်မှာပိုကောင်း ဖို့လို့ သင်ယူပါတယ်။ ဒါ့အပြင် divine providence ဘုရားပေးလာတဲ့ ချိုမြတဲ့ စပရိုက် ကျေးဇူး တော်တွေကလည်း အများသားပဲမို့ ဒါတွေကလည်း ဘ၀မှာကျေနပ်စရာတွေ ၊ ရှေ့ဆက်ဖို့ ခွန်အားတွေ ပီတိတွေဖြစ်လာခဲ့တယ်။ ၂၅ နှစ်မှာ ၁၃ နှစ်နီးပါးက RVA အမှုတော်ဆောင်ခဲ့တာမို့ ဒီသာသနာ လုပ်ငန်းနဲ့ Sr ရဲ့ သံယောဇဉ် ၊ ဒီမစ်ရှင်ကလည်း Sr ဘ၀အတွက် အမှတ်ရစရာ ၊ ကျေနပ်စရာ ဘုရားကျေးဇူးချီး မွမ်းစေမဲ့အရာတွေဖြစ်ခဲ့ပါတယ်။ RVA နဲ့သက်ဆိုင်ရာ တာ၀န်ရှိသူများ၊ လက်တွဲတာ၀န်ထမ်းဆောင် ခဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

 ဒီနေ့ခေတ်စိန်ခေါ်ချက်တွေကအရမ်းများပါတယ်။ သာသနာလယ်ကွင်းမှာ လုပ်ဆောင်စရာ တွေသိပ် များတယ်။ Sr အနေနဲ့ကတော့ ဘုရားပေးလာတဲ့ မစ်ရှင်မှာ ကျရာကဏ္ဍနဲ့တာ၀န်ကို ကြိုးစားသင်ယူ ဆက် ကပ်သွားပါမယ်။ ကလေးတွေပညာရေး ၊ ဖွံ့ဖြိုးရေး ၊ အသက်မွေး၀မ်းကြောင်းပညာရပ်တွေနဲ့ တဖက် တလမ်းကတတ်နိုင်သလောက်ချိပ်ဆက်ကူညီပေးချင်ပါတယ်။

Sr.Maria Se Khaw Lam

ကျွန်မက စိန်ဂျိုးဇက်သီလရှင်အသင်းဂိုဏ်းထဲမှာ သီလရှင်တပါးအနေဖြင့် ၂၅ နှစ်တာ တာဝန်ကျရာ နေရာတွေမှာ ကျွန်မတတ်မြောက်ထားတဲ့ဆေးပညာလေးနဲ့အစေခံနေတာပါ။ ဆေးကုတယ်ဆို တဲ့နေ ရာမှာ ကိုယ်ဆေးခန်းဖွင့်ထားတဲ့နေရာမှာ ဆေးခန်းလာပြတဲ့လူနာတွေရှိသလို ခက်ခဲကြမ်းတမ်း တဲ့နေရာ တွေကနေ လာပင့်ကြတဲ့လူနာတွေအတွက် ဘယ်လောက်ခက်ခဲပါစေ ဆိုင်ကယ်နဲ့တမျိုး ခြေချင်နဲ့ တဖုံ သွားရောက်ခဲ့ရသလို ညအချိန်မတော် လာပင့်တဲ့လူနာတွေကိုလဲ မငြင်းရက်တာကြောင့် သွားရောက် ကုသခဲ့တာ တွေ ဆွမ်းစားချိန်ဖြစ်ပေမယ့် လူနာကိုဦးစားပေးခဲ့ရခြင်းတွေရှိပေမယ့် ကိုယ်မွေးပေးလိုက် တဲ့ကလေးမိခင်တွေရဲ့အပြုံးကိုမြင်ရချိန် ကိုယ်ကုသပေးလိုက်တဲ့ကလေးမိခင်တွေရဲ့ အပြုံးကိုမြင်ရချိန် တွေမှာ ပင်ပန်းပေမယ့် ပီတိဖြစ်ရပါတယ်။ဘုရားရှင်ကိုလည်း ကျွန်မရဲ့ဆက်ကပ်ပေးနိုင် တဲ့ကျေးဇူး တော် ခွန်အားအတွက် ကျေးဇူတင်မိပါတယ်။ဘုရားရှင်ကျေးဇူးတော်ကြောင့်သာ အခုလို ဆက်ကပ်နိုင် တာပါ။

ရှေ့ဆက်ပြီး ဘုရားရှင်နောက်ကို ကျွန်မတတ်တဲ့ ဆေးပညာလေးနဲ့ တာဝန်ကျရာနေရာတွေမှာ ဆက်ကပ် သွားမှာပါ။

Sr. Myint Myint Htwe

ဒီ၂၅နှစ်ဆိုတဲ့ခရီးကို ရောက်နိုင်ခဲ့တဲ့အတွက် ဘုရားရှင်ကို ဦးစွာကျေးဇူးတင်ပါတယ်။ စ္စတာရ် ဖြစ်ပြီးမကြာမှီမှာဖိလစ်ပိုင်ပညာတော်သင် ကျောင်းသွားတက်တဲ့အချိန် ဘာသာစကား မတူ တာကြောင့် အခက်အခဲနည်းနည်းတော့ ရှိခဲ့တယ် ဒါမဲ့ဘုရားရှင်ကျေးဇူးတော်ကြောင့် အဲဒီကရလာတဲ့ ပညာရပ်တွေနဲ့ ဒီမှာရှိတဲ့ကလေးတွေကို အထောက်အကူပြန်ပြုနိုင်ပြီ။

ဂုဏ်ယူကျေနပ်ရတဲ့အချိန်တွေကို ပြောရမယ်ဆိုရင်တော့ ကိုယ်တတ်မြောက်လာတဲ့ ပညာရပ်တွေကို ဒီက ညီအစ်မ စ္စတာရ်တွေ၊ လူငယ်တွေ၊ကလေးတွေကို ပြန်သင်ကြားပေးတဲ့အချိန်မှာ သူတို့ဆီကပြန် ကြားရတဲ့ ဒီစ္စတာရ် စာသင်တာကောင်းတယ်၊ တော်တယ်ဆိုတာတွေပြန်ကြားရတော့ အောငါတစ်ခုခု တော့ လုပ်နိုင်ပါလားဆိုပြီး ဝမ်းသာမိတယ်။

ရှေ့ဆက်ပြီးတော့လည်း စ္စတာရ် ကဒီသာသနာပြုလုပ်ငန်းတွေမှာ လိုအပ်နေတဲ့သူတွေအတွက် ပိုမို ကောင်းမွန် ပညာရေးတွေရရှိဖို့ရန်အတွက် ကြိုးစားပြီးဒီပညာသင်ကြားပေးတဲ့အရာတွေကို ဆက်လုပ် သွားချင်ပါတယ်။

Sr.Cecilia Kho Sen Lun ( Kalay Diocese)

၂၅နှစ်တာအတွင်း ဘုရားရှင်ရဲ့ ကာကွယ်စောင့်ရှောက်မှု ခွန်အားပေးမှုတွေအတွက် အထူးကျေးဇူးတင် ပါတယ်။ ဘုရားရှင်က အားနည်းတဲ့ ကျွန်မ ကိုအသုံးပြုပြီး ကိုယ့်အတွက်ကိုမတွေးပဲ အခြားသူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဆက်ကပ်နိုင်ဖို့ အခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဆက်လက် ပြီးတော့လည်း ကိုယ်ကျရာနေရာဒေသများမှာ သာသနာပြုအမှုတွေကိုအကောင်းဆုံး ဆက်ပြီးလုပ် ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဂျူဘီလီရှင်များမှာ

1.Sr.Maria SeKhaw Lam

2.Sr.Cecilia Kho Sen Lun

3.Sr.Lucia Thandar Aung

4.Sr.Rose Mary Myint Myint Htwe တို့ဖြစ်ပါသည်။

ဂျူဘီလီပွဲမစ္ဆားတရားသို့ မန္တလေးကက်သလစ်သာသနာပိုင် ဆရာတော်ကြီး မာကုဦးတင်ဝင်း၊ မော်လ မြိုင်ဂိုဏ်းအုပ်သာသနာ ဆရာတော်ကြီး Maurice Nyunt Wai ၊ မန္တလေး၊ပြင်ဦးလွင် နှင့် အခြားဒေ သများ မှ ဘုန်းတော်ကြီးများ ၊ သီလရှင်များ၊ ဘာသာဝင်များမှ လာရောက် ဂုဏ်ပြုခဲ့ ကြပါ သည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *