
Cardinal Charles Bo ၏ခရစ္စမတ် သတင်းစကား။

“ငြိမ်းချမ်းခြင်းသည် သင်တို့အားလုံးနှင့်အတူရှိပါစေ”
လေးစားချစ်ခင်ရပါသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်နိုင်ငံတော်၏အရေးပါသော တာဝန်အသီး သီးကို ထမ်းဆောင်နေကြပါသော ဂုဏ်အသရေရှိလူကြီးမင်းများ၊မြန်မာနိုင်ငံ ရဟန်းမင်းကြီး ကိုယ် စားလှယ် Msgr. Andrea Ferrante မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီမှ ဆရာတော် ကြီးများ ပါဝင်ဆုတောင်းနေကြသူများနှင့် ညီအစ်ကိုမောင်နှမသားသမီးအပေါင်းတို့“Peace be with you!” “ငြိမ်းချမ်းခြင်းသည် သင်တို့နှင့်အတူ ရှိပါစေ”ဆိုတဲ့နှုတ်ခွန်းဆက်စကားကို နှစ်ထောင်ပေါင်း များစွာက လူမျိုးတိုင်း၊ ဘာသာ မျိုးစုံကိုးကွယ်သူတိုင်း အချင်းချင်းနှုတ်ဆက်တဲ့အချိန်မှာအသုံးပြု ခဲ့ ကြပါတယ်။
အရာရာကိုစိုးပိုင်စီမံအုပ်ချုပ်တော်မူသော ဘုရားသခင်က ကလေးငယ်လေး အဖြစ်နဲ့ မွေးဖွါးခြင်းခံ တော်မူခြင်းဖြစ်ပါတယ်။ လူ့အဖြစ်ယူပြီး အသေခံခြင်း အထိ အနိမ့်ကျဆုံးအဖြစ်ကိုခံယူခဲ့တဲ့ ဘုရား သခင်ရဲ့လူ့အဖြစ်ယူတော်မူခြင်းကို မိခင်တစ်ဦးရဲ့ ဝမ်းတော်အတွင်းမှာစတင်ပြီး ဗက်သလေဟင်မြို့ နွားစားခွက်မှာ အထင်အရှားပြခဲ့ပါတယ်။ ခရစ်တော်ဖွါးမြင်လာတဲ့အခါ “ငြိမ်းချမ်းပါစေကမ္ဘာမြေ” လို့ ကောင်းကင်တမန်တွေက တေးသီကျူးခဲ့ကြရင်း ဘုရားသခင်က အကာအကွယ်မဲ့တဲ့ ကလေးသူ ငယ် တစ်ယောက်အဖြစ်မွေးဖွါးလာတယ်ဆိုတဲ့ သတင်းကို ပြောကြားခဲ့ကြတယ်။
ကလေးငယ်တစ်ယောက်မှာ ဘာအဆောင် အယောင်မှမရှိဘူး၊ ဘာအစွမ်းအစမှမရှိဘူး၊ အလွယ်တကူ ကျိုးပဲ့နိုင်တဲ့ အနေအထားမှာပဲ ရှိတယ်။ ဒါပေမဲ့ ကလေးငယ်တစ်ယောက်ဟာ ကျွန်ုပ်တို့ရဲ့ နှလုံး သားအတွင်းကို ထိုးဖေါက်ဝင်ရောက်နိုင်စွမ်းရှိတယ်၊ ကျွန်ုပ်တို့ကို ပြောင်းလဲ ပေးနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ ကလေးငယ်လေးက ကျွန်ုပ်တို့ လူသား တွေဟာ ကျိုးပဲ့နိုင်တဲ့သူတွေ ဖြစ်တယ်၊ အကန့် အသတ်နဲ့ ရှင်သန် နေထိုင်ရတဲ့ သူတွေ ဖြစ်တယ်ဆိုတာ သတိပေးပါတယ်။ အဲ့ဒါကြောင့် ဘုရားသခင်က သူ့မှာရှိတဲ့ ဘုန်းတန်ခိုးအာနုဘော်တော်တွေကို စွန့်ခွါပြီး လူ့အဖြစ်ယူခြင်း အားဖြင့် ငြိမ်းချမ်း စွာနေထိုင်နိုင်မယ့် နည်းလမ်းကောင်းကို သင်ကြားပေးနေပါတယ်။
ခရစ်တော်ဟာ ရန်သူများရဲ့ဖမ်းဆီးခြင်းမခံရခင်လေးမှာ သူနဲ့အတူရှိနေတဲ့ တပည့်တော်ကြီးများကို ခွန်အားပေးခဲ့ပါတယ်။ “ငြိမ်းချမ်းခြင်းကို သင်တို့၌ ငါပေးထားခဲ့၏၊ ငါ၏ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏၊ ဤလောက ပေးသကဲ့သို့ ငါသည်သင်တို့အားပေးသည်မဟုတ်၊ သင်တို့၏ စိတ်နှလုံး ပူပန်ခြင်း မရှိကြနှင့်၊ ကြောက်ရွံ့ခြင်းလည်း မရှိကြနှင့်”(ဟောဟန် ၁၄:၂၇)။ ခရစ်တော်ရဲ့ အကြမ်းမဖက် သော နည်းလမ်းကို တပည့်တော်ကြီးတွေက လက်မခံနိုင်ခဲ့ကြဘူး။ ခရစ်တော်ကို သတ်လိုတဲ့ရန်သူတွေရှိတာ သူတို့သိကြတယ်၊ ဒါကိုခရစ်တော်က သိပါလျက်နဲ့ ငြိမ်းချမ်းခြင်းတရားကိုသာဟောနေခဲ့တယ်။
တပည့်တော်ကြီး တွေရဲ့လက်မခံနိုင်ခြင်းက အကြမ်းဖက်ခြင်းအဖြစ် ပြောင်းလဲခဲ့တယ်လို့ သမ္မာကျမ်း စာက ဖေါ်ပြတယ်။ ခရစ်တော်ကိုဖမ်းဆီးဖို့လာတဲ့အခါ ကိုယ်တော့်ကို ကာကွယ်ဖို့ ဓါးထုတ် ပြီးခုတ် တဲ့အခါ ခရစ်တော်က “သင်၏ဓါးကို ဓါးအိမ်၌ ပြန်ထည့်လော့” (ယောဟန် ၁၈:၁၁) ဆိုပြီး ဟန့်တား ခဲ့တယ်။
ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်နဲ့ ခရစ်ယာန်များရဲ့ငြိမ်းချမ်းရေးက လက်နက်မပါသော ငြိမ်း ချမ်းရေးဖြစ်တယ်။ ယေဇူးခရစ်တော်ဟာ သူ့ခေတ် အခါရဲ့ နိုင်ငံရေး၊ လူမှုရေး အခြေအနေတွေကို လက် နက်မကိုင်ဘဲ ပြုပြင် ပြောင်းလဲဖို့ လုပ်ဆောင်ခဲ့တယ်။ ကျွန်ုပ်တို့ ခရစ်ယာန်တိုင်းဟာလည်း ဒီမွန်မြတ် သောနည်းလမ်းကို သက်သေခံကြပြီး အကြမ်းဖက်ခြင်းတွေကို ရှောင် ရှားကြဖို့ ဖိတ်ခေါ်နေပါတယ်။ အသိမ်ငယ်ဆုံးသောသူတွေကို ကြင်နာသနား ခြင်းနဲ့ ကူညီဖေးမခြင်းက နာကျင်မှုတွေကို နှစ်သိမ့်ပေး နိုင်မယ်၊ ဒဏ်ရာတွေကို ကုသပေးနိုင်စွမ်းရှိပါလိမ့်မယ်။
လူတိုင်းက ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြတယ်၊ အလိုရှိကြတယ်။ဒါပေမဲ့ တနေ့တခြားကြီး ထွားလာ နေတဲ့ လောကကြီးရဲ့မရေရာမှုတွေကြောင့် စိုးရိမ် သောကဖြစ်နေကြရတယ်။ တစ်ဦးချင်းတစ်ယောက် ခြင်းသာမက နိုင်ငံတစ်ခု လုံးက မလုံခြုံတော့ဘူးလို့ ခံစားလာကြတယ်။ ငြိမ်းချမ်းရေးဆိုတာ အဝေး ကြီးမှာ ရှိနေတဲ့အရာလို့ မှတ်ယူကြတယ်။
ငြိမ်းချမ်းရေးအတွက်ဆိုပြီး စစ်တိုက်ဖို့ ပြင်ဆင်ကြတယ်။ တိုင်းသူပြည်သားတွေက သူတို့ရဲ့အစိုးရဟာ စစ်ပွဲအတွက် လုံလောက်အောင်အသင့်မပြင်ထားဘူး၊ တိုက်ခိုက်လာတာတွေကို တုန့်ပြန် တိုက်ခိုက်ခြင်း မရှိဘူး၊ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ မတုန့်ပြန်ဘူးဆိုရင် မှားယွင်းသောအုပ်ချုပ်မှု၊ အစွမ်းအစ မရှိတဲ့အစိုးရလို့ စွပ်စွဲပြောဆိုကြတယ်။ ဒီလိုနဲ့ ကမ္ဘာ့နိုင်ငံတိုင်းလိုလို အပြိုင်အဆိုင်လက်နက် တပ်ဆင် ကြရတော့တယ်။
အပြိုင်ဆိုင်လက်နက်တပ်ဆင်မှုတွေကြောင့် ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ၂၇၁၈ ဘီလီယံအထိ အသုံးပြုခဲ့ကြ တယ်လို့ ကမ္ဘာ့စစ်တမ်းတွေက ဖေါ်ပြကြပါတယ်။ နိုင်ငံတိုင်းက လက်နက်တပ်ဆင်ခြင်းဆိုတာ
မဖြစ်မနေလုပ်ရမယ့်ဝတ္တရားအဖြစ် လုပ်ဆောင်လာကြတယ်။
ဒီပြဿနာရဲ့အရင်းအမြစ်က တိုင်းနိုင်ငံတွေအချင်းချင်းဆက်ဆံရေးကို စည်းမျဉ်း ဥပဒေတွေ၊ တရားမျှ တခြင်းတွေ၊ အပြန်အလှန်ထားရှိအပ်တဲ့ ယုံကြည်ခြင်းတွေ အပေါ်မှာ မတည်ဆောက်ဘဲနဲ့ ကြောက် ရွံ့စိတ်တွေ၊ နိုင့်ထက်စီးနင်းလွှမ်းမိုး လိုခြင်းတွေအပေါ်မှာ တည်ဆောက်နေကြတာကြောင့် ဖြစ်တယ်။ ရလဒ်က တော့ လူတွေဟာ အဆက်မပြတ်သော ကြောက်ရွံ့စိတ်တွေနဲ့ ရှင်သန်နေ ကြရတယ်။ အချိန် မရွေး စစ်မီးကြီး ဟုန်းဟုန်းတောက်နိုင်တယ်ဆိုတဲ့ သောက စိတ်တွေနဲ့ ရှင်သန်နေကြရတယ်။ ကျွန်ုပ်တို့ မှာ စစ်ပွဲကိုကြောက်နေတဲ့စိတ် ရှိနေသရွေ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုတွေကို ရပ်တန့် လို့ရနိုင်မှာ မဟုတ်ပါဘူး။ ယနေ့ကမ္ဘာမှာ ရေရှည်တည်သော ငြိမ်းချမ်းရေးကို ဖေါ်ဆောင် နိုင်ဖို့အတွက် တူညီသောလက်နက်ပိုင်ဆိုင်မှုမဟုတ်ဘဲ၊ နိုင်ငံများအကြား အပြန် အလှန်လေးစားမှု၊ အပြန်အလှန် ကူညီဖေးမမှုတို့နဲ့သာ ဖေါ်ဆောင်နိုင်ကြမယ်ဆို တာ အခိုင်အမာသိထားဖို့လိုပါတယ်။
အဲ့ဒါကြောင့် ပုပ်ရဟန်းမင်းကြီးက ပြည့်ဝစုံလင်သောလက်နက်ဖျက်သိမ်းရေးကို မီးမောင်းထိုး ပြခဲ့ ပါတယ်။ လက်နက်စွန့်တယ်ဆိုတဲ့နေရာမှာ စစ်လက်နက် တွေကိုစွန့်ခြင်းထက် ကျွန်ုပ်တို့ရဲ့နှလုံးသားနဲ့ စိတ်သဘောထားများမှာ တပ်ဆင် ထားတဲ့လက်နက်ကိုစွန့်ဖို့ ပုပ်ရဟန်းမင်းကြီးက ဖိတ်ခေါ်ပါတယ်။
ငြိမ်းချမ်း ရေးဆိုတာ အရောက်သွားနေတဲ့ ပန်းတိုင်တစ်ခုထက်ပိုတဲ့အရာဖြစ် ပါတယ်။ ငြိမ်းချမ်း ရေး ဟာခရီးစဉ်တစ်ခုဖြစ်သလို လက်ရှိဖြစ်တည်နေတဲ့အရာ တစ်ခု လည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းခြင်းက အမှန်တကယ်တည်ရှိနေပြီး ကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာ နေရာယူချင်တယ်။ ကျွန်ုပ်တို့ ဟာ ငြိမ်းချမ်းရေးနဲ့ ခိုင်မာစွာ ချည်နှောင်ထားကြပြီး ကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာ နေရာပေးမယ်ဆိုရင် ငြိမ်းချမ်း ရေးရဲ့ အငွေ့ အသက်တွေနဲ့နွေးထွေးမှုတွေကို ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်းမှာ ဝေမျှနိုင် ကြမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် စိန့်ဩဂတ်စတင်းက “If you wish to draw others to peace, first have it yourselves; be steadfast in peace yourself. To inflame others, you must have the flame burning within you” – အခြားသူတွေကို ငြိမ်းချမ်းရေးဆီ ဆွဲခေါ်ချင်တယ်ဆိုရင် ပထမဦးစွာ သင့်ထံမှာ ငြိမ်းချမ်း ရေးရှိပါစေ၊ ငြိမ်းချမ်းရေး၌ မဖေါက်မပြန် တည်ကြည်စွာရှိ နေပါ။ သူတစ်ပါးကို မီးညှိပေးဖို့ သင့်အတွင်းမှာ မီးတောက်ရှိနေဖို့လိုအပ် ပါတယ်” လို့သွန်သင်ခဲ့ပါတယ်။
လက်နက်ဖျက်သိမ်းဖို့လိုတဲ့ နောက်ကဏ္ဍတစ်ခုက ဘာသာရေးကဏ္ဍဖြစ်ပါ တယ်။ လူတွေရဲ့ အတွေး အခေါ်တွေနဲ့ စကားလုံးတွေမှာလည်း လက်နက်တွေ တပ်ဆင်လာတာကို ကမ္ဘာနိုင်ငံအနှံ့မှာ မြင်တွေ့ နေရပါတယ်။ နိုင်ငံရေး တိုက်ပွဲတွေ၊ အမျိုးသားအရေးတွေနဲ့ အကြမ်းဖက်မှုတွေမှာ ဘာသာရေးကို အသုံးချလာကြတယ်။ ဘုရားသခင်ရဲ့နာမတော်ကို ဒီလိုအလွဲသုံးစားလုပ်ဆောင် ခြင်းများကို ဟန့်တားဖို့ ယုံကြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ အဲ့ဒါကြောင့် ဝတ်ပြုဆုတောင်းခြင်းများ၊ ဝိညာဉ်ရေးကျင့် စဉ်များ၊ ဘာသာအချင်းချင်း ပြန်လှန်ဝေမျှဆွေးနွေးခြင်းများဟာ ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်မယ့် နည်းလမ်း ကောင်းများဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာရေး အဖွဲ့အစည်း တိုင်းသည် ရန်လိုမုန်း တီးခြင်းတွေအစား ပြန်လှန်ဆွေးနွေးခြင်းတွေရှိတဲ့နေရာ၊ တရားမျှတ ခြင်းကိုကျင့်ကြံပြီး အခွင့်လွှတ် ခြင်းကို လက်ကိုင်ထားတဲ့နေရာ ‘ငြိမ်းချမ်းသော အိမ်များ’ဖြစ်လာဖို့ ဝိုင်းဝန်းကြိုးပမ်းလုပ် ဆောင်ကြ ရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေသူတွေဟာ အမှန်တကယ်မင်္ဂလာရှိသောသူများ ဖြစ်ကြပါတယ်။ မြန်မာ နိုင်ငံ အေးချမ်းတည်ငြိမ်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလုပ်ဆောင်နေမှုများကို ဘုရားသခင် ကောင်းချီးပေးတော်မူပြီး၂၀၂၆ ခုနှစ်သည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာတစ်ဝှမ်းလုံးအတွက် ငြိမ်းချမ်း သာယာ သောနှစ်ဖြစ်ပါစေကြောင်း ဆန္ဒမွန်ပြု ဆုတောင်းပေးကြပါစို့။ ယနေ့ကမ္ဘာကြီးတွင် စစ်ပွဲများ၊ အကြမ်းဖက်မှုများနှင့် မညီမျှမှုများကြောင့် လူအများ၏ မျှော်လင့်ချက်များ လှုပ်ခတ်နေ ရသော်လည်း၊ ငြိမ်းချမ်းရေးသည် လူသားတို့အတွက် မပျောက်ကွယ်နိုင်သော လိုအပ်ချက်အဖြစ် ရှိနေဆဲပင် ဖြစ်ပါသည်၊၊
အမုန်းတရားနှင့်အကြမ်းဖက်မှုတို့သည် လူသား၏အားနည်းခြင်းမှ ပေါက်ဖွား လာသော်လည်း၊ ခွင့်လွှတ် ခြင်းနှင့် သနားကြင်နာမှုတို့သည် လူသားကို ပြန်လည် တည်ဆောက်ပေးနိုင်သော အင်အားများ ဖြစ်ပါ သည်၊၊ ဆွေးနွေးညှိနှိုင်းမှု၊ နားထောင်နိုင်စွမ်းနှင့် သည်းခံနိုင်စွမ်းတို့သည် ကွဲပြားမှုများ အကြား၌ တံတားများတည်ဆောက်ပေးပါသည်။
အားနည်းသူများ၊ ဆင်းရဲနွမ်းပါးသူများနှင့် စစ်ဘေးဒုက္ခသည်များ၏ အသံကို ဦးစားပေးနား ထောင် ကြပါစေ။ ငြိမ်းချမ်းရေးကို စကားလုံးများဖြင့်သာမက လုပ်ဆောင်ချက်များဖြင့်ပါ သက်သေ ပြနိုင် ကြပါစေ။ အိုကောင်းမြတ်တော်မူသောအရှင်ဘုရားသခင် ကိုယ်တော်၏ ငြိမ်းချမ်းရေးသည် ကမ္ဘာ့ရှုတ် ထွေးခြင်းများအားလုံးထက် မြင့်မားသော ငြိမ်းချမ်းရေးဖြစ်ပါသည်။ ကမ္ဘာကြီးအနှံ့အပြားသို့ ချစ်ခြင်း မေတ္တာနှင့် မျှော်လင့်ခြင်းကို သယ်ဆောင် သွားနိုင်ရန် ကျွန်ုပ်တို့အား ငြိမ်းချမ်းရေး၏တမန်တော် များဖြစ် လာစေတော်မူပါ၊ ဤဆုတောင်းခြင်းများကို ကိုယ်တော်၏မေတ္တာတော်နှင့် ကရုဏာတော်အပေါ် ယုံကြည်အားကိုးလျက် နှလုံးသားအပြည့်ဖြင့် တောင်းလျှောက်ကြပါသည် ဘုရား…။ အာမင်။

