
နိုင်ငံလုံးဆိုင်ရာ ဆုတောင်းပြည့်ရဟန္တာ ပါဒြေပီးအိုပွဲနေ့ကျင်းပ။

နိုင်ငံလုံးဆိုင်ရာ ဆုတောင်းပြည့် ရဟန္တာရှင်ပါဒြေပီးအိုပွဲနေ့ကို မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်၊ ဆင်လမ်းကျေးရွာ ပါဒြေပီးအိုဘုရားရှိခိုးကျောင်း ၌ (၂၀.၉.၂၀၂၅) စနေနေ့ နံနက် ၉:ဝဝ အချိန် တွင် ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ မစ္ဆားတရားဦးဆောင်ပူဇော်ပြီးကျင်းပခဲ့ပါသည်။
ဤဆင်လမ်းကျေးရွာရှိ ရဟန္တာပါဒြေပီးအိုဘုရားရှိခိုးကျောင်းနှင့် ဗိမာန်တော်ကို Fr. Lucas Suan Za Lian (MS) လက်ထက်တွင် အလှူရှင်မိသားစုများဖြစ်သော လားရှိုးမြို့၊ ရပ်ကွက်(၁၂)နေ ဦးလွီဂျီဒေါ့ရှိ အောင်ထွန်းနှင့် ဒေါ်ထရေဇားဟောင်းနန်း၊ သမီး မေရီဆိုင်းနူးမိုင်နှင့် အဂ္ဂတာမေဆိုင်းထွယ်တို့မိသားစုမှ (၂၀၂၂ မှ ၂၀၂၄) ခုနှစ်အတွင်း ဆောက်လုပ်လှူဒါန်း ပေးခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ဘုရားဖူးနေရာသစ်အဖြစ် ဆရာတော် ကြီးမာကုဦးတင်ဝင်းမှ ကောင်းချီးပေးရေစက်ချဖွင့်လှစ်ခဲ့သော ဘုရားဖူးနေရာသစ်လည်း ဖြစ်ပါသည်။
မစ္ဆားတရား၌ ရဟန္တာပါဒြေပီးအိုအကြောင်းကို ဆရာတော်ကြီး မာကုဦးတင်ဝင်းက ခုလိုပြောကြား ခဲ့ပါ သည်။
ပါဒြေပီးအိုသည် ဘုရားဝတ်ပြုရာကို မြတ်နိုးသူဖြစ်သည် ကျွန်ုပ်တို့အားလုံးကို ပါဒြေပီးအိုက ဘုရားကို အမြဲဝတ်ပြုတ်ဖို့၊ ဆုတောင်းတတ်ဖို့တောင်းဆိုပါတယ်။ ပါဒြေပီးအိုသည် မစ္ဆားတရားတော်မှာရွတ်ဆို အပ်တဲ့ မေတ္တာတွေကို ဒီတိုင်းရွတ်ဆိုလိုက်တာမဟုတ်ပဲ တစ်လုံးချင်းစီတိုင်းကို သေချာအာရုံပြု သတိ ကပ်ပြီးရွတ်ဆိုလေ့ရှိပါသည်။
ပါဒြေပီးအိုအတွက် နာမည်ကြီးလာတဲ့အခါလူထုပရိတ်သတ်နဲ့ မစ္ဆားမပူဇော်ရဘူး၊ အာပတ်ဖြေနား မထောင်ရဘူး၊ လူရှေ့သူရှေ့မထွက်ရဘူးစသည်ဖြင့် ပိတ်ပင်ခြင်းတွေကိုလည်း ခံခဲ့ရပါတယ်။ ဒီနေ့ ကျွန်ုပ်တို့ဘာသာဝင်တွေမှာလည်း ခန္ဓာမှာရော၊ စိတ်မှာရော၊ ဝိညာဉ်ရော၊ ဝေဒနာအသီးသီးရှိကြ မှာပါ။ ပါဒြေပီးအိုက ဒါတွေအားလုံးကို ယုံကြည်စွာဖြင့်သခင်ခရစ်တော်ဘုရား ရဲ့ဒုက္ခဝေဒနာနဲ့ ပေါင်းပြီး ပူဇော်နိုင်ခဲ့တယ်။
မိမိတို့ဘဝတွေမှာလည်း ပါဒြေပီးအိုဆီက ဒီသင်ခန်းစာတရားတွေကို ရယူနိုင်ဖို့အမြဲသတိရကြပါ။ ပါဒြေပီးအို ပြခဲ့တဲ့ဘုရားတရား ကြည်ညိုဆောက်တည်ရမည့်လမ်းဟာ တကယ်ပဲကျွန်ုပ်တို့အားလုံး လွတ်မြောက်မည့်အရာတစ်ခုဖြစ်တယ်ဆိုတာ သတိရကြရအောင်။
မိမိတို့၏ဒုက္ခဝေဒနာအားလုံးကို မှန်ကန်စွာယူတတ်ကြဖို့၊ လူတိုင်းကိုကူညီပေးရတဲ့ စိတ်ထားမြတ်တွေ မွေးမြူတဲ့ဘာသာဝင်များဖြစ်ဖို့ “ဆုတောင်းကြပါ မျှော်လင့်ချက်မပျက်ကြပါနဲ့” ဆိုတဲ့ပါဒြေပီးအိုရဲ့ ဆောင်ပုဒ်လးကိုယူပြီး ခရစ်ယာန်အသက်တာကို ရဲဝံ့စွာ ဆက်လက်ပြီး လျှောက်လှမ်းကြရအောင်။ ဟုပြောကြားခဲ့ပါသည်။
ပါဒြေပီးအိုပွဲတော်ကို လာရောက်ဆုတောင်းကြသောဘာသာဝင်အချို့မှလည်း ခုလိုပြောကြားခဲ့သည်။
ဒေါ် အန်ထော်နီမာ
ကျွန်မမျက်စိခွဲဖို့လိုအပ်တဲ့အချိန် မခွဲခင်ပါဒြေပီးအိုထံဆုတောင်းတယ် ကောင်းကောင်းမွန်မွန်ခွဲစိတ်နိုင် ဖို့ ဆုတောင်းတကယ်ပြည့်ခဲ့တယ် ခုမျက်စိလည်းကောင်းသွားပြီ။ အခုလို ဘုရားဖူးဒေသစ် ထပ်မံရရှိတဲ့ အတွက်လည်း ဝမ်းသာမိပါတယ်။
ဒေါ် မာရီးယား Lu Bu
ဒီပွဲကိုမလာဖြစ်တာကြာပြီ ခုပြန်လာပြီးဆုတောင်းခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ကျွန်မ ဘာအခက်အခဲပဲရှိရှိ ပါဒြေပီးအိုထံ နိုဝေနာလုပ်ပြီးဆုတောင်းရင် အမြဲတမ်းဆုတောင်းပြည့်တယ်။ တစ်ခါတလေဆို နိုဝေနာလုပ်တဲ့ရက်တောင်မပြည့်သေးဘူး လေးငါးရက်ပဲ လုပ်ရသေးတယ် ကိုယ့်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အကူအညီတွေရလာတယ်။
ဒေါ် ဒေါက်တာ မာဂရက် ချိုလေး မာ
မေမြို့မိုင်နာမှာကတည်းက နှစ်တိုင်းဆေးခန်းထိုင်လုပ်အားပေးခဲ့တာ ယနေ့ထိဖြစ်ပါတယ်။ ပွဲနေ့ဆို တော့လူများတယ်လေး ဒါကြောင့် ပွဲလာတဲ့သူတွေရဲ့ကျန်းမာရေးအတွက် ကိုယ်တတ်တဲ့ပညာနဲ့ နှစ်တိုင်း လာပြီးကူညီတာဖြစ်ပါတယ်။ ပါဒြေပီးအိုကလည်း ကျွန်မကိုကောင်းချီးအများကြီးပေးပါတယ်။ အလုပ်ကနားလိုက်ပေမဲ့ ယနေ့ထိအဆင်ပြေပြေနေနိုင်တယ်။ ကြားကာလမှာ စိတ်ညစ်စရာတွေ၊ စိတ်ပူစရာတေါတော့ရှိတာပေါ့ ဒါမဲ့ဆုတောင်းလိုက်တဲ့ အခါဆုတောင်းပြည့်သွားတယ်။
ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Lucas Suan Za Lian (MS) မှလည်း ကျေးဇူးတင်စကားပြောကြား ရာတွင်
“အခုလို ပါဒြေပီးအိုကို သဒ္ဒါကြည်ညို တဲ့ဘာသာဝင်များအတွက် မန္တလေးသာသနာမှာ နိုင်ငံလုံးဆိုင်ရာ ဘုရားဖူးနေရာတစ်ခုကို ထပ်မံရရှိတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာပါတယ်။ ဒီလိုဖြစ်လာဖို့ အဘက်ဘက်မှကူညီပေးခဲ့ကြတဲ့ အလှူရှင်များ၊ ဘုရားဖူးနယ်မြေကော်မတီများ၊ လုပ်အားဒါနဖြင့် ပါဝင် ပေးကြသူများ၊ လာရောက်ဝတ်ပြုဆုတောင်းကြသူများ အားလုံးအားလုံးကို အထူးကျေးဇူးတင်ပါသည်။ ဟုပြောကြားခဲ့ပါသည်။

