ဘာမှမလုပ်ပဲ နေလိုက်ပါ

ကျွန်တော်တို့တွေဟာ “အမြဲတမ်း တစ်ခုခု လုပ်နေရမယ်”၊ “အချိန်ကို အကျိုးရှိရှိ သုံးရမယ်” ဆိုတဲ့ ဖိအားတွေကြားမှာ ကြီးပြင်းလာခဲ့ကြတယ်။ ဒါကြောင့်လည်း အလုပ်ပိတ်ရက် တစ်ရက်လောက် ဘာမှမလုပ်ဘဲ အိပ်ရာထဲ လှဲနေမိတဲ့အခါ၊ ဒါမှမဟုတ် ဘာရည်ရွယ်ချက်မှ မရှိဘဲ ငေးကြောင်ပြီး အချိန်ဖြုန်းလိုက်မိတဲ့အခါ “ငါတော့ အချိန်တွေ ဖြုန်းတီးပစ်လိုက်ပြီ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် (Guilt) တွေ ဝင်လာတတ်ကြတယ်။

တကယ်တော့ “ဘာမှမလုပ်ဘဲ နေလိုက်တယ်” ဆိုတာ ဘာမှမဖြစ်မြောက်သွားတဲ့ အချည်းနှီးနေ့ရက် မဟုတ်ပါဘူး။ “ဘာမှမလုပ်ခြင်း” ဆိုတဲ့ ကိစ္စတစ်ခုကို ကျွန်တော်တို့ ကိုယ်တိုင် ရွေးချယ်ပြီး အလုပ်လုပ်လိုက်တာပါ။

စက်ပစ္စည်းတွေတောင် အမြဲတမ်း မနားတမ်း လည်ပတ်နေရင် ပူလာပြီး ရပ်သွားတတ်သေးတာပဲ။ နေ့တိုင်း သောကတွေ၊ ပြဿနာတွေ၊ တာဝန်ဝတ္တရားတွေ၊ လူမှုရေးကိစ္စတွေနဲ့ လည်ပတ်နေရတဲ့ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ဟာလည်း အနားပေးဖို့ လိုအပ်ပါတယ်။ ဘာမှမလုပ်ဘဲ နေလိုက်တဲ့ အချိန်ဆိုတာ ရှေ့ဆက်ပြေးဖို့အတွက် ခဏတဖြုတ် အရှိန်သတ်ပြီး အမောဖြေနေတဲ့ အခိုက်အတန့်လေးပါ။ အဲဒီလို ခဏလေး ရပ်တန့်ပေးလိုက်မှသာ နောက်ထပ် ရင်ဆိုင်ရမယ့် ကိစ္စတွေအတွက် စိတ်ခွန်အား အသစ်တွေ ပြန်ရလာမှာ ဖြစ်တယ်။

ဒီနေရာမှာလည်း “ဘာမှမလုပ်ဘဲ နေခွင့်ရခြင်း” ဟာ အခြေအနေပေးမှု တစ်ခုဆိုတာကို ထည့်မတွက်လို့ မရပြန်ဘူး။ နေ့စဉ် စားဝတ်နေရေးအတွက် မနားတမ်း ရုန်းကန်နေရသူတွေ၊ ကိုယ့်နောက်မှာ မှီခိုနေရတဲ့ မိသားစုတွေ ရှိနေတဲ့သူတွေအတွက်တော့ တစ်ရက်လောက် အလုပ်လေးချပြီး ဘာမှမလုပ်ဘဲ နေလိုက်ဖို့ဆိုတာ တကယ့်ကို ဇိမ်ခံပစ္စည်း (Luxury) တစ်ခုလို ဖြစ်နေတတ်တယ်။ သူတို့မှာ အဲ့ဒီလို ရွေးချယ်ခွင့် သိပ်မရှိကြဘူး။

ဒါကြောင့် ကိုယ့်မှာ အခြေအနေပေးလို့၊ အခွင့်အရေးလေးရှိလို့ “ဘာမှမလုပ်ဘဲ နေခွင့်ရတဲ့” နေ့မျိုးတွေ ရှိလာခဲ့ရင် အဲဒီအချိန်လေးကို “ငါ ဘာမှလည်း မလုပ်ဖြစ်ဘူး” ဆိုတဲ့ အပြစ်တင်စိတ်တွေနဲ့ အဆိပ်မခတ်လိုက်ပါနဲ့။ “ဒီနေ့တော့ ငါ့ကိုယ်ငါ ဘာမှမလုပ်ဖို့၊ သက်သောင့်သက်သာ နေဖို့ ခွင့်ပြုလိုက်ပြီ” ဆိုပြီး လွတ်လွတ်လပ်လပ်လေးသာ အနားယူလိုက်ပါ။

တချို့နေ့တွေမှာ အကောင်းဆုံး ရှင်သန်နည်းက ဘာလုပ်ရမလဲဆိုတာတွေကို ခေါင်းထဲကနေ ခဏထုတ်ထားပြီး ဘာမှ ဆက်မလုပ်ဘဲ ငြိမ်ငြိမ်လေး နေလိုက်ခြင်းပါပဲ။

rvamyanmar
rvamyanmar
Articles: 4350

Leave a Reply

Your email address will not be published. Required fields are marked *