အောက်ပါအတိုင်း ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ၏ မကြာသေးမီက ပြောကြားချက်များအပေါ် Cardinal Charles Bo ၏ ကိုယ်ပိုင်အမြင်/သုံးသပ်ချက်။

ပုပ်ရဟန်းမင်းကြီးသည် လက်နက်တိုးမြှင့်မှုထက် လူ့ဂုဏ်သိက္ခာ၊ ဆွေးနွေးညှိနှိုင်းမှု၊ သံတမန်ရေးနှင့် ငြိမ်းချမ်းရေးကို အလေးထားပြောကြားထားပြီး၊ စစ်ရေးအသုံးစရိတ်များနှင့် နျူကလီးယားလက် နက် များအပေါ်လည်း ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ဖော်ပြထားပါသည်။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ၏ ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းအပေါ် Cardinal Bo ၏ သုံးသပ်ချက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ရဲ့ ဒီစကားတွေကို ကျွန်ုပ် အလွန်တန်ဖိုးထားပါတယ်။ ဘာကြောင့် လဲဆို တော့ ဒီစကားတွေဟာ ယနေ့ကမ္ဘာကြီး အတွက်သာမက မြန်မာနိုင်ငံအတွက် လည်း အလွန်နက်နဲတဲ့ အဓိပ္ပာယ်ရှိလို့ပါ။ သန့်ရှင်းသောအဖဘုရားက ကျွန်ုပ်တို့ကို သတိပေးနေတာက ငြိမ်းချမ်းရေးဆိုတာ လက်နက်တွေ ပိုများလာခြင်းနဲ့ မတည်ဆောက်နိုင်ဘူး ဆိုတာပါ။

အင်အားသုံးခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ အခြားသူအပေါ် မိမိဆန္ဒကို အတင်းအကျပ် ချမှတ်ခြင်းဟာ ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ စစ်ပွဲဟာ ခဏတာ တိတ်ဆိတ်မှုကို ဖြစ်စေနိုင်ပေမယ့် စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ကို တော့ မတည်ဆောက်နိုင်ပါဘူး။ ပုပ်ရဟန်းမင်းကြီးကလည်း ငြိမ်းချမ်းရေးဟာ ဆွေးနွေးမှု၊ တရားမျှ တမှု နဲ့ လူ့ဂုဏ်သိက္ခာကို လေးစားခြင်းအားဖြင့် နေ့စဉ်တည်ဆောက်ရမယ့် အရာဖြစ်တယ်လို့ အလေးထား ပြောကြား ထားပါတယ်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာလည်း ဒီစကားဟာ အလွန်သက်ဆိုင်ပါတယ်။ နှစ်ပေါင်းများစွာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ ကျွန်ုပ်တို့ ပြည်သူတွေ နာကျင်ခံစား နေရ ပါတယ်။ ဒီလိုအခြေအနေမှာ “ဘယ်သူက အနိုင်ရမလဲ” ဆိုတာထက် “ဘယ်လိုနည်းနဲ့ လူ့အသက် တွေ ကို ကယ်တင်မလဲ၊ ဘယ်လိုနည်းနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မလဲ” ဆိုတာကို ကျွန်ုပ်တို့ မေးရမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံအကြောင်းကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းရှေ့မှာ မကြာခဏ ထည့်သွင်းပြောကြားပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလက သံတမန်အဖွဲ့များရှေ့တွင် မြန်မာနိုင်ငံ၏ လူသား ချင်းစာနာမှုနှင့် လုံခြုံရေးအကျပ်အတည်းအတွက် ငြိမ်းချမ်းရေးလမ်းကြောင်း၊ အားလုံး ပါဝင် နိုင်သော ဆွေးနွေးညှိနှိုင်းမှုနှင့် လူသားချင်းစာနာမှုအကူအညီများကို မျှတပြီး အချိန်မီ ရရှိစေရေးအတွက် အလေး အနက် တိုက်တွန်းခဲ့ပါတယ်။

ကျွန်ုပ်အနေနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဒီအသံကို မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်ပေးတဲ့ အသံ တစ်သံလို့ မြင်ပါတယ်။ အသင်းတော်ရဲ့ တာဝန်က ဘယ်ဘက်ကို ရွေးချယ်ပြီး နိုင်ငံရေးအာဏာကို ရယူဖို့ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ တာဝန်က လူ့အသက်ကို ကာကွယ်ဖို့၊ လူ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့၊ အမှန် တရားကို ပြောဖို့နဲ့ လူတွေကြားမှာ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တံတားတည် ဆောက်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းတော်မှာ အရေးကြီးတဲ့တာဝန်တစ်ခု ရှိပါတယ်။ ရုရှားနဲ့ ယူကရိန်းအပါအဝင် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို “လာကြပါ၊ အတူတူထိုင်ကြပါ၊ စကားပြောကြပါ၊ ဆွေးနွေးညှိနှိုင်းကြပါ၊ စစ်ပွဲမဟုတ်တဲ့ နည်းလမ်းနဲ့ အဖြေရှာကြပါ” လို့ အစဉ်မပြတ် ဖိတ်ခေါ်ဖို့ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ပြောသလိုပဲ တစ်ခါတလေ ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ရဲ့ အသံဟာ အကျိုးမ ရှိသ လို ထင်ရနိုင်ပါတယ်။ ဒါပေမယ့် အသင်းတော်က တိတ်ဆိတ်နေမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ ဆက်လက် ပြောဆိုရမယ်၊ ဆက်လက်ဖိတ်ခေါ်ရမယ်၊ ဆက်လက်ဆုတောင်းရမယ်၊ ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းရမယ်။ အထူးသဖြင့် လူငယ်တွေအတွက်တော့ စစ်ပွဲနဲ့ လက်နက်တွေက အနာဂတ်မဖြစ် နိုင်ပါဘူး။ သူတို့လိုအပ်တာက ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းတဲ့ အနာဂတ် ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက လက်နက်တွေအတွက် သုံးစွဲနေတဲ့ အရင်းအမြစ်တွေကို ကျန်းမာရေးနဲ့ ပညာရေးတို့အတွက် ပိုမိုအသုံးချနိုင်ဖို့ ပြောကြားတာဟာ အလွန်အရေးကြီးတဲ့ သတိ ပေးချက်ပါ။

ဒါကြောင့် ကျွန်ုပ်တို့ ပုပ်ရဟန်းမင်းကြီးရဲ့ ဒီအသံကို အပြည့်အဝ နားထောင်သင့်တယ်လို့ ယုံကြည် ပါ တယ်။ ငြိမ်းချမ်းရေးဟာ အားနည်းခြင်း မဟုတ်ပါဘူး။ ဆွေးနွေးခြင်းဟာ အရှုံးပေးခြင်း မဟုတ်ပါဘူး။ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်သင့်မြတ်ရေးဟာ အားနည်းသူတွေရဲ့ လမ်းမဟုတ်ဘဲ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ကယ်တင်နိုင်မယ့် သတ္တိရှိတဲ့လမ်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်လည်း ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တစ်ခုတည်း ရှိပါတယ်—

လက်နက်များ တိတ်ဆိတ်ပါစေ။

လူ့အသက်များကို ကာကွယ်ကြပါစေ။

ဆွေးနွေးမှုများ စတင်ကြပါစေ။

ပြီးတော့ ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ကြပါစေ။

ဒါဟာ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ရဲ့ အသံသာမက၊ ဧဝံဂေလိတရားရဲ့ အသံလည်း ဖြစ်ပါတယ်။

Youtube-@rvamyanmar8152

Website: rvamyanmar.org

See less

rvamyanmar
rvamyanmar
Articles: 4279

Leave a Reply

Your email address will not be published. Required fields are marked *