
ပဋိပက္ခများကြား၌ ငြိမ်းချမ်းရေးနှင့် မေတ္တာ၏ သက်သေများအဖြစ် ရပ်တည်ရန်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အနောက်အာဖရိကရှိ လူငယ်များ၏ ယုံကြည်ခြင်းခရီးစဉ်တွင် ခွန် အားပေးခဲ့ပြီး၊ စစ်ပွဲများနှင့် ပဋိပက္ခများ ဖုံးလွှမ်းနေသော ကျွန်ုပ်တို့၏ ကမ္ဘာကြီးထဲတွင် မေတ္တာ၊ တရား မျှတမှုနှင့် ငြိမ်းချမ်းရေး၏ သဝဏ်လွှာများအဖြစ် သက်ဝင်လှုပ်ရှားကြရန် ဖိတ်ခေါ်လိုက်သည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဂါနာနိုင်ငံ၊ အာကရာမြို့၌ ပထမဆုံးအကြိမ်အဖြစ် စုဝေးရောက် ရှိနေကြသော သောင်းပေါင်းများစွာသော လူငယ်များထံ အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာစကားဖြင့် ဗီဒီယို သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။
ဤပွဲကို အနောက်အာဖရိက ဒေသဆိုင်ရာ ဆရာတော်များညီလာခံ (RECOWA) မှ ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး၊ စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်နေ့အထိ “သတ္တိမွေးကြပါ – ကက်သလစ်လူငယ်များ၊ အနောက် အာဖရိက၌ ငြိမ်းချမ်းရေးနှင့် မျှော်လင့်ခြင်းကို ဖော်ဆောင်သူများနှင့် မြှင့်တင်ပေးသူများ” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပလျက်ရှိသည်။
ပုပ်ရဟန်းမင်းကြီးသည် သူ၏ သဝဏ်လွှာတွင် ၁၆ နိုင်ငံမှ ဆရာတော်များအနေဖြင့် လူငယ်များကို သူတို့ ၏ သာသနာပြုလုပ်ငန်းများ၏ ဗဟိုချက်အဖြစ် ထားရှိပေးခဲ့မှုအတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။
“အတူတကွ ကုန်လွန်စေရတဲ့ ဒီလို အားကောင်းမောင်းသန် အချိန်နာရီတွေဟာ သင်တို့ရဲ့ ယုံကြည် ခြင်း ကို ကြီးထွားစေမှာဖြစ်သလို၊ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဆက်ဆံခြင်းနဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းစတဲ့ တန်ဖိုး တွေနဲ့ ပိုမို ကြွယ်ဝပြည့်စုံလာစေမယ်လို့ ကျွန်ုပ် ယုံကြည်ပါတယ်” ဟု ၎င်းက မိန့်ကြားခဲ့သည်။
လူငယ်များသည် သံသယများ၊ မရေရာမှုများနှင့် မလုံခြုံမှုများ၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားရပြီး ယင်းတို့သည် သူတို့၏ အနာဂတ်အစီအစဉ်များကို ပျက်စီးစေရန် ခြိမ်းခြောက်နေကြောင်း ပုပ်ရဟန်း မင်းကြီးက ထောက်ပြခဲ့သည်။
“အကျပ်အတည်းများစွာက သင်တို့ရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို မှောင်မိုက်သွားစေ တယ်လို့ ထင် ရတဲ့ အချိန်မှာ၊ မျှော်လင့်ချက်မသေဘဲ ရှေ့ဆက်သွားကြဖို့ ကျွန်ုပ် တိုက်တွန်းချင်ပါတယ်” ဟု မိန့်ကြား ခဲ့သည်။
အခက်အခဲများ ရှိနေသော်လည်း အနောက်အာဖရိက လူငယ်များသည် “စွန့်ပစ်ခံမျိုးဆက်” မဟုတ်ဘဲ၊ “ဘုရားသခင်၏ ယနေ့၊ သာသနာတော်၏ ယနေ့” ပင် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ဘာနေဒစ် (၁၆) ၏ မိန့်ခွန်းကို ကိုးကား၍ လူငယ်များသည် အရည်အချင်းများ၊ စွမ်းအင်များ၊ အိပ်မက်များနှင့် မျှော်လင့်ချက်များ ပိုင်ဆိုင်ထားကြပြီး၊ သူတို့၏ လူငယ်ဘဝသည်ပင်လျှင် အသင်းတော်နှင့် ကမ္ဘာကြီးအတွက် ရတနာတစ်ပါးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယိုသည် လူ့အဖွဲ့အစည်းအတွင်း အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဆောင်ကြဉ်းရန် အတူတကွ လျှောက်လှမ်းခြင်းဆိုသည့် စိန်ခေါ်မှုကို ရင်ဆိုင်ကြရန် လူငယ်များကို ဖိတ် ခေါ်ခဲ့သည်။
“အတူတကွ လျှောက်လှမ်းခြင်းဆိုတာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘေးဖယ်ထားခြင်း၊ သီးခြားခွဲ ထုတ်ထားခြင်း၊ ချန်လှပ်ထားခြင်း သို့မဟုတ် ငြင်းပယ်ထားခြင်း မရှိစေရတာကို ဆိုလိုပါတယ်။ လူမျိုး အသီးသီး၊ ယဉ်ကျေးမှုအသီးသီးနဲ့ ဘာသာတရားအသီးသီးကြား တံတားဆောက်သူများ ဖြစ်ကြပါ” ဟု မိန့်ကြားခဲ့သည်။
သခင်ယေဇူးသည် လူ့အဖွဲ့အစည်း၏ ဘေးဖယ်ခံထားရသူများထဲတွင် ဘုရားသခင်၏ ကိန်းဝပ်တော်မူ ခြင်းကို အသိအမှတ်ပြုခဲ့သကဲ့သို့၊ လူငယ်များသည်လည်း ကိုယ်တော်၏ စံနမူနာကို လိုက်နာကာ သူတို့ ၏ ခရီးစဉ်တွင် လူတိုင်းကို ပါဝင်စေရမည်ဟု ဆိုသည်။
အသင်းတော်သည် လူငယ်များကို ယုံကြည်ပြီး သူတို့၏ စေတနာအပေါ် မှီခိုနေကြောင်း အာကရာမြို့၌ စုဝေးနေကြသော လူငယ်များကို ပြောကြားခဲ့သည်။
“စစ်ပွဲတွေနဲ့ ပဋိပက္ခမျိုးစုံ ဖုံးလွှမ်းနေတဲ့ ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးထံ သင်တို့၏ စကားလုံးများ၊ ဘဝများနဲ့ လုပ်ရပ်များမှတစ်ဆင့် အားကောင်းတဲ့ သဝဏ်လွှာကို ပေးပို့ကြပါ။ “မေတ္တာ၊ တရားမျှတမှုနဲ့ ငြိမ်းချမ်း ရေးရဲ့ သက်သေများ ဖြစ်ကြပါ” ဟု မိန့်ကြားခဲ့သည်။
သူတို့၏ “အဖိုးတန်လှသော လူငယ်ဘဝကို တုပပြုလုပ်ထားသော ပျော်ရွှင်မှုများနှင့် အယောင်ဆောင်မှု များ၏ ပလ္လင်ထက်တွင် ဆက်ကပ်စွန့်နေခြင်း” ၊လူမှုကွန်ရက်ပေါ်၌ အပျက်သဘောဆောင်သော သတင်း များကို အဆုံးမရှိ လျှောက်ကြည့်နေခြင်း (doomscrolling) တိုကို ရပ်တန့်ကာ မိမိတို့၏ အနက်ရှိုင်းဆုံး လိုအင်ဆန္ဒများကို ပြည့်ဝစေရန် အရေးမပါသော အလိုဆန္ဒများကို ကျော်လွန်၍ တန်ဖိုးရှိရှိ ရှေ့ဆက်ကြ ရန် တိုက်တွန်းခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အနောက်အာဖရိက လူငယ်များထံ ပေးပို့သော သူ၏ ဗီဒီယိုသဝဏ် လွှာကို လူငယ်များအား အမိမယ်တော်မာရီယားထံ အပ်နှံရင်း နိဂုံးချုပ်ခဲ့သည်။
“အမိမယ်တေယ်သခင်မသည် သင်တို့၏ ချစ်လှစွာသော နိုင်ငံများ၏ ဘက်စုံလူသားဖွံ့ ဖြိုးတိုးတက်မှု အတွက် သားတော် ယေဇူးခရစ်တော်ထံ တောင်းဆုပြုပေးပါစေသား။”
Fr. PeterKyi Maung
Credit to Vatican News


