
သားသမီးလေးတွေကို သူတို့ကိုယ်တိုင် လမ်းခင်းပြီးလျှောက်တတ်ဖို့ကို သင်ပေးရအောင်ပါ။
ဒီနေ့မှာ မိမိရဲ့ သားသမီးလေးတွေကို သူတို့ကိုယ်တိုင် လမ်းခင်းပြီးလျှောက်တတ်ဖို့ကို သင်ပေးရအောင်ပါ။ ပြုစုပျိုးထောင်ပေးကြရအောင်ပါဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။
ဖတ်ခဲ့တဲ့စာအတိုင်း ကျွန်မကတဆင့်မျှဝေပေးမှာဖြစ်ပါတယ်။ မြန်မာတွေက မိမိကလေးကို IQ မြင့်ဖို့ စာပဲလှိမ့်သင်ပေးနေလိုကြတယ်လို့ဆိုပါတယ်။
အရေးကြီးတာက EQ SQ AQ တွေကောင်းဖို့ပါ။ သိပ္ပံနည်းကျ သတ်မှတ်ချက်က လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့ စနစ်ဟာ အခြေခံအားဖြင့် လေးမျိုးတောင်ရှိလာပါပြီတဲ့။
* အိုင်ကျူ IQ Intelligence Quotient
* အီးကျူ EQ Emotional Quotient
* အက်စ်ကျူ SQ Social Quotient
* အေကျူ AQ Adversity Quotient ဆိုတဲ့ နှစ်ခုပါ ထပ်တိုးလာပါတယ်။
(1) Intelligence Quotient
အိုင်ကျူလို့ အများသိတဲ့ အသိဉာဏ်လယ်ဗယ်က တကယ်တမ်းကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံသက်သက်ပါ။ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းနိုင်တယ်။ အဖြစ်အပျက်တွေကို မှတ်မိတယ် အတွေ့အကြုံထဲကနေ သင်ခန်းစာယူနိုင်တယ်။ ဒါက IQ Level ပါပဲ။
မြန်မာကျောင်းစနစ်မှာ စာတော်တာ IQ ကောင်းလို့ သတ်မှတ်ကြတယ်။ တကယ်က မြန်မာ ကျောင်းစနစ်က အလွတ်မှတ်များနေတဲ့ စနစ်တစ်ခုသာသာပဲဖြစ်ပါတယ်။
(2) Emotional Quotient
အီးကျူကျတော့ လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု လယ်ဗယ်ကို တိုင်းတာတာဖြစ်တယ်။ စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်မှုကို ဆိုလိုပါတယ်။ လူအများနဲ့ ဆက်ဆံတဲ့အခါ မင်းဘယ်လောက် အဆင်ပြေလဲ?
မင်းဘယ်လောက်ရိုးသားမှုရှိလဲ?
တာဝန်ယူမှု တာဝန်ခံမှုရှိလား?
လူသားအချင်းချင်း လေးစားတန်ဖိုးထားသလား?
ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနိုင်လား?
သူများ ပါစင်နယ် ကိစ္စတွေကို လေးစားထိန်းသိမ်းပြီး ကိုယ်ချင်းစာနာတွေးခေါ်ပေးနိုင်လား?
ဒါတွေအားလုံးက EQ လယ်ဗယ်ပါပဲ။
(3) Social Quotient
ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု၊ ဆွေမျိုးတွေကြားမှာ ဘယ်လောက် ထိ အချိန်ကြာကြာရင်းနှီးဆက်သွယ်မှုတွေကို ထိန်းထားနိုင်သလဲ?
ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့် သလဲ? ဒါတွေကို တိုင်းတာနိုင်တာက SQ Level ပါပဲ။
(4) The Adversity Quotient (AQ)
အေကျူဆိုတာ ဘဝမှာ တွေ့ကြုံလာရသမျှ ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲ ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်တဲ့ စွမ်းရည်လယ်ဗယ်ဖြစ်တယ်။ အရေးကြီးဆုံးဖြစ်ပါတယ်။
မြန်မာစကားနဲ့ ပြောရရင် လောကဓံကို မင်းဘယ်လောက် ခံနိုင်စွမ်းရှိမလဲ?
AQ အေကျူလယ်ဗယ်နိမ့်တဲ့သူတွေက ပြဿနားတို့၊ ဒုက္ခတို့ကို ရင်မဆိုင်နိုင်တဲ့သူတွေပေါ့၊ တနည်းပြောရရင် သတ္တိကြောင်တဲ့သူတွေပေါ့။
IQ, EQ, SQ, AQ တို့ကို နှိုင်းယှဉ်လေ့လာတဲ့အခါ လက်တွေ့မှာ ဘဝကို အောင်အောင်မြင်မြင် နဲ့ ဖြတ်သန်းပြီး အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေတဲ့ သူတွေဟာ ဒုတိယနဲ့ တတိယ ဖြစ်တဲ့ EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာဖြစ်ပါတယ်။
အများထင်တဲ့ IQ မြင့်သူတွေ မဟုတ်ပါဘူး။ သူတို့က IQ ပုံမှန်ပဲတဲ့။
IQ မြင့်တဲ့သူတွေက နောက်ဆုံး EQ နဲ့ SQ မြင့်တဲ့ သူဌေးလုပ်ငန်းရှင်တွေဆီမှာ လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို နိဂုံးချုပ်ရတယ်လို့တောင် ပြောရမလိုဖြစ်နေပါတယ်တဲ့။
တကယ်တော့ EQ က ကိုယ့်ရဲ့ ပင်ကိုယ်စရိုက် သဘာဝကို ဖော်ပြပြီး SQ က အဲ့ဒီကိုယ့်စရိုက် က ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လောက်ထိ သက်ရောက်သွားသလဲလို့ ဖော်ပြတာပါ။ ဒါကြောင့် IQ EQ SQ (၃)ခုကောင်းလို့ အောင်မြင်လာပြီဆိုပါစို့။ ကိုယ့်ဆီလာတဲ့ လောကဓံတွေရှိတယ်။
ဒီအချိန်မှာ AQ က အရေးပါလာပါတယ်။ လဲရင်ပြန်ထ ဒါက ဘဝဆိုတာ AQ ပါပဲ။
ဒါကြောင့် မိဘတွေဟာ မိမိသားသမီး AQ လယ်ဗယ်မြင့်လာအောင် ဘဝမှာ အခက်အခဲတွေ နဲ့ ငယ်စဉ်ကတည်းက ရင်ဆိုင်ပေးတွေ့ပြီး လေ့ကျင့်သင်ကြားပေးသင့်ပါတယ်လို့ ဆိုထားပါတယ်။
သူ့အသက်အရွယ်နဲ့ အသိဉာဏ်လယ်ဗယ်အတိုင်း ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ် ပေးတဲ့ တာဝန်ဝတ္ထရားတွေ ခိုင်းစေမှုတွေကို ခွန်အားနဲ့ လုပ်ရမယ့် အလုပ်ကြမ်းတွေကိုလည်း လုပ် ခိုင်းတတ်ရမယ်လို့ ဆိုပါတယ်။
IQ မြင့်ရင်တော့ ရှယ်ကောင်းပေါ့။ မမြင်ရင်လည်း ပုံမှန်လေးဆိုရပြီ၊ ကျန်(၃)ခုဖြစ်တဲ့ (EQ / SQ/ AQ) မြင့်မားဖို့က ပိုအရေးကြီးပါတယ်။ သားသမီးလေးတွေကို သူတို့လျှောက်ဖို့ လမ်းမခင်ပေးပါ နဲ့၊ သူတို့ကိုယ်တိုင် လမ်းခင်းပြီး လျှောက်တတ်ဖို့ကို သင်ပေးပါတဲ့။
ဒါဆိုရင် ကိုယ့်သားသမီးကိုချစ်ရင် သန်မာတဲ့သူတွေ အများအကျိုဆောင်ရွက်လိုပြီး စိတ်ဓာတ်ကောင်းရှိသူတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ တိုက်တွန်းရင်း ဒီနေ့အတွက် ရပ်နား လိုက်ပါတယ်။ ဒီစာရေးတဲ့သူကိုလည်း Credit ပေးပါတယ်။

