ဆလေးရှင်းအသင်းဂိုဏ်းဝင်ဦးပဥ္ဇင်းကြီးနှစ်ပါး၏ ထာဝရရဟန်းသိက္ခာခံယူခြင်း မစ္ဆားတရား။

ဆလေးရှင်းအသင်းဂိုဏ်းဝင် ဦးပဥ္ဇင်းကြီးနှစ်ပါး၏ ထာဝရရဟန်းသိက္ခာခံယူခြင်း မစ္ဆားတရားကို မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ နာဇရက် ရဟန်းဖြစ်သင်ကျောင်း၌ ဩဂုတ်လ ၁၄ရက် ၊ ၂၀၂၆ သောကြာနေ့နံနက် ၉:ဝဝ နာရီအချိန်တွင် ဆရာတော်ကြီး Cardinal Charles Moung Bo(SDB) မှဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

Deacon John Phyo Thura Aung ကို  မန္တလေးဇာတိ အဖ ဦးဂျိမ်း ခင်မောင်လတ် + အမိ ဒေါ် ကက် သရင်း ခင်မြအေးတို့ မှ ၁၉၉၆ ဇွန်လိုင်လ ၅ရက်နေ့တွင်မွေးဖွားပြီး မွေးချင်းမောင်နှမ ၄ ယောက် အနက် ဒုတိယမြောက်သားရတနာဖြစ်ပါသည်။

Deacon Freymoe Win ကိုဖယ်ခုံ ကက်သလစ်သာသနာ၊ လက်ထုံကျေးရွာဇာတိ အဖ ဦးအာ ဘရာဟမ် + အမိ ဒေါ် ဗစ်တိုးရီးယ မာရီးယားတို့မှ ၁၉၉၅ခုနှစ် အောက်တိုဘာလ ၁၁ရက် နေ့မွေးဖွားခဲ့ ပါသည်။

မစ္ဆားတရားအတွင်း Cardinal Charles Moung Bo(SDB) ဩဝါဒမြွက်ကြားရာတွင်

ရဟန်းသည်ဝမ်းမြောက်ခြင်းကို သယ်ဆောင်လာသောသူဖြစ်ရမယ် ရဟန်းသည် သာသနာ၏ အခမ်း အနားများကိုသာ ပြုလုပ်ပေးသောသူမဟုတ်ပါဘူး။ ရဟန်းသည်ခရစ်တော်ရဲ့ဝမ်းမြောက်ခြင်းကို မိမိရဲ့ လူမျိုးထံသို့သယ်ဆောင်ပေးတဲ့သူဖြစ်ရမယ်။ “သင်တို့သည်ငါ့ကိုရွေးချယ်သည်မဟုတ် ငါသည်သာလျှင် သင်တိုကို ရွေးချယ်သည်ဟူသော ကျမ်းချက်အတိုင်းဒီနေ့ရဟန်းသိက္ခာခံယူမဲ့ရဟန်းသစ်တို့ သင်တို့ရဲ့ ရဟန်းဘဝတစ်လျှောက်လုံးမှာ ဒီစကားကိုအမြဲတမ်းသတိရဖို့ရန်ဖြစ်ပါတယ်။ မိမိအစွမ်းအစနဲ့ခေါ်တော် မူခြင်းဖန်တီးခဲ့တာမဟုတ်ဘူး။ခရစ်တော်ဘုရားက သင့်တို့ကိုရွေးချယ်တော်မူခြင်းဖြစ်ပါတယ်။

ဒါကြောင့်မို့သင်တို့ရဲ့ရဟန်းဘဝကို မိမိရဲ့အစွမ်းအစပေါ်မှာပဲ မတည်ဆောက်ကြပါနဲ့ ခရစ်တော်အလို တော်အတိုင်းတည်ဆောက်ကြပါ။ အောင်မြင်တဲ့အခါမှာလည်း ခရစ်တော်ရဲ့ကျေးဇူးတော်ဖြစ်တယ်လို ဆိုကြပါ ပင်ပန်းတဲ့အခါ၊ ဝေဖန်မှုတွေ၊ အပြစ်တင်တာတွေခံရတဲ့အချိန် ခရစ်တော်အတွက်သည်းခံခြင်း ဖြစ်သည်ဟုမှတ်ယူပါ။ ဒွန်ဘော့စကိုရဲ့ အကောင်းမြင်စိတ်ဓာတ်အလေ့အကျင့်တွေကို အတုယူပြီးလိုက် နာဆောင်ရွက်ပါ။ ရဟန်းတစ်ပါးသည် နံရံ၊ တံတိုင်း မဟုတ်ပဲ တံတားတစ်စင်းဖြစ်ကြရပါမယ် ရဟန်း သည်အုပ်စုတစ်စုရဲ့လူမဖြစ်ရပါဘူး ခရစ်တော်ရဲ့လူဖြစ်ရမယ်။ လူငယ်များနှင့်အတူတူလျှောက်လှမ်း နိုင် ရမယ် အမှန်တရားတွေကို မုန်းခြင်းမပါပဲ ချစ်ခြင်းမေတ်တာနဲ့ပြောဆိုရပါမယ်။ ဟုမြွက်ကြားခဲ့ပါသည်။

ငယ်ငယ်ကတည်းကတော့ ဘုန်းကြီး ဖြစ်ချင်စိတ် ရှိခဲ့တယ်။ ဒါပေမဲ့စလေးရှင်း တစ်ပါး ဖြစ်မယ်လို့ မထင်မှတ်ခဲ့ဘူး။ တစ်ရက်မှာတော့ ဦးလေးအိမ်မှာ Don Bosco ရဲ့ အကြောင်း ဖတ်ရှုမိတဲ့ အချိန်ကနေ စပြီးတော့ Don Boscoအကြောင်း နည်းနည်း သိကျွမ်းလာခဲ့တယ်။ အဲဒီနောက်  မြန်မာပြည်မန္တလေး သာ သနာ အနီးစခန်း နာဇရက်ကျောင်းမှာ  စလေးရှင်းတွေ ရှိတယ်ဆိုတဲ့ အကြောင်းသိရတော့ ဆက်သွယ်ပြီး တော့ ဒီ စလေးရှင်းအသင်းဂိုဏ်းထဲ့ရောက်ရှိလာတာဖြစ်ပါတယ်။

Fr. Freymoe Win(SDB)

တကယ်ပဲ ဒီ ခေါ်တော်မူခြင်း ဘဝကို လျှောက်လှမ်းနိုင်ပါ့မလား ဆိုပြီးတော့လည်း  retreat လုပ်တဲ့ အတောအတွင်းမှာလည်း မိမိကိုယ်ကို မေးခွန်းတွေလည်း မေးမိတယ်။ ဒါပေမဲ့ ပြန်ပြီးတော့ ကြည့်လိုက် မယ် ဆိုလို့ရှိရင် ဒီလျှောက်ခဲ့တဲ့ လမ်းဟာ ကိုယ်တစ်ယောက်တည်း လျှောက်ခဲ့တဲ့ လမ်း မဟုတ်ဘူး။ ဘုရားသခင်နဲ့အတူ လျှောက်ခဲ့တဲ့ လမ်း ဖြစ်တယ်။ ဘုရားသခင်က အမြဲတမ်း ကျွန်တော်နဲ့အတူ လျှောက် လှမ်းနေတယ်။  ကျွန်တော် ရွေးချယ်ခဲ့တာ မဟုတ်ဘဲနဲ့ ဘုရားသခင်က ကျွန်တော့်ကို ရွေးချယ်ခဲ့တဲ့ အတွက် ကျွန်တော့်ကို ခွန်အားပေးတယ်၊ သတ္တိပေးတယ် ဆိုတဲ့အတွက်ကြောင့်မို့ အခုဒီ ခေါ်တော်မူခြင်း လမ်းကိုသက်ဆုံးတိုင် လျှောက်လှမ်းနိုင်ဖို့ရန်အတွက် စိတ်အား ထက်သန်စွာနဲ့ လျှောက်လှမ်းဖို့ ဆုံးဖြတ် ထားတယ်

အရင်ဆုံး ကောင်းတဲ့ လူသားတစ်ယောက် ဖြစ်ချင်တယ်။ humanity ပေါ့နော်။ အဲဒီနောက် ပြီးတော့ ကောင်းတဲ့ စလေးရှင်းတစ်ပါးလည်း ဖြစ်ချင်တယ်။ပြီးလို့ရှိရင် ကောင်းတဲ့ ဘုန်းတော်ကြီးတစ်ပါး၊ အထူးသဖြင့်လူငယ်တွေနဲ့ အတူတူ လျှောက်လှမ်းမယ်၊ လူငယ်တွေနဲ့အတူ ကိုယ့်ရဲ့ ခေါ်တော်မူခြင်း လမ်း ကို ဆက်ပြီးတော့ လျှောက်လှမ်းမယ် သူတို့နဲ့ လက်တွဲပြီးတော့ အဖော်ပြုပေးနိုင်ဖို့အတွက် ဆက်ပြီး တော့ ကြိုးစားချင်တယ်၊ ဆန္ဒရှိပါတယ်။

Fr. John Phyo Thura Aung (SDB)

ဒီနေ့က ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အကြီးမားဆုံး ခံစားရတဲ့နေ့ဆိုတော့ ဒါ  ရင်ထဲ နှလုံးသားထဲမှာ ပျော်ရွှင်ခြင်း ပြည့်ဝတဲ့နေ့တစ်နေ့လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီ ဘဝသက်တာရဲ့ လေးနက်မှု၊ ဒီ ဘဝသက်တာကို ဘယ်လိုမျိုး အသက်ရှင်ရမလဲဆိုတာ ဆရာတော်က ကျွန်တော့်ကို မေးခွန်းတွေ မေးတဲ့ အချိန် ပြောတဲ့အချိန် ဒီဟာတွေကို ပြန်မှ စဉ်းစားထောက်ရှုမယ်ဆိုရင်လည်း ကျွန်တော်တို့ အများကြီးပဲ ကြိုးစားရမယ်၊ ဒါ အခုမှ ဒီနေ့မှ စတယ် ဆိုတော့ ဒီအတွေးလည်း ကျွန်တော့်ဒီမှာ ဝင်မိပါတယ်။

သစ္စာသုံးပါးခံ သုတေသိအသင်းဂိုဏ်း ဆိုတော့ ကျွန်တော်တို့ဒီမှာ community life ရှိတာပေါ့နော်။ ဆိုတော့ ပထမအရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ ဝိညာဉ်ရေးရာ ဘဝသက်တာ၊ ကိုယ်နဲ့ ဘုရားနဲ့ တကယ် အမြဲတမ်း အချိတ်အဆက်မိနေဖို့ ပထမဦးဆုံး အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကျွန်တော် တို့ သစ္စာသုံးပါးခံ ပုဂ္ဂိုလ်တွေအတွက်ဆိုရင် ကျွန်တော်တို့ဘေးမှာရှိတဲ့ ကျွန်တော်တို့ community ရဲ့ အကူအညီ၊ တကယ် accompaniment ကို တကယ် လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဘဝရဲ့ လေးနက်တဲ့ အဓိပ္ပာယ်တစ်ခုဖြစ်တဲ့ ဒီ နာခံခြင်းရှိဖို့လည်းလိုပါတယ်။ ကျွန်တော် တို့ ဘယ်သွားရမလဲ ကျွန်တော်တို့ မသိဘူး။ စလေးရှင်းတစ်ပါး ဖြစ်တဲ့အတွက် ကျွန်တော်တို့ လူငယ် တွေအတွက် အတတ်နိုင်ဆုံး ကောင်းတဲ့အရာတွေကို ကျွန်တော်တို့ ရှာဖွေပြီးမှ လုပ်နိုင်တဲ့အရာကို လုပ် နိုင်တဲ့ကဏ္ဍကနေ ကျွန်တော်တို့ လုပ်သွားဖို့ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ အကြီးအကဲတွေ ကျွန် တော့်ကို ဘယ်ကို ပို့မလဲ၊ ဒီအပေါ်မှာ မူတည်မှာပါ။ ပို့တဲ့နေရာမှာ ကျွန်တော်တို့ အထူးသဖြင့် ကျွန်တော် တို့ရဲ့ charism ဖြစ်တဲ့ လူငယ်တွေအတွက် ကြိုးစားပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယား မာရီးယား (Fr. Freymoe Win(SDB) ရဲ့မိခင်)

ဘုရားရဲ့ရွေးချယ်ခေါ်ယူမှုကြောင့် ဒီနေ့သားကရဟန်းတစ်ပါးဖြစ်လာတဲ့အတွက် အတိုင်းမသိဝမ်းသာပါ တယ်။ မိခင်တစ်ယောက်အနေနဲ့ သားကို ပြောချင်တာက ရဟန်းတစ်ပါး ဖြစ်လာပြီဆိုရင်တော့ အများ အတွက် အကျိုးပြုတဲ့ ရဟန်းတစ်ပါး ဖြစ်နိုင်ဖို့ အမေ အမြဲ ဆုတောင်းပေးနေမယ်။ ပြီးတော့ သာသနာ ပြုခရီးလမ်းတွေမှာလည်း အနှောက်အယှက်ကင်းကင်းနှင့် ဘုရားအမှုတော်ကို ထမ်းဆောင်နိုင်ပါစေ။

ဦး အာဘရာဟမ် (Fr. Freymoe Win(SDB) ရဲ့ဖခင်)

ကိုယ့်သား ရဟန်းတစ်ပါး ဖြစ်လာပြီဆိုတော့ အတိုင်းမသိ  ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မစွမ်းဆောင်နိုင်တဲ့ အရာကို ဘုရားသခင်က ကိုယ့်ကို လက်ဆောင် အကြီးကြီးတစ်ခု ပေးသ လိုခံစားရတယ်။ သားကိုဘုန်းကြီး ဖြစ်ချင်တဲ့ စိတ်တွေရှိလာအောင် ငယ်ငယ်ကတည်းက ဘုန်းကြီး စစ္စတာရ်တွေနဲ့ အမြဲတမ်းထိတွေ့စေတယ် စကားပြောစေတယ် ဘုရားကျောင်းလည်း အမြဲတမ်း သူ့ လက်တွဲပြီး ခေါ်သွားပါတယ်။ အခုလိုမျိုး ဖြစ်လာဖို့က သူ့ကိုငယ်ငယ်ကတည်းက ပြုစု ပုံသွင်းပေး  မှု တွေနဲ့လည်း အများကြီး သက်ဆိုင်တယ်လို့ ယူဆပါတယ်။ သားကို  ဘုန်းကြီးတစ်ပါး ဖြစ်စေ ဖို့အတွက် အမြဲတမ်း ဆုတောင်းပေးနေတာ ခုတော့ဆုတောင်းတွေပြည့်သွားတော့ အရမ်းပျော်ပါတယ်။

မာရီးယား ဒေါ်ခင်ရီ Fr. John Phyo Thura Aung (SDB) ၏အဒေါ်)

ရဟန်းတစ်ပါးဖြစ်လာဖို့ဆိုတာမလွယ်ဘူးလေး ဒီထဲမှာကိုယ့်တူကဘုရားရွေးချယ်ခဲ့လို့ ခုလို့ရဟန်း ဖြစ် လာတော့ အရမ်းလည်း ဝမ်းသာတယ်။ သူ့မိဘတွေရော ဆွေမျိုးတွေရော အကုန်လုံးပေါ့နော အရမ်းကို ကျေးဇူးတော်ခံစားရတဲ့နေ့တစ်နေ့ပါ ဒီနေ့က သူ့အဖေကလည်း အရမ်းဆုတောင်းတယ် သူ့အမေက လည်း အရမ်းဆုတောင်းတယ်။  အန်တီတို့ အသိုင်းအဝိုင်းကလည်း သူ့အတွက် အားလုံး ဆုတောင်းပေး တယ် ခုလို ဆုတောင်းပေးရတဲ့အတွက် ဒီလို ဘုရားသခင်ရဲ့ ရွေးကောက်တော်မူခြင်း ခံရတော့ အရမ်း ဝမ်းသာတာပေါ့။ အတိုင်းမသိကို ဝမ်းသာတယ်။ သူ့အတွက်ကိုတော့ ရိုးသားဖြူစင် ဖြောင့်မတ်တဲ့ ထာဝ ရရဟန်းတစ်ပါးအဖြစ် ဘုရားသခင် သူ့ကို အသုံးပြုပါ၊ အစေခံနိုင်သောအခွင့်ကို ပေးပါပေါ့နော်။ သူ့ အတွက် လိုအပ်တဲ့ အစွမ်းအစ အားနည်းချက်၊ အားသာချက်တွေကို ကိုယ်တော်လက်ထဲပဲ အပ်နှံပါ တယ်လို့ အမြဲတမ်း ဆုတောင်းပေးပါတယ်။

ဒေါ် ကက် သရင်း ခင်မြအေး Fr. John Phyo Thura Aung (SDB) ၏မိခင်)

ပထမဦးဆုံးအနေနဲ့ ဘုရားရှင် ကိုကျေးဇူးတင်ပါတယ် ဒီနေ့ ဒီအချိန်အထိ သား ရဟန်း အသက်တာတစ် လျှောက်လုံးမှာ ခံစားရတဲ့ ကောင်းချီးတွေနဲ့ အခု ဒီနေ့ ထူးခြားတဲ့ ကျေးဇူးတော်နဲ့ ရွေးကောက်ခြင်း ကျေးဇူးတော်ကို ပေးသည့်အတွက် ဘုရားရှင် ကို ပထမဦးဆုံးအနေနဲ့ အရမ်းကျေးဇူးတင်ပါတယ်။

ငယ်ငယ်တုန်းက သားက ကျန်းမာရေးသိပ်မကောင်းဘူး ဒါကြောင့် ဖြစ်ပါ့မလားဆိုပြီးစိတ်ပူခဲ့ တာတွေ လည်းရှိဖူးတယ် သူကို ဒီလိုမျိုး ဘဝမျိုးရအောင်လည်း မိဘတွေကလည်းအားပေးတယ် ဆုတောင်း ပေးတယ်။ နောက်ပြီး သူ့အတွက် ကျန်းမာရေးကောင်းဖို့ အရမ်းရုန်းကန်ခဲ့ရတဲ့ အချိန်ကာလလေးက တော့ အန်တီတို့အတွက် အမှတ်တရပေါ့။ ဆုတောင်းစကားလေးကတော့ ဒီကနေ့မှစ ရဟန်းအသက် တာ ဘဝတစ်လျှောက်လုံးမှာ ဘုရားရှင်နဲ့ မယ်တော် ဒွန်ဘော့စကို အတူရှိပြီးတော့ ထာဝရ အဆုံးတိုင် လျှောက်လှမ်းနိုင်ဖို့အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။

rvamyanmar
rvamyanmar
Articles: 4153

Leave a Reply

Your email address will not be published. Required fields are marked *