

ဆဌမအကြိမ်မြောက် အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများပွဲနေ့ကျင်းပ။
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ သာသနာလုံးဆိုင်ရာ အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများ ပွဲနေ့မစ္ဆားကို မန္တလေးမြို့ ကာသီဒြယ် ရွှေနှလုံးတော်ဘုရားကျောင်း၌ (၁.၈.၂၀၂၆) စနေ့နေ့၊ နံနက် ၇:ဝဝ နာရီအချိန်၌ ဘုန်းတော်ကြီး Fr. Paul Thet Khaing မှဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများပွဲနေ့ကို Laity and Family Commission မှဦးဆောင်ပြီး ကျင်း ပခဲ့ပြီး သာသနာစီရင်စု အသီးသီးမှ အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများလာရောက် ပါဝင်တက် ရောက်ခဲ့ပါသည်။ မစ္ဆားတရားအပြီးတွင် သက်ကြီးရွယ်အိုများကို ဂုဏ်ပြုသည့်အခမ်းအနားဆက်လက် ကျင်းပပြီး လက်ဆောင်ပစ္စည်းများနှင့် ဝတ္ထုငွေများပေးအပ်လှူဒါန်းခြင်း ပုပ်ရဟန်းမင်းကြီး၏ အဖိုးအ ဖွားများအတွက် ဂုဏ်ပြုထုန်ပြန်သည့် စာချွန်တော်ဖတ်ကြားခြင်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပါ သည်။
Fr. Thet Khaing
ဘုရားပြီးလျှင် မိဘတွေက လောကကြီးမှာ အကြီးမားဆုံးသော ကျေးဇူးရှင်တွေဖြစ်တယ်။ မိဘဆိုတာ ဘုရားနဲ့ တစ် ဂိုဏ်းတည်းလို့ အခြားသော ဘာသာတရားတွေက သွန်သင်သလို၊ ကျွန်တော်တို့ရဲ့ ကက် သလစ်သင်းတော် အသုံးပြုနေတဲ့ ဧဝံဂေလိ နှုတ်ကပတ်တော်မှာလည်း တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ မိဘတွေကို မရိုမသေပြုခြင်း၊ မိဘတွေကို ထိခိုက်စော်ကားခြင်းဟာ အရမ်းကို အပြစ်ကြီးပါတယ်။ ဒါကြောင့် မိဘတွေဟာ ဘုရားနဲ့ တစ်ဂိုဏ်းတည်းလို့ မှတ်ယူလို့ရတယ်။
ထာဝရဘုရားသခင် ကိုယ်တော်တိုင်ကလည်းပဲ ပညတ်ချက်မှာ ပေးခဲ့ပါတယ်။ စတုတ္ထ ပညတ်တော်မှာ – “မိဘတို့အား ရိုသေခြင်းကို ပြုလော့”တဲ့။ ဒါကြောင့် မိဘတွေကို ရိုသေခြင်းဟာ ကျွန်တော်တို့ လုံးဝမမှား ယွင်းနိုင်တဲ့ အရာဖြစ်ပါတယ်။ တခါတလေ ကျွန်တော်တို့က နီးလွန်းတဲ့အရာကို မမြင်မိဘူးတဲ့။ ကျွန် တော်တို့ အနီးနားမှာ ရှိနေတဲ့ အဖိုး အဖွားရဲ့ ကျေးဇူး၊ မိဘတွေရဲ့ ကျေးဇူးကို မမြင်မိတဲ့ အခြေအနေတွေ အများကြီး ရှိတယ်။
တချို့သောသူတွေက အလုပ်မလုပ်နိုင်တော့တဲ့ အဖိုးအဖွား သက်ကြီးရွယ်အိုတွေကို ဝန်ထုပ်ဝန် ပိုးများ လို့ မှတ်ယူပြီးတော့ ဂျောင်ထိုးထားချင်ကြတယ်။ လူရာမသွင်းတော့တာတွေ၊ အရေးမပေးတော့ တာ တွေ၊ မေ့လျော့တာတွေ ရှိလာကြတယ်။ ဒါကြောင့် မိမိရဲ့ မိသားစုမှာ အဖိုးအဖွားတွေ၊ မိဘတွေ ရှိနေ ခြင်းက ဘုရားရဲ့ ကောင်းကြီးမင်္ဂလာတစ်ခုလို့ ကျွန်တော်တို့ ခံယူကြရမှာ ဖြစ်တယ်။
Fr. Nay Myo Swe
မိဘနှစ်ပါးဆိုတာက ဘာမှ မလုပ်နိုင်ရင်နေ၊ အိမ်ဦးခန်းမှာ ထိုင်နေရင် တောင်မှ အဲ့ဒီအိမ်က ကျက်သရေ ရှိတယ်။ ဒါထက် ပိုပြီးတော့ အဖိုးလည်းရှိတယ်၊ အဖွားလည်းရှိတယ်၊ အဖေလည်းရှိတယ်၊ အမေလည်းရှိ တယ်ဆိုရင် ဘယ်လောက်ပြည့်စုံလဲ။
ဒါကြောင့်မို့ သင်တို့ အိမ်မှာ “ငါတို့က အသက်ကြီးလို့ ဘာမှ မလုပ်နိုင်ဘူး” ဆိုပြီး အားမငယ်နဲ့။ သင်တို့ တည်ရှိနေခြင်းကိုက သားသမီးတွေ၊ မြေးမြစ်တွေအတွက် ခွန်အားရတယ်။ လူကြီးသူမတွေ ရှိနေခြင်းက အဲ့ဒီအိမ်က ကောင်းချီး ခံစားရတယ်။ ဒီမှာ ရှိနေကြတဲ့ အဖိုးအဖွားတို့ ကိုဂုဏ်ယူစေချင်တာက သင်တို့ရဲ့ ကျေးဇူးတွေ၊ သင်တို့ရဲ့ မေတ္တာတရားတွေက အခုချိန်ထိ အကျိုးသက်ရောက်မှု ရှိပါတယ်။
ကျွန်တော်တို့ သားသမီးတွေဘက်ကလည်း တန်ဖိုးထားရမယ်၊ လေးစားရမယ်။ ကိုယ်ဂုဏ်ယူရတဲ့ အဖိုး အဖွားတွေ ဖြစ်သလို၊ အဖိုးအဖွားတွေ ဂုဏ်ယူရတဲ့ သားသမီး၊ မြေးမြစ်တွေ ဖြစ်အောင်လည်း ကျွန် တော်တို့ လူငယ်လူရွယ်တွေ၊ သားသမီးတွေဘက်က ကြိုးစားရမယ်။ ဒါမှ ပြန်လည် သက်ရောက်မှု ရှိမယ်။ ဒါလေးက ဒုတိယတစ်ချက်အနေနဲ့ ခွန်အားပေးချင်တယ်။ အဖိုးအဖွားများလည်း အမွေတွေ သင်တို့ မပေးနိုင်ရင်နေ၊ သင်တို့ ယုံကြည်ခဲ့တဲ့၊ သင်တို့ အားကိုးခဲ့တဲ့ ဘုရားကို ကိုယ့်ရဲ့ မြေးတွေ၊ မြစ် တွေကို ပေးခဲ့ပါ အဲ့ဒါက သင်တို့ ပေးနိုင်တဲ့ အကောင်ဆုံးလက်ဆောင် ပဲ။
Fr. Peter Kyi Maung
အဖိုးအဖွားတွေဆိုတာ ကောင်းတဲ့ ရေလိုပဲ။ ဒီရေနဲ့ ဒီမိသားစုကြီးကို ဝင်လာသမျှ အမှိုက် တွေကို အကုန် သန့်ရှင်းရေးလုပ်ပေးပြီးတော့ပျော်ရွှင်တဲ့ မိသားစုတစ်စု၊ အေးချမ်းတဲ့ မိသားစုတစ်စု၊ ငြိမ်းချမ်းတဲ့ မိသားစုတစ်စု၊ ကိုယ့်ရဲ့ မိသားစု သစ်ပင်ကြီးက ဘယ်နေရာမှာပဲ ရောက်နေ ရောက်နေလူမမြင်တဲ့ အမြစ် နေရာမှာပဲ ရောက်နေပါစေ ဒီအပင်ကြီး ရှင်သန်အောင်တော့ အာဟာရတွေ ကျွေးနေဦးမှာပဲ။
လူမြင်စရာ မလိုဘူး။ “ငါ့ကြောင့် ဒီအပင်ကတော့ လေတိုက်တဲ့ လောကဓံတွေ အကုန်လုံး ခံနိုင်ဖို့ ” ဘယ်နေရာမှာပဲ ရောက်နေ ရောက်နေ၊ ငါ့ကြောင့် ဒီအပင်က ခိုင်မာနေရမယ်၊ ဆိုတဲ့စိတ်နဲ့ ရပ်တည် နေသူ တွေပါ။
ယုံကြည်ခြင်း မျိုးစေ့လည်း ရှင်သန်ရမယ်၊ ချစ်ခြင်းမေတ္တာ မျိုးစေ့လည်း ရှင်သန်ရမယ်၊ စည်းလုံးခြင်း မျိုးစေ့လည်း ရှင်သန်ရမယ်၊ ငြိမ်းချမ်းခြင်း မျိုးစေ့လည်း ရှင်သန်ရမယ်၊ သည်းခံခွင့်လွှတ်ခြင်း ဆိုတာ လည်း ရှင်သန်ရမယ်၊ ငါ့မိသားစု စည်းလုံးခြင်းဆိုတဲ့ မျိုးစေ့လည်း ရှင်သန်ရမယ်”။
ဒါဟာ မိသားစု သစ်ပင်ကြီးရဲ့ လုပ်ဆောင်မှုပဲ။ ဒီမိသားစု သစ်ပင်ကြီးထဲမှာ အဖိုးအဖွားတွေရဲ့ ကဏ္ဍက အရေးကြီးဆုံးပဲ။ ဒီအပင်ကြီးရဲ့ အောက်မှာ သားသမီး၊ မြေးမြစ်တွေ အများကြီး ခိုလှုံနေကြလို့။ နောက် ဆုံးအနေနဲ့ ကျွန်တော် ဝေမျှချင်တာကတော့ အဖိုးအဖွားတွေဆိုတာ ကျွန်တော်တို့ရဲ့ ဝန်ထုတ်ဝန်ပိုးတွေ မဟုတ်ဘူး။ ဘဝရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေရဲ့ ဘဏ္ဍာတိုက်ကြီးတွေ ဖြစ်ပေးနေတဲ့အတွက် အဖိုးအဖွားတွေကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့ ဘဝတွေမှာ ပြဿနာတွေ ဖြေရှင်းလို့ မရတဲ့နေရာမှာ အဖိုးအဖွားတွေက ပြဿနာတွေကို အဖြေထုတ်ပေးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဖိုးအဖွားတွေဟာ သားသမီး၊ မြေးမြစ်တွေကို ဘုရားသခင်ဆီကို လမ်းပြပေးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
အဖိုးအဖွားတွေဟာ ယုံကြည်ခြင်း မျိုးစေ့လူဖြစ်ခြင်း မျိုးစေ့၊ ဒီအရာတွေကို ရှင်သန်နေအောင် ဆံပင် တွေဖြူ၊ သွားကျိုးနေပေမဲ့ အိပ်ယာပေါ် လဲနေတဲ့အထိ ဆုတောင်းပေးပြီး ရှင်သန်အောင် ကြိုးစား နေပေး တဲ့အတွက် အဖိုးအဖွားတွေကို ကျေးဇူးတင်ပါတယ်။
U Soe Naing
ဒီ (၆) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများနေ့ အတွက် ရွေးချယ်ထား တဲ့ ဟေရှာယ အနာဂတ်တ္တိကျမ်း အခန်းကြီး (၄၉)၊ အခန်းငယ် (၁၅)။ ဖြစ်တဲ့”ငါသည် သင့်ကို မည် သည့်အခါမျှ မေ့မည်မဟုတ်” ဆိုသည့်အချက်ကို ဒီနှစ်ရဲ့ ဆောင်ပုဒ် အဖြစ် ရဟန်းမင်းကြီးက ရွေးချယ် ပေးခဲ့ ပါတယ် ဖြစ်ပါတယ်။ ဒီ သတင်းစကားကို သက်ကြီးရွယ်အိုတွေ မကြာခဏ ကြုံရလေ့ရှိတဲ့ အထီးကျန်ဆန်မှုတွေ၊ ပစ်ပယ်ခံရမှုတွေအတွက် ဘုရားသခင်ရဲ့ မပြောင်းလဲတဲ့ မေတ္တာတော်အကြောင်း ကို ဖော်ပြနေတယ် ဆိုတာကို ဒီကျမ်းပိုဒ်ကလေးက သတိပေးတာ ဖြစ်တယ်။
ဒီပွဲတော်ကို ၂၀၂၁ ရဟန်းမင်းကြီး ဖရန့်စစ် လက်ထက်ကနေပြီးတော့မှ ဒီပွဲတော်ကို စတင်ခဲ့တာ ဖြစ် တယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်၊ ကျွန်တော်တို့ရဲ့ နောင်လာနောင်သား သားသမီးတွေအတွက် အဓိက ကျတဲ့ ပွဲတော်တစ်ခုအဖြစ် တန်ဖိုးထားပြီးကျင်းပမည့် ချစ်မြတ်နိုး စရာကောင်းတဲ့ ပွဲတော်တစ်ခုအဖြစ် သမိုင်းအစဉ်အလာ တစ်ခု ဖြစ်ဖို့အတွက်ကို ရဟန်းမင်းကြီးမှ စတင်ပြီး ဒီပွဲ တော်ကို ကျင်းပစေခဲ့တယ်။
သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်ပြီး မစ္ဆားတရားတော်မြတ်ကို ပူဇော်ပေးရ ခြင်းဖြစ်ပြီး။ ဒီအတွက် ကြောင့် ကျွန်တော်တို့ ဒီနေ့မနက်မှာ ဘုန်းတော်ကြီးသုံးပါး ခြံရံပြီး အဖိုးအဖွားတွေ၊ လူကြီးသူမတွေ အတွက်၊ ဒီနေရာကို အကြောင်းအမျိုးမျိုးကြောင့် မရောက်လာနိုင်တဲ့ အဖိုးအဖွားတွေ အားလုံးအတွက် ရည်ရွယ်ပြီးမစ္ဆားတရားတော်မြတ်ကို ကျင်းပ ပူဇော်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်တော့ အိမ်တိုင်ရာ ရောက် သက်ကြီးရွယ်အိုများကို သွားရောက်မကန်တော့နိုင် ဆုမတောင်ပေးနိုင် ပေမဲ့ လာမဲ့နှစ်တွေမှာ တော့ ပိုကောင်းတဲ့အစီအစဉ်ဖြစ်အောင် ဆက်လက်လုပ်ဆောင်ဖို့ ရယ်ရွယ်ထား ပါတယ်။
အန်ကယ်ဦးဝင်းနိုင်
ဒီနေ့လိုအသက်ကြီးတဲ့ အဖိုးအဖွားများကို သတိတရနှင့် ဂုဏ်ပြုတဲ့ပွဲနေ့ကို ကျင်းပပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဘုန်းတော်ကြီးတွေရဲ့အားပေးစကားသံတွေကလည်း တကယ်ခွန်အားရပါတယ် ။တစ်ခါတလေတော့ တကယ်ပဲ ကိုယ်ကဘာမှအသုံးမဝင်တော့တဲ့လူပိုတစ်ယောက်လိုခံစားရတာ တော့ အမှန်ပဲ။ ဒီလိုပွဲမှာမတွေ့ကြတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့လည်းပြန်ဆုံကြတော့ အချင်းချင်း စကားပြောကြ အားပေးကြရင်းနဲ့ တကယ်စိတ်ချမ်းမှုကိုရရှိပါတယ်။



