

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
တချို့လူတွေအတွက် ဘဝက အခြားသူတွေထက် ပိုပြီး ပင်ပန်းနေတတ်တယ်။ အဲဒါက သူတို့မှာ ပြဿနာတွေ ပိုများနေလို့ မဟုတ်ဘဲ၊ အရာရာကို ခံစားသိရှိနိုင်စွမ်း ပိုမြင့်မားနေလို့ပဲ။ ခံစားလွယ်တဲ့ နှလုံးသားနဲ့ အသေးစိတ်ကအစ အကုန်သတိထားမိတဲ့ မျက်လုံး နဲ့ သေးသေးမွှားမွှားကအစ အကျယ်ချဲ့တွေးတတ်တဲ့ စိတ်ကို ပိုင်ဆိုင်ထားတဲ့သူတွေအတွက် နေ့စဉ်ဘဝကို ဖြတ်သန်းရတာက တကယ့်ကို စွမ်းအင်ကုန်ခမ်းစရာ ကောင်းပါတယ်။
သူတို့တွေဟာ အခန်းတစ်ခုထဲ ဝင်သွားတာနဲ့ လူတွေရဲ့ မျက်နှာထား၊ လေသံ၊ အမူအရာ အပြောင်းအလဲလေးတွေကို အလိုအလျောက် သတိထားမိလိုက်တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ စာပြန်တဲ့ ပုံစံလေး နည်းနည်း ပြောင်းသွားတာနဲ့၊ ဒါမှမဟုတ် စကားပြောနေရင်း တစ်ဖက်လူ မျက်မှောင်လေး ကုတ်သွားတာနဲ့ ငါ ဘာများ အမှားပြောမိလိုက်လို့လဲဆိုပြီး ခေါင်းထဲမှာ အကြိမ်ကြိမ် ပြန်တွေးနေတတ်ကြတယ်။ လူတွေ သတိမထားမိတဲ့ သေးငယ်တဲ့ အရာလေးတွေကို လိုက်မြင်နေရ၊ ခံစားနေရတဲ့အခါစိတ်က အမြဲတမ်း အလုပ်လုပ်နေရသလို ဖြစ်ပြီး ပုံမှန်ထက် ပိုပြီး မောပန်းလွယ်တတ်ကြတယ်။
အဆိုးဆုံးကတော့ “A heart that cares too much” (သူများတွေအပေါ် လိုတာထက်ပိုပြီး ဂရုစိုက်တတ်တဲ့ နှလုံးသား) ပါပဲ။ ကိုယ့်အပူထက် သူများအပူကို ပိုပြီး ခေါင်းထဲထည့်တတ်တယ်။ တစ်ယောက်ယောက် အဆင်မပြေဖြစ်နေရင် ကိုယ်ပါ လိုက်ပြီး စိတ်မကောင်း ဖြစ်နေတတ်တယ်။ ဒါပေမယ့် ခက်တာက လောကကြီးမှာ လူတိုင်းက ကိုယ့်လို တုံ့ပြန်တတ်တာ မဟုတ်ဘူး။ ကိုယ်က သူတို့ကို ၁၀၀ ရာခိုင်နှုန်း စာနာပေးပေမယ့်၊ ကိုယ့်အလှည့်ကျရင် အဲ့ဒီလို ပြန်မရတဲ့အခါမျိုးမှာ အကြီးအကျယ် နာကျင်ရတော့တာပဲ။
ဒီလိုလူတွေကို ပတ်ဝန်းကျင်က အလွယ်တကူ ပေးတတ်တဲ့ အကြံဉာဏ်က “အရမ်း မတွေးပါနဲ့ကွာ၊ ခံစားမလွယ်ပါနဲ့၊ စိတ်ထဲ မထားနဲ့” ဆိုတာတွေပဲ။ တကယ်တော့ အဲဒါက ပြောသလောက် မလွယ်ပါဘူး။ မွေးရာပါ ပါလာတဲ့ သဘာဝတစ်ခု၊ စိတ်ရဲ့ ဖွဲ့စည်းပုံတစ်ခုကို ခလုတ်နှိပ်ပြီး ပိတ်ပစ်လိုက်သလို အလွယ်တကူ လုပ်လို့မှ မရတာ။
ဒါပေမယ့် ဒီလို ခံစားလွယ်တာကို အားနည်းချက်တစ်ခုလိုချည်းပဲ မြင်နေစရာတော့ မလိုပါဘူး။ ဒီလို အရာရာကို သတိထားမိတဲ့ မျက်လုံးတွေ၊ စာနာတတ်တဲ့ နှလုံးသားတွေ ရှိနေလို့ပဲ လောကကြီးမှာ အနုပညာတွေ၊ နားလည်ပေးမှုတွေ၊ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိနေသေးတာပါ။ သင်က လူတွေရဲ့ နာကျင်မှုကို မြင်နိုင်စွမ်းရှိတဲ့အတွက်၊ အကောင်းဆုံး နားထောင်ပေးနိုင်သူ၊ အကောင်းဆုံး နှစ်သိမ့်ပေးနိုင်သူ တစ်ယောက် ဖြစ်နေတတ်ပါတယ်။ ဒါဟာ အလွန်လှပတဲ့ အားသာချက် တစ်ခုပါ။
အဓိက သတိထားရမယ့် တစ်ချက်ကတော့ ကိုယ့်ရဲ့ အဲ့ဒီ ဂရုစိုက်တတ်တဲ့ နှလုံးသား ကို ဘယ်သူ့ဆီမှာ သုံးမလဲ ဆိုတာကိုတော့ သေချာ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်တွေကို တန်ဖိုးမထားတဲ့ သူတွေ၊ ကိုယ့်ကို အသုံးချချင်တဲ့ သူတွေဆီမှာ သွားပုံအောနေမိရင် ကိုယ်ပဲ ဒဏ်ရာရပါလိမ့်မယ်။
အရာရာကို ခံစားလွယ်တဲ့ သင့်အနေနဲ့၊ သူများတွေကို ဂရုစိုက်သလိုမျိုး သင့်ရဲ့ အဲ့ဒီ နူးညံ့တဲ့ စိတ်ထားလေးကို ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂရုစိုက်ဖို့ (Self-care) အတွက်လည်း အချိန်ပေးနိုင်ပါစေလို့ ဆန္ဒပြုချင်ပါတယ်။


