https://youtu.be/6EMdKTIYt1I

“အားလုံးပဲ မင်္ဂလာပါ… ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ခါမှာတော့ ဇူလိုင်လအတွင်း ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ရေကြီးမှုနဲ့ မုန်တိုင်း ကပ်ဘေးအကြောင်းတွေကို ဆက်လက်ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဇူလိုင်လဟာ ကမ္ဘာ့ရာသီဥတု သမိုင်းမှာ ဆိုးရွားတဲ့ လတစ်လ ဖြစ်ခဲ့တာကြောင့် အဆုံးထိ စိတ်ရှည်ရှည်နဲ့ ကြည့်ရှုပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ပထမဦးစွာ အရှေ့တောင်အာရှက ဖိလစ်ပိုင်နိုင်ငံမှာ ဇူလိုင် ၆ ရက်ကနေ ၁၃ ရက်နေ့အထိ စူပါတိုင်ဖုန်းမုန်တိုင်း ဗာဗီ (Bavi) စတင်တိုက်ခတ်ခဲ့ပါတယ်။ အနောက်ပစိဖိတ် သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန် လွန်ကဲစွာ မြင့်တက်မှုကြောင့် မုန်တိုင်းဟာ အလွန်လျင်မြန်စွာ အားကောင်းလာခဲ့တာဖြစ်ပြီး တစ်နာရီ မိုင် ၁၈၀ အထိ ပြင်းထန်တဲ့ လေပြင်းတွေနဲ့အတူ အနောက်တောင်မုတ်သုံလေကိုပါ ဆွဲခေါ်လာခဲ့ပါတယ်။ ဒီလို မုတ်သုံမိုးနဲ့ မုန်တိုင်းပေါင်းစပ်လိုက်တာကြောင့် လုဇွန်ကျွန်း အပါအဝင် ပြည်နယ်အများအပြားမှာ ရေအနက် ရင်ဘတ်အထိ ရေကြီးခဲ့ပါတယ်။ မြစ်တွေ လျှံကျပြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပြည်သူ ၇ သိန်းကျော်ရဲ့ လူနေမှုဘဝနဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ခဲ့ရသလို၊ ၁ သိန်းခွဲကျော်ဟာလည်း အိမ်တွေကို စွန့်ခွာပြီး စာသင်ကျောင်းနဲ့ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပါတယ်။

ဒါတင် မကသေးပါဘူး… တရုတ်နိုင်ငံမှာလည်း ဇူလိုင် ၄ ရက်ကနေ ၉ ရက်အတွင်း အပူပိုင်းမုန်တိုင်း မေးဆက်ခ် (Maysak) ဝင်ရောက်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် တရုတ်တောင်ပိုင်း ကွမ်ရှီးဒေသမှာ စံချိန်တင် မိုးရေချိန် လက်မ ၃၅ လက်မအထိ ရွာသွန်းခဲ့ပါတယ်။ မိုးသည်းထန်လွန်းလို့ ဟန်းကျိုးမြို့မှာ ရေကာတာအချို့ ကျိုးပေါက်ခဲ့ပြီး မြို့ပြဧရိယာတွေ ရေအောက်ရောက်ခဲ့သလို ကွိုင်ကန်းမြို့မှာဆိုရင် ပိတ်မိနေတဲ့ ကျောင်းသားနဲ့ ဆရာ/မ ၁၀,၀၀၀ ကျော်ကို အရေးပေါ် လှေတွေနဲ့ ကယ်ဆယ်ခဲ့ရပါတယ်။ ဒီ့ပြင် ဇူလိုင် ၁၁ ရက်မှာ ဗာဗီ မုန်တိုင်းဟာ တရုတ်မြောက်ပိုင်း ရှန်ယန်းမြို့နဲ့ ဟဲပေပြည်နယ်အထိ ဆက်လက်တိုက်ခတ်ခဲ့ပြီး ရေအနက် ၂ မီတာကျော်အထိ မြင့်တက်ကာ လမ်းပန်းဆက်သွယ်ရေးနဲ့ ရထားလိုင်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ အလားတူ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း မုတ်သုံမိုး မိုးတိမ်တိုက်တွေကြောင့် ပင်မမြစ်ကြီး ၉ စင်းထက်မက ရေမှတ် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့ပြီး မြေပြိုမှုဒဏ်တွေကို သန်းနဲ့ချီ ခံခဲ့ရပါတယ်။

ကြည့်ရှုသူ ပရိသတ်ကြီးခင်ဗျာ… ကျွန်တော်တို့ ဘာကြောင့် ဒီလို သဘာဝဘေးအန္တရာယ် ဖြစ်စဉ်တွေကို အသေးစိတ် ဆက်တိုက် ပြောပြနေရတာလဲဆိုရင် ဒါတွေဟာ သဘာဝတရားက ကျွန်တော်တို့ကို ပေးနေတဲ့ ပြင်းထန်တဲ့ သတိပေးသံတွေ ဖြစ်လို့ပါပဲ။ ကမ္ဘာ့အပူချိန် ပိုမိုမြင့်တက်လာတာနဲ့အမျှ ရာသီဥတု ဖောက်ပြန်မှုတွေဟာ ပိုမိုဆိုးရွားလာနေပါတယ်။ သမုဒ္ဒရာရေ ပူနွေးလာလို့ မုန်တိုင်းတွေ ပိုပြင်းထန်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မလိုလားအပ်တဲ့ ကာဘွန်ထုတ်လွှတ်မှုတွေကို မလျှော့ချဘဲ၊ သဘာဝအမွေအနှစ်တွေကို မထိန်းသိမ်းဘဲ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ဒီထက်မက ဆိုးရွားတဲ့ ကပ်ဘေးတွေကို ဆက်လက်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ တစ်ဦးချင်းစီက သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းကြဖို့ တိုက်တွန်းရင်း ဒီအစီအစဉ်လေးကို နိဂုံးချုပ်ပါရစေ။ အားလုံးပဲ သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းကြပါစို့။ ကျေးဇူးတင်ပါတယ်။”

Edited & Presented by Steven Htike

rvamyanmar
rvamyanmar
Articles: 4096

Leave a Reply

Your email address will not be published. Required fields are marked *