

စိန့်ဗင်းဆင်းဒီပေါလ် ဘုရားကျောင်းပွဲနေ့မစ္ဆားတရားပူဇော်ခြင်း။
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဇော်ဂျီကျေးရွာရှိ စိန့်ဗင်းဆင်းဒီပေါလ် ဘုရားကျောင်းပွဲနေ့ မစ္ဆားတရားတော်ကို (၁၈.၇.၂၀၂၆) စနေ့နေ့ နံနက် ၈:ဝဝ နာရီအချိန်၌ ဘုန်းတော်ကြီး ဂျိုးဇက် သက်လွင် မှဦးဆောင်ပူဇော်ပေးခဲ့ပြီး ဩဝါဒတရားကို ဘုန်းတော်ကြီး John Eude Aung Kyaw Khaing မှ မြွက်ကြားခဲ့ပါသည်။
ကျောင်းပွဲနေ့မစ္ဆားသို့ မန္တလေးသာသနာနယ်အသီးသီးမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာဝင် များလာရောက်ပါဝင်ခဲ့ပါသည်။ ဘုရားကျောင်းအပြီးတွင် စိန့်ဗင်းဆင်းဒီပေါလ် ပွဲနေ့ အထိမ်းအမှတ် အနေဖြင့် အန်ကယ် ဦးမြင့်ဝေ တို့မိသားစုမှ ပွဲလာဘာသာဝင် အယောက်စီတိုင်းကို ဆန်၊ဆီ၊နှင့် ဝတ္ထု ငွေများကို ပေးဝေလှူဒါန်းပေးခဲ့ပါသည်။
မစ္ဆားတရားအတွင်းဘုန်းတော်ကြီး Fr.John Eude Aung Kyaw Khaing မှဩဝါဒတရား မြွက်ကြား ရာ မှာ
“စိန့်ဗင်းဆင်းဒီပေါလ်သည် ကက်သလစ်သာသနာတော်မှာ ပရဟိတအထိမ်းအမှတ်ကို သက်သေပြတဲ့ ရဟန္တာတစ်ပါးအဖြစ်ဖော်ပြကြပါတယ်။ သူ့ရဲ့ဘဝအသက်တာတစ်လျှောက်လုံး ပရဟိတဆိုတာ ဘယ် လိုအရာလည်းဆိုတာ ကျွန်ုပ်တို့ကိုပြသခဲ့ပါတယ်။
ကျွန်ုပ်တို့ကြားကြားနေကြတဲ့ ပရဟိတဆိုတာဘာလဲ “ပရ” ဆိုတာ အခြားသူလို့အဓိပ္ပာယ်ရပြီး “ဟိတ” ဆိုတာက ကောင်းကျိုးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်ပရဟိတဆိုတာက အများကောင်းကျိုး အတွက်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်ဘာများ သူများကိုလုပ်ပေးနိုင်မလဲ၊ ဘယ်လိုနဲ့သူများ ကိုကူညီပေးနိုင်မလဲ၊ ဘယ်လိုသူများရဲ့ ဒုက္ခဝေဒနာတွေကို ကူညီပြီးဖြေရှင်းပေးနိုင်မလဲ စသည့် အရာ တွေဟာ ပရဟိတ စိတ်ဖြစ်ပါတယ်။
ထို့အပြင်ပရဟိတလို့ပြောတဲ့အခါမှာ နှုတ်အားဖြင့်သာမဟုတ်ပဲ လက်တွေ့လုပ်အားတွေနဲ့ပါ လုပ်ဆောင် ကြရမှာဖြစ်ပါတယ်။ အများကောင်းကျိုးလုပ်ကြတဲ့ ပရဟိတ ဆိုတဲ့ဒီစကားလုံးရဲ့ အဓိပ္ပာယ်မှာ လုပ် ဆောင်မှုသတ်သတ်သာမဟုတ်ပဲ သာသနာပြုခြင်းလုပ်ငန်းလည်းဖြစ်ပါတယ်။ ပရဟိတလုပ်ကြတဲ့ အခါ မှာလူတွေရှေ့မှာ ကြွားဝါဖို့မဟုတ်ပါ လူအပ်နေသူတွေကို ကူညီအစေခံလုပ်ဆောင်တဲ့ သာသနာပြုလုပ် ငန်းဖြစ်ပါတယ်။
ရဟန္တတာကြီးစိန့်ဗင်းဆင်းဒီပေါလ်က သူ့ဘဝအသက်တာတစ်လျှောက်လုံး သူများအတွက်ပဲ ကူညီအ စေခံပြီးအသက်ရှင်နေထိုင်ခဲ့သူဖြစ်ပါတယ်။ ဆင်းရဲတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ၊ မိဘမဲ့ကလေး တွေ၊ စွန့်ပစ်ခံလူတန်းစားအားလုံးအတွက် အသက်ရှင်နေထိုင်ခဲ့တယ်။ ဒါကြောင့်ကျွန်ုပ်တို့သည်လည်း ခရစ်ယာန်တစ်ယောက်အနေနဲ့ အသက်ရှင်တဲ့အချိန်မှာ ကိုယ့်တစ်ယောက်တည်းအတွက် အသက်ရှင် တာမဟုတ်ပဲ ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေအတွက်အသက်ရှင်ရမဲ့ ဘဝအသက်တာဖြစ်ပါ တယ်။
ကျွန်ုပ်တို့ ဒီအသက်အရွယ် ဒီအချိန်ထိဘာတွေ ကောင်းကျိုးများ ကျွန်ုပ်တို့လုပ်ခဲ့ပြီလည်းဆိုတာ မိမိ ကိုယ်ကို ပြန်စဉ်းစားကြည့်ရမယ်။ ဒါကြောင့်ရဟန္တာစိန့်ဗင်းဆင်းဒီပေါလ်လုပ်ဆောင်ခဲ့သော ပုံဥပမာကို အတုယူပြီးကျွန်ုပ်တို့ပတ်ဝန်းကျင်မှာရှိတဲ့ လိုအပ်နေသူများအတွက် ကိုယ်ညီဖေးမှပေးချင်တဲ့ ပရဟိတ စိတ်တွေကျွန်ုပ်တို့အယောက်စီတိုင်းမှာ ရှိဖို့လိုအပ်ပါတယ်။” ဟုမြွက်ကြားခဲ့ပါသည်။
နိုအယ်လ် (ရေဦးမှဘာသာဝင်)
ဒီရဟန္တာစိန့်ဗင်းဆင်းဒီပေါလ် ဘုရားကျောင်းပွဲကို ခုမှပထမဆုံးရောက်တာပါ စိန့်ဗင်းဆင်းဒီပေါလ်ရဲ့ လုပ် ဆောင်မှုတွေကိုသဘောကျလို့ ကိုယ်ကိုတိုင်လည်း စိန့်ဗင်းဆင်းဒီပေါလ် အသင်းအဖွဲ့ တွေနဲ့အတူ လှူဒါန်းခဲ့ဖူးပါတယ်။ ဒီလိုစိန့်ဗင်းဆင်းဒီပေါလ်အကြောင်းတွေကို ပြန်ကြားတိုင်း ငါဒီနှစ်တွေမှာ ဘယ်လို ဖြတ်သန်းနေထိုင်ခဲ့လဲ။ အများကောင်းကျိုးအတွက် ငါဘာတွေလုပ်ခဲ့ပြီလဲ ဘာမှမလုပ်ခဲ့ဘူးလား စသည် ဖြင့်ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတယ်။
Fr. Michael Ko Ko Gyi (ကျောင်းထိုင်ဘုန်းတော်ကြီး)
နှစ်တိုင်းကဒီကျောင်းပွဲကို ဇွန်လိုင်လ ၁၉ရက်နေ့ကျမှ ကျင်းပကြပေမဲ့ ဒီနှစ်မှာတော့ ရဟန်းဘုန်းတော် ကြီးတွေဘာသာဝင်တွေစုံစုံလင်လင်နှင့် ကျင်းပချင်တဲ့အတွက် ၁၈ ရက်နေ့ စနေနေ့ကို ပြောင်းပြီး ကျင်း ပခြင်းဖြစ်ပါတယ်။ ဒီပွဲဖြစ်မြောက်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ ကျေးဇူးရှင် အန်ကယ်ဦးမြင့်ဝေ က အစစ အရာရာစီစဉ်ပေးပါတယ်။
ပြီးတော့ စိန့်ဗင်းဆင်းဒီပေါလ်ရဲ့ သာသနာပြုလုပ်ငန်းတွေကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အဖြစ် ဒီနေ့လာ ကြတဲ့ဘာသာဝင်တွေအယောက်စီတိုင်းကိုလည်း ဆန်တွေဝေဖို့အန်ကယ်ဦးမြင့်ဝေမှဦးဆောင်ပြီး စီစဉ် ထားပါတယ်။ ဒီနှစ်ကတော့မနှစ်ကထက် ပိုပြီးစီစီကားကား ကျင်းပနိုင်တယ်လို့ထင်တယ်။ ဘုရားရဲ့ ကျေးဇူးကြောင့် ဘုရားကျောင်းကိုလည်း ကောင်းမွန်စွာပြန်လည်ပြုပြင်ပြီးစီးသွားပြီး ဘာသာဝင်တွေ လည်းပိုမိုသက်တောင့် သက်တာနှင့်ဘုရားရှိခိုးနိုင်ပြီဖြစ်ပါတယ်။ စိန့်ဗင်းဆင်းဒီပေါလ်ရဲ့စောင်မမှုတွေ ကြောင့်နှစ်တိုင်း ဒီဇော်ဂျီကျေးရွာမှာရှိတဲ့ စိန့်ဗင်းဆင်းဒီပေါလ်ဘုရားကျောင်းပွဲကို ရပ်နီးရပ်ဝေးမှ ဘာ သာတူများ တခဲနဲ့လာရောက်ပြီးအတူတကွ ဝတ်ပြုကိုးကွယ်ရတာ အင်မတန်းမှအားရပါတယ်။ ဘာပြ သနာမှလည်းမရှိခဲ့ပဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်ဟု ပြောခဲ့ပါတယ်။
Christine (စိန့်မိုင်ကယ် သံဝင်း )
ကျွန်မဒီကျောင်းပွဲကို နောက်ဆုံးရောက်ခဲ့တာက အသက်(၁၀)နှစ်လောက်မှာရောက်ခဲ့ပြီး ခုအသက် (၇၀) ကျော်မှတစ်ခေါက်ပြန်လာနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ လိုအပ်တဲ့နေရာမှာသုံးဖို့ အလှူငွေတွေ ကိုလည်းထည့်ခွင့်ရတယ်။ စိန့်ဗင်းဆင်းဒီပေါလ်ရဲ့ လုပ်ဆောင်မှုတွေကို အကုန်လိုက်မလုပ်နိုင်ရင်တောင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်မတို့ ကက်သလစ်သာသနာနယ် အသီးသီးမှာစိန့်ဗင်းဆင်းဒီပေါလ် အသင်းအဖွဲ့တွေရှိပြီး လုပ်ဆောင်နေတဲ့ အရာတွေကလည်း ဒုက္ခ ရောက်နေသူ၊ ဆင်းရဲသူ၊ စွန့်ပစ်ခံရသူ စသည်ဖြင့်အကူအညီတကယ်လိုအပ်နေတဲ့သူတွေကို ထောက်ပံ့ ပေးနေတဲ့အသင်းအဖွဲ့ဖြစ်တဲ့ဂုဏ်ယူမိပါတယ်။



