ဖာရ်သာ Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၅)ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့ ၁၃၊ ၇၊ ၂၀၂၆

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ညီအစ်ကိုမောင်နှမအပေါင်းတို့
ယနေ့ဧဝံဂေလိကျမ်းစာက ကျွန်ုပ်တို့ကို အံအားသင့်စေပါတယ်။ သခင်ခရစ်တော်က ရှင်မာတေဦး ၁၀:၃၄ မှာ
” ကမ္ဘာပေါ်သို့ ငြိမ်းချမ်းခြင်း ဆောင်ကြဥ်းပေးရန် ငါလာသည်ဟု မထင်မှတ်ကြနှင့်။ ငြိမ်းချမ်းခြင်းကို ဆောင်ကြဥ်းပေးရန် ငါလာသည်မဟုတ်။ ဓါးကို ဆောင်ကြဥ်းပေးရန်သာ ငါလာ၏။ ” ဆိုပြီး မိန့်ဆိုတာကို တွေ့ရပါတယ်။
ဒီစကားလုံးတွေက နားလည်ရခက်တဲ့အနေအထား ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်တော်က ငြိမ်းချမ်းရေးရဲ့အရှင်သခင်ဖြစ်လို့ပါပဲ။ ဒါပေမဲ့ ခရစ်တော်က အကြမ်းဖက်မှုအကြောင်းကို ပြောနေတာမဟုတ်ပါဘူး။
တကယ်တော့် သခင်ခရစ်တော်ရဲ့ တပည့်တော်တိုင်း ပြုလုပ်ရမယ့် ခက်ခဲတဲ့ရွေးချယ်မှုကို ပြောကြားနေခြင်း ဖြစ်ပါတယ်။ အဲဒါကတော့ ဘုရားကို ပထမ ထားဖို့ပါပဲ။
ခရစ်တော်နောက်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ အထင်အမြင် လွဲမှားခြင်း၊ ဆန့်ကျင်ခြင်း (ဒါမှမဟုတ်) ပူဇော်ရခြင်းတွေရှိတတ်ပါတယ်။ မလိမ်ညာပဲရိုးသားခြင်း၊ ကလဲ့စားချေမယ့်အစား ခွင့်လွှတ်ခြင်း၊ သက်တောင့်သက်သာနေမယ့်အစား စွန်လွှတ်အနစ်နာခံခြင်း တွေဟာ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်မိသားစု၊ (ဒါမှမဟုတ်) အသင်းအဖွဲ့တွေကြားမှာ တင်းမာမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီတွက် သခင်ခရစ်တော်က စစ်မှန်တဲ့ငြိမ်းချမ်းခြင်းဆိုတာ ဘုရားရဲ့ အမှန်တရားမှာ အသက်ရှင်ခြင်းဖြစ်တယ်ဆိုတာ ဖော်ပြပြီး ပြသနာတိုင်းကို ရှောင်လွှဲနေဖို့ မဟုတ်ဘူးဆိုတာကို ထောက်ပြခဲ့ပါတယ်။ သခင်ခရစ်တော်က ” မိမိ၏လက်ဝါးကပ်တိုင်ကို မထမ်းပဲ ငါ့နောက်သို့ လိုက်သောသူသည် ငါနှင့်မထိုက်တန်ဆိုပြီး ပြောထားပါတယ်။ချစ်ခြင်းမေတ္တာနဲ့ထမ်းတဲ့ကားတိုင်ဟာ ရှင်ပြန်ထမြောက်ခြင်းသို့ သွားရာ လမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။ သူငယ်တော်ယေဇးးရဲ့ စိန်ထရေဇားက ‘ ငါ့ရဲ့ခေါ်တော်မူခြင်းက ချစ်ခြင်းမေတ္တာဖြစ်တယ်’ဆိုပြီး မိန့်ဆိုခဲ့ပါတယ်။ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ပူဇော်တဲ့ သေးငယ်တဲ့ ဆပ်ကပ်ခြင်းတွေဟာ ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ ကြီးမားတဲ့တန်ဖိုးတွေရှိနေပါတယ်။ နောက်ဆုံးမှာ သခင်ခရစ်တော်က “ဤအငယ်ဆူံးသော သူတို့တွင် တစ်ယောက်အား ငါ၏တပည့်ဖြစ်ခြင်းကြောင့် ရေအေးတစ်ခွက်မျှပင် ပေးသောသူသည် ထိုသူ၏ ဆုလဒ်ကို ဆုံးရှုံးလိမ့်မည် မဟုတ်” ဆိုပြီးကတိပေးထားပါတယ်။ ဒါက ဘာကို ပြောချင်သလဲဆိုတော့ ကြင်နာမှုနဲ့ပြုမူတဲ့ အရာမှန်သမျှဟာ မသေးငယ်ဘူးဆိုတာ သင်ကြားပေးနေပါတယ်။ ကိုယ့်ရဲ့အပြုံးတစ်ချက်၊ ကြင်နာတဲ့စကားလုံးတစ်လုံး၊ ခွန်အားပေးတဲ့ စကား၊ ဖျားနာသူဆီ သွားလည်ခြင်း၊အကူအညီ လိုအပ်သူကို ကူညီပေးခြင်း ဒီအရာတွေက ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ အလွန်အဖိုးထိုက်တန်ပါတယ်။ ဒါကြောင့်ဘုရားကို အမြဲတမ်း ပထမနေရာမှာ ထားပြီး ကျွနုပ်တို့ရဲ့ နေ့စဥ်ကားတိုင်ကို မျှော်လင့်ခြင်းနဲ့ ထမ်းနိုင်ဖို့၊ တစ်ပါးသူကို ရက်ရောသော ချစ်ခြင်းမေတ္တာနဲ့ အစေခံနိုင်သူတွေဖြစ်ရန် ကျေးဇူးတော်ကို တောင်းခံကြစို့။ ဒီအခါမှာ ကမ္ဘာကြီးပေးတဲ့ ငြိမ်းချမ်းခြင်းထက် ခရစ်တော်ပေးတဲ့ ငြိမ်းချမ်းခြင်းက ပိုပြီးတည်ငြိမ်အေးချမ်းလေးနက်တာကို တွေ့ရမှာပဲဖြစ်ပါတယ်။
သောတရှင်များအားလုံး ဘေးအန္တရယ်အပေါင်းမှ ကင်းဝေးပြီး ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ အမြဲရှိပါစေလို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

rvamyanmar
rvamyanmar
Articles: 4066

Leave a Reply

Your email address will not be published. Required fields are marked *