ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ယုံကြည်မှုကို မည်သည့်အခါမျှ လက်မလျှော့ပါ။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ၎င်း၏ နွေရာသီအပန်းဖြေခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ကက် စတယ် ဂန်ဒေါလ်ဖို မြို့၌ သာမန်ကာလ (၁၅) ပတ်မြောက် တနင်္ဂနွေနေ့တွင် အိန်ဂျလပ်စ် မေတ္တာဆိုခြင်း အခမ်းအနားတွင် ဘုရားဖူးဧည့်သည်များအားပြောကြားရာမှာ၊ ရှင်မာတေဦးခရစ်ဝင်ကျမ်း၏ “မျိုးစေ့ ကြဲသူ၏ ပုံဥပမာ” အပေါ် ဆင်ခြင်ဟောကြားခဲ့ပါသည်။၊

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နှလုံးသားတိုင်းကို ပြောင်းလဲစေနိုင်သော တန်ခိုးရှိကြောင်း၊ “ဘုရားသခင်က ကျွန်ုပ်တို့၏ နှလုံးသားထဲသို့ နှုတ်ကပတ်တော်ကို မည်မျှရက်ရော ယုံကြည်စွာ ကြဲဖြန်း တော်မူကြောင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော် မျိုးစေ့ကို ကြဲဖြန်းရန် မည်သည့်အခါမျှ ငြီးငွေ့တော် မမူကြောင်း၊ အကြောင်းမှာ “ကိုယ်တော်၏ ချစ်ခြင်းမေတ္တာတန်ခိုးသည် ကျွန်ုပ်တို့၏ အားနည်းချက် များထက် သာလွန်ကြီးမြတ်ကြောင်း” ခရစ်ယာန်ဘာသာဝင်များအား သတိပေးခဲ့ကာ ဤနွေရာသီ အတွင်း ဆိတ်ငြိမ်ခြင်း၊ ဆုတောင်းခြင်းနှင့် ကျမ်းစာတော်မြတ်ကို ဆင်ခြင်အောက်မေ့ခြင်းတို့အတွက် အချိန်ပေးကြရန် သာသနာဝင်တို့အား တိုက်တွန်း အားပေးခဲ့သည်။

“ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် အသက်တော်ကို စွန့်လွှတ်ခဲ့သော လူဇာတိခံ နှုတ်ကပတ်တော် ဖြစ်သည့် ယေဇူးခရစ်တော်ကိုယ်တိုင်သည် ခမည်းတော်ဘုရားက ကမ္ဘာတစ်ဝန်းလုံးတွင် ဆက်လက် ကြဲဖြန်းနေသော မျိုးစေ့ဖြစ်ပြီး၊ ထိုမျိုးစေ့သည် သေဆုံးခြင်းအားဖြင့် များစွာသောအသီးကို သီးစေရန် ဖြစ်ပါသည်” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကြိုဆိုလက်ခံသော နှလုံးသားများနှင့် အမြဲတစေ မတွေ့ဆုံရ သည်ကိုလည်း ပုပ်ရဟန်းမင်းကြီးက အသိအမှတ်ပြုခဲ့သည်။ ရံဖန်ရံခါတွင် နှုတ်ကပတ်တော်သည် “မာကျောပြီး တုံ့ပြန်မှုမရှိသောမြေ” သို့မဟုတ် “လမ်းဘေးကဲ့သို့လည်းကောင်း၊ ကျောက်ပေါများ သော မြေ၊ သို့မဟုတ် ဆူးပင်ချုံများ” ကဲ့သို့ စိတ်ပျံ့လွင့်နေသော နှလုံးသားများနှင့် ကြုံတွေ့ရတတ်ကြောင်း ၎င်းက ဆိုသည်။ သို့သော်လည်း “လက်ခံလွယ်ပြီး မြေဆီလွှာကောင်းသော မြေ” ပေါ်သို့ ကျရောက်သည့် အချိန်အခါများလည်း ရှိတတ်ရာ၊ ထိုအခါတွင် “အရာခပ်သိမ်းကို ပြောင်းလဲစေနိုင်သော ချစ်ခြင်း မေတ္တာ ၏ တန်ခိုးအဟာရများ စတင်ဖြစ်ပေါ်လာတတ်သည်” ဟု ဆိုသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အတွင်းရှိ ကောင်းမြတ်ခြင်းကို မြင်တော်မူသည်

စိန့်ဂျွန် ခရစ်ဆိုစတွမ်၏ မိန့်မှာချက်ကို ကိုးကား၍ ပုပ်ရဟန်းမင်းကြီး လီယိုက မျိုးစေ့ရှင်သန်ရန် မဖြစ် နိုင်ဟု ထင်ရသောနေရာများတွင် မျိုးစေ့ကြဲခြင်း၏ ထင်ရှားသော ရှေ့နောက်မညီမှုကို ဆင်ခြင်သုံး သပ်ခဲ့သည်။ စိုက်ပျိုးရေးတွင် ထိုသို့လုပ်ဆောင်ခြင်းသည် အဓိပ္ပာယ်မရှိနိုင်သော်လည်း၊ ဘုရားသခင် သည် ကွဲပြားစွာ လုပ်ဆောင်တော်မူကြောင်း၊ အကြောင်းမှာ “ကျောက်ပေါသောမြေသည်ပင် မြေဆီလွှာ ကောင်းသောမြေအဖြစ် ပြောင်းလဲသွားနိုင်သောကြောင့်” ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ယုံကြည်ကိုးစားမှုသည် လူသားတစ်ဦးချင်းစီကို ကိုယ်တော် အနီး ကပ် လေးနက်စွာ သိရှိနားလည်မှုပေါ်တွင် အခြေခံနေသောကြောင့် ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။ “ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ ရက်ရောမှုသည် ပညာသတိနှင့် ပြည့်စုံခြင်း ဖြစ်သည်၊ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကိုယ်တိုင်ပင် သတိမထားမိဘဲ မျက်ကွယ်ပြုမိတတ်သည့် ကျွန်ုပ်တို့အတွင်းရှိ ကောင်းမြတ်ခြင်း အလားအလာများကို ကိုယ်တော် မြင်တော်မူသည်” ဟု ၎င်းက မိန့်ကြားခဲ့သည်။

ထိုအကြောင်းရင်းကြောင့်ပင် “ကျွန်ုပ်တို့၏ နှလုံးသားမြေဆီလွှာကို ကျွန်ုပ်တို့ထက်ပို၍ ကောင်းစွာသိ တော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့၏ မည်သူမည်ဝါဖြစ်တည်မှုနှင့် ယုံကြည်ခြင်းအားဖြင့် ကိုယ် တော်ထံ ခိုလှုံအပ်နှံပါက တစ်နေ့ထက်တစ်နေ့ မည်သို့သောသူများ ဖြစ်လာနိုင်သည်ဟူသော အချက် အပေါ် ကျွန်ုပ်တို့အား ယုံကြည်ခြင်းကို မည်သည့်အခါမျှ လက်မလျှော့ခဲ့ပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဝိညာဉ်တော်၏ အသီးအပွင့်များကို သီးပွင့်စေခြင်း

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှိမ့်ချမှုနှင့် ပွင့်လင်းမှုတို့ဖြင့် ကြိုဆိုလက်ခံသောအခါ၊ ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသီးအပွင့်များကို သီးပွင့်စေကြောင်း ထိုအသီးအပွင့်များသည် “ချစ် ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် မိမိကိုယ်ကို ချုပ်တည်းခြင်း” တို့ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ သည်။

“ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည် ထိုအသီးအပွင့်များဖြင့် ပြည့်နှက်နေရန်နှင့် ၎င်းတို့အားဖြင့် ပြောင်းလဲခြင်း ခံရရန် မည်မျှပင် လိုအပ်နေပါသနည်း” ဟု ၎င်းက ဆိုသည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

#rvamyanmar

https://www.vaticannews.va/…/pope-leo-xiv-angelus…

See less

rvamyanmar
rvamyanmar
Articles: 4066

Leave a Reply

Your email address will not be published. Required fields are marked *