
AI နှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး မိန့်ကြားချက် – အများကောင်းကျိုးကို မြှင့်တင်ရန် လူတိုင်းနှင့် ဆွေးနွေးတိုင်ပင်ရန် အရေးကြီး။

“AI for Good Global Summit” (AI နည်းပညာ အကျိုးပြု ကမ္ဘာ့ထိပ်သီးအစည်းအဝေး) သို့ ကာဒီနယ် ပီယေထရို ပါရိုလင် (Pietro Parolin) လက်မှတ်ရေးထိုး ပေးပို့သော သဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Leo XIV) က “Magnifica humanitas” အမည်ရှိ ပုပ် ရဟန်းမင်းကြီး၏ စာချွန်တော် (Encyclical) သည် ဉာဏ်ရည်တု (AI) နှင့် ပတ်သက်၍ လူများစွာ၏ စကားသံများကို နားထောင်ခြင်းအပြင် ဤနည်း ပညာဖွံ့ဖြိုးတိုးတက်မှု၏ ဆိုးကျိုးသက်ရောက်မှုများကြောင့်ပါ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။
“Magnifica humanitas” စာချွန်တော်သည် AI နည်းပညာနှင့် ထိတွေ့ဆက်ဆံ လုပ်ကိုင်နေကြသော လူပုဂ္ဂိုလ်အသီးသီး၏ စကားသံများကို နားထောင်ရာမှ ပေါ်ထွက်လာခြင်းဖြစ်သော်လည်း “အယ်လ် ဂိုရီသမ် (Algorithms) များကို အလွဲသုံးစားလုပ်လာနိုင်ခြေရှိသည့် စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်များအပြင် အရေးကြီးသော ကဏ္ဍများတွင် လူသားတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ဆုံးရှုံးလာရခြင်းတို့ကြောင့်လည်း တွန်းအားပေးဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က မိန့်ကြားခဲ့သည်။ ဤ သဝဏ်လွှာကို ၎င်းကိုယ်စား ဗာတီကန်နိုင်ငံတော်အတွင်းရေးမှူး ကာဒီနယ် ပီယေထရို ပါရိုလင် က လက်မှတ်ရေးထိုး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသဝဏ်လွှာကို ဇူလိုင်လ ၇ ရက်မှ ၁၀ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် “AI for Good Global Summit” အခမ်းအနားသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲကို ကုလသမဂ္ဂ၏ နိုင်ငံတကာ တယ်လီကွန်မြူနီကေးရှင်း သမဂ္ဂ (ITU) က အခြားသော ကုလသမဂ္ဂအေဂျင်စီများ၊ ဆွစ်ဇာ လန်အစိုး ရတို့နှင့် ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး၊ AI နည်းပညာက ကမ္ဘာကြီးကို မည်သို့ပုံဖော်နေသည်ကို လေ့လာ ရန်နှင့် အရေးကြီးသော ကမ္ဘာ့စိန်ခေါ်မှုများအတွက် အဖြေရှာဖွေရန် ရည်ရွယ်သည်။
“လူသားမျိုးနွယ်၏ အနာဂတ်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ခေတ်ကာလ၏ အဓိကမေးခွန်းအချို့ကို ဖြစ်ပေါ် စေသည့် AI နည်းပညာအပေါ် ဆွေးနွေးအဖြေရှာရန် သင်တို့ စုံညီစွာ တက် ရောက်လာကြချိန်တွင်၊ ပုပ်ရ ဟန်းမင်းကြီး (Holy Father) အနေဖြင့် ယခုကဲ့သို့ ခေတ်အပြောင်းအလဲ ကာလကြီးတွင် ဗာတီကန် နန်းတော် (Holy See) ၏ ပါဝင်မှုနှင့် ဆွေးနွေးတိုင်ပင်ရန် အမြဲအသင့်ရှိနေမှုကို အလေးအနက် အသိပေး လိုပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယင်းနှင့်စပ်လျဉ်း၍ AI ခေတ်တွင် လူသားတစ်ဦးချင်းစီကို ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ “Magnifica humanitas” စာချွန်တော်တွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က “အများကောင်းကျိုးအတွက် လမ်းစသစ်များ ရှာဖွေရန်နှင့် လူသားအားလုံး သိက္ခာရှိသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်စေရန် မြှင့်တင် ပေးရန်” အတွက် လူမျိုးစုံ၊ အလွှာစုံနှင့် ဆွေးနွေးတိုင်ပင်လိုသည့် ၎င်း၏ ဆန္ဒကို ထင်ဟပ်ဖော်ပြခဲ့သည်။
“Magnifica humanitas သည် ‘ကြီးမားလှသော ဆင်းရဲဒုက္ခများကို သက်သာလျော့ပါးစေနိုင်မည့် နည်း ပညာများပေါ်တွင် စိတ်ရင်းမှန်ဖြင့် တက်ကြွစွာ လုပ်ဆောင်နေကြသော သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီ ယာများ၊ တရားမျှတသော စည်းမျဉ်းစည်းကမ်းများကို ဇွဲလုံ့လဝီရိယဖြင့် ရှာဖွေနေကြသော နိုင်ငံရေး ခေါင်းဆောင်များနှင့် အစိုးရတာဝန်ရှိသူများ၊ လူငယ်မျိုးဆက်သစ်တို့၏ အနာဂတ်အတွက် နက်နက်ရှိုင်း ရှိုင်း စိုးရိမ်ပူပန်နေကြသော မိဘများနှင့် ဆရာသမားများ’ ၏ စကားသံများကို နားထောင်ရာမှ ပေါ်ပေါက် လာခြင်း ဖြစ်သည်။”
သို့သော်လည်း ဤသဝဏ်လွှာသည် AI နည်းပညာကြောင့် လူသားများနှင့် လူ့အဖွဲ့အစည်းအပေါ် ကျ ရောက်လာသည့် ဆိုးကျိုးသက်ရောက်မှုများကြောင့်လည်း တွန်းအားပေး ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
သဝဏ်လွှာ၏ အဆုံးသတ်တွင် “သင်တို့အနေဖြင့် အပြုသဘောဆောင်ပြီး အကျိုးရှိမည့် ဆွေးနွေးမှု များကို ပြုလုပ်နိုင်ပါစေကြောင်း ဆုတောင်းလျက်၊ ‘လူသားမျိုးနွယ်ကို အကျိုးပြုရန်’ သင်တို့၏ ကြိုးပမ်း အားထုတ်မှုများအတွက် ပုပ်ရဟန်းမင်းကြီးက ဝမ်းမြောက်ဝမ်းသာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်” ဟု ဖော်ပြထားသည်။
ဗာတီကန်သတင်း (Vatican News)
Fr. Peter Kyi Maung
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152
Photo credit: Vatican News
See less



