
စပိန်ပြည်တွင်းစစ်အတွင်း ဘာသာရေးကြောင့် အသတ်ခံခဲ့ရသည့် ဂိုဏ်းအုပ်သာသနာပြု ဘုန်းတော် ကြီး ၂၀ ပါးကို သူတော်စင်တင်မြောက်ရန်ပုပ်ရဟန်းမင်းကြီး လီယို(၁၄) အတည်ပြုပေး။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် စပိန်ပြည်တွင်းစစ်အတွင်း ဘာသာရေးကြောင့် အသတ်ခံခဲ့ရသည့် ဂိုဏ်းအုပ်သာသနာပြု ဘုန်းတော်ကြီး ၂၀ ပါးကို သူတော်စင်တင်မြောက်ရန်(Beatification) အတည်ပြု ပေးခဲ့ပြီး သာသနာပြုလုပ်ငန်း၊ ပရဟိတနှင့် ဘုရားသခင်အပေါ် သစ္စာရှိမှုတို့ကြောင့် ထင်ရှားသည့် ဘုရားသခင်၏ အစေခံ ၅ ဦး၏ သူရဲကောင်းဆန်သော သီလဂုဏ်များကိုလည်း အသိအမှတ်ပြုခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် စပိန်ကျွန်းစုများဖြစ်သော အိုင်ဘီဇာ (Ibiza) နှင့် ဖော်မန်တဲရာ (Formentera) တို့မှ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၂၀ ပါး၏ ဘာသာရေးအတွက် အသက်စွန့်ခဲ့မှုကို အသိအမှတ်ပြုသည့် အမိန့်ပြန်တမ်းများ ထုတ်ပြန်ရန် သူတော်စင်များဆိုင်ရာရုံး (Dicastery for the Causes of Saints) သို့ တရားဝင်ခွင့်ပြုချက်ပေးခဲ့ပြီး၊ ၎င်းတို့အား သူတော်စင်အဆင့်တိုးမြှင့်ရန် လမ်းစဖွင့်ပေးခဲ့သည်။
အိုင်ဘီဇာနှင့် ဖော်မန်တဲရာမှ အာဇာနည်များ
ဟွမ် တောရက်စ် တောရက်စ် (Juan Torres Torres) ဦးဆောင်သော အဆိုပါ ဘုန်းတော်ကြီး ၂၀ ပါး သည် ၁၉၃၆ ခုနှစ် စပိန်ပြည်တွင်းစစ်အတွင်း ဘာသာရေးအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပွားချိန်တွင် အသတ်ခံခဲ့ရပြီး၊ ၎င်းတို့သည် ထိုစဉ်က အိုင်ဘီဇာဒေသရှိ ဒေသခံဓမ္မဆရာဦးရေ၏ ထက်ဝက်နီးပါး ရှိခဲ့သည်။
ထိုပြင်းထန်သော ကက်သလစ်ဆန့်ကျင်ရေး ညှဉ်းပန်းနှိပ်စက်မှုများသည် ကျွန်းများ၏ ဘာသာရေး လက္ခဏာကို ဖျက်ဆီးရန် ရည်ရွယ်ခဲ့သော်လည်း၊ ဒေသခံသာသနာသည် နှိမ့်ချပြီး ရက်ရောတတ်သူ ဟွမ် တောရက်စ် တောရက်စ် အပါအဝင် အဆိုပါ အသက်စွန့်ခဲ့သူများ၏ အမှတ်တရကို ဆယ်စုနှစ်ပေါင်း များစွာ ရှင်သန်အောင် ထိန်းသိမ်းထားခဲ့သည်။
ဤတရားဝင်အတည်ပြုချက်ကို ဇွန်လ ၁၈ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးနှင့် သူတော်စင်များ ဆိုင်ရာ ရုံး၏ အကြီးအကဲဖြစ်သူ ကာဒီနယ် မာဆယ်လို ဆီမီရာရို (Marcello Semeraro) တို့ တွေ့ဆုံစဉ်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းအပြင် ပုပ်ရဟန်းမင်းကြီးသည် ဘုရားသခင်၏ အစေခံ ၅ ဦးဖြစ်သော မာသာ ကလန်ရာ အန်ဒရူး (Clara Andreu y Malferit)၊ ဖာသာ ဂျူလီယို အမ်မီလီယို (Júlio Emílio Alberto De Lombaerde)၊ စစ္စတာ မာရီယာ ပီထရာ ဂျီယော်ဒါနို (Maria Petra Giordano)၊ မာသာ မာရီယာ တီရီဆာ တာလွန် (Maria Teresa Tallon) နှင့် မာသာ မာရီယာ အက်ဂ်နက်စ် ထရစ်ဘီအိုလီ (Maria Agnese Tribbioli) တို့ကို သူရဲကောင်းဆန်သော သီလဂုဏ်များကြောင့် “ရိုသေလေးမြတ်ဖွယ်ရာပုဂ္ဂိုလ်” (Venerable) များအဖြစ် ကြေညာခဲ့သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News



