
ကာဒီနယ် ကာမီလို ရူအီနီ (Cardinal Camillo Ruini) ၏ ဈာပနမစ္ဆားတရားတော်ကို ပုပ် ရဟန်းမင်းကြီး လီယို (၁၄) ဦးဆောင်ပူဇော်။

ပြီးခဲ့သည့်အင်္ဂါနေ့ (ဇွန်လ ၁၆ ရက်) က အသက် ၉၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည့် အီတလီနိုင်ငံ သာသနာ အဖွဲ့အစည်း၏ ဆယ်စုနှစ်ပေါင်းများစွာ အဓိကမဏ္ဍိုင်ဖြစ်ခဲ့သူ ကာဒီနယ် ကာမီလို ရူအီနီ (Cardinal Camillo Ruini) ၏ ဈာပနမစ္ဆားတရားတော်ကို ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကြာသပတေး နေ့မွန်းလွဲပိုင်းတွင် စိန့်ပီတာဘုရားကျောင်းတော်ကြီး၌ ဦးဆောင်ကျင်းပခဲ့ပြီး ၎င်းအား “ပညာသတိရှိပြီး လုံ့လဝီရိယရှိသော သိုးထိန်းကြီး” အဖြစ် အောက်မေ့ဂုဏ်ပြုစကား မိန့်ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဈာပနတရားဒေသနာတွင် ကာဒီနယ် ရူအီနီ၏ ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော အမှုတော်လုပ်ငန်းများအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး၊ ၎င်း သည် နိမ့်ချသောတာဝန်များမှသည် ကြီးလေးသောတာဝန်များအထိ “အရေးကြီးပြီး နူးညံ့သိမ်မွေ့သော အချိန်အခါများ” တွင် သာသနာအဖွဲ့အစည်းကို လမ်းညွှန်ပြသပေးနိုင်ခဲ့သူဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ခေါင်းဆောင်မှုအမွေအနှစ်
ကာဒီနယ် ရူအီနီသည် အီတလီကက်သလစ်သာသနာအဖွဲ့အစည်း၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်ပြီး အောက်ပါတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည် –
- အီတလီဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ (၁၉၉၁–၂၀၀၇)
- ရောမသာသနာပြုနယ်မြေ၏ အထွေထွေအုပ်ချုပ်ရေးမှူး နှင့် စိန့်ဂျွန်လာထရန် ဘုရားကျောင်း တော်ကြီး၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီး Archpriest (၁၉၉၁–၂၀၀၈)
ပုပ်ရဟန်းမင်းကြီးက ရူအီနီသည် ခေတ်သစ်ကက်သလစ်လောက၏ ထူးခြားထင်ရှားသော ခေါင်းဆောင် ကြီးများဖြစ်သည့် စိန့်ပေါလ် (၆) နှင့် စိန့်ဂျွန်ပေါလ် (၂) တို့နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့ပြီး၊ အထူးသဖြင့် စိန့်ဂျွန်ပေါလ် (၂) ထံမှ စံနမူနာနှင့် စိတ်ဓာတ်များကို အများဆုံးရရှိခဲ့ကြောင်း ထည့်သွင်းပြော ကြားခဲ့ သည်။
‘သမ္မာတရားသည် သင်တို့ကို လွတ်လပ်ခွင့်ပေးလိမ့်မည်’
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကွယ်လွန်သူ ကာဒီနယ်၏ ဆောင်ပုဒ်ဖြစ်သော — “သမ္မာတရားသည် သင်တို့ကို လွတ်လပ်ခွင့်ပေးလိမ့်မည်” — ဟူသောအချက်ကို ယနေ့ခေတ်ကမ္ဘာအတွက် အရေးကြီးသော ကျောက်တစ်ခုအဖြစ် ထောက်ပြခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက ဤကျမ်းစာလာပညာဉာဏ်သည် ယနေ့ ခေတ်ကဲ့သို့ “လမ်းပျောက်ခြင်းနှင့် မရေရာမသေချာခြင်းများ” ပြည့်နှက်နေသော အချိန်အခါတွင် မရှိမ ဖြစ် လမ်းညွှန်ချက်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
အခမ်းအနားအပိတ်တွင် ထုံးတမ်းစဉ်လာအတိုင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကာဒီနယ်၏ ရုပ်က လာပ်ထည့်သွင်းထားပြီး အပေါ်တွင် ဧဝံဂေလိကျမ်းစာအုပ် ဖွင့်လှစ်ထားရှိသည့် ခေါင်းတလားကို မေတ္တာ ရည်များဖျန်းပက်ကာ လောဘန်များဖြင့် ပူဇော်ခဲ့သည်။ ထို့နောက် ကာဒီနယ်အတွက် ဆုတောင်းပေးခဲ့ပြီး ရူအီနီ၏ နေမကောင်းဖြစ်ပွားခဲ့သည့် နောက်ဆုံးနှစ်များအထိ ပြုစုစောင့်ရှောက်ပေးခဲ့ကြသူများကိုလည်း ကျေးဇူးတင်စကား မိန့်ကြားခဲ့သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News



