ရဟန်းမင်းကြီး၏ အပတ်စဥ် ဗုဒ္ဓဟူးနေ့ တိုင်းလူထုပရိသတ်နှင့် တွေ့ဆုံခြင်း မိန့်ခွန်းကောက်နုတ်ချက်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့ –

ယနေ့ ဘာသာရေးသွန်သင်ချက် (catechesis) တွင် ပြီးခဲ့သည့်အပတ်က စပိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ကျွန်ုပ်၏ တမာန်တော်ခရီးစဉ် (Apostolic Journey) နှင့်ပတ်သက်၍ သင်တို့နှင့်အတူ အချို့သောအမြင် များကို မျှဝေလိုပါသည်။ ခရီးစဉ်တစ်ခုလုံးတွင် ဘုရားသခင်၏ လူစုတော်က ပြသခဲ့ကြသော ဝမ်း မြောက်ဖွယ်ရာ ယုံကြည်ခြင်း သက်သေခံချက်များနှင့် မေတ္တာတရားများ၊ ထို့ပြင် ကျွန်ုပ်ကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည့် လူထုပရိသတ်ကြီးကို မြင်တွေ့ရခြင်းဖြင့် ကျွန်ုပ် စိတ်သက်သာ ရာရခဲ့ ပါသည်။

ကျင်းပခဲ့သည့် အခမ်းအနားအမျိုးမျိုးတွင် စပိန်ပြည်သူတို့၏ ရိုးရာအစဉ်အလာ ခိုင်မာလှသော ယုံကြည် ခြင်းကိုသာမက ခရစ်တော်နှင့် ကျွန်ုပ်တို့အပေါ်ထားရှိသော ကိုယ်တော်၏မေတ္တာတော်၌သာ ရှာဖွေတွေ့ ရှိနိုင်မည့် စည်းလုံးခြင်းနှင့် မျှော်လင့်ခြင်းတို့အပေါ် တောင့်တမှုကိုလည်း ခံစားမိခဲ့ပါသည်။ ဤအတွေ့ အကြုံက ဥရောပ၏ ယဉ်ကျေးမှုဆိုင်ရာ ကြွယ်ဝမှု၊ ခိုင်မာသော ကက်သလစ်အမွေအနှစ်များနှင့် စစ်မှန် သော မေတ္တာတရားယဉ်ကျေးမှုကို တည်ဆောက်ရန် ကြိုးပမ်းရာတွင် ငြိမ်းချမ်းရေး၊ လူသားတို့၏ ဂုဏ်သိက္ခာကို လေးစားမှုနှင့် ညီအစ်ကိုရင်းချာကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကို မြှင့်တင်ရန်အတွက် ယနေ့ ခေတ်တွင် ဥရောပက ပါဝင်ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍကို ကျွန်ုပ်အား ပြန်လည်သတိရစေခဲ့သည်။

သင်တို့သိသည့်အတိုင်း ယခုခရီးစဉ်၏ ဆောင်ပုဒ်မှာ “သင်တို့၏ မျက်စိကိုမြှင့်၍ ကြည့်ကြလော့” (ယောဟန် ၄:၃၅) ဟူ၍ ဖြစ်ပြီး၊ ကျွန်ုပ်အနေဖြင့် သင်တို့ကိုလည်း ဤသို့ပင် ဖိတ်ခေါ်လိုပါသည် – သင်တို့ ၏ မျက်စိကို သခင်ဘုရားထံသို့ မြှင့်၍ ကြည့်ကြပါ။ ထို့ပြင် အခြားသူများနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို ကိုယ်တော်မြတ် ရှုမြင်သကဲ့သို့ ရှုမြင်တတ်ရန် ကိုယ်တော့်ထံမှ သင်ယူကြပါစို့။

ဤတမာန်တော်ခရီးစဉ် အောင်မြင်မှုအတွက် ဆုတောင်းပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ရှိပါသည်။ ဤခရီးစဉ်သည် အသီးအပွင့်များစွာ ဖြစ်ထွန်းစေရန်အတွက် ဆက်လက်ဆုတောင်းပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

https://www.vatican.va/content/leo-xiv/en/audiences/2026/documents/20260617-udienza-generale.html

rvamyanmar
rvamyanmar
Articles: 4011

Leave a Reply

Your email address will not be published. Required fields are marked *