
တောင်ငူ ကက်သလစ် ဂိုဏ်းအုပ်သာသနာအတွက် အရိုက်အရာဆက်ခံမည့် သိုးထိန်းဆရာတော်ကို ရွေး ကောက်တင်မြှောက်ခြင်း။

မြန်မာနိုင်ငံ၊ တောင်ငူ ကက်သလစ် ဂိုဏ်းအုပ်သာသနာအတွက် အရိုက်အရာဆက်ခံမည့်ဆရာတော် အဖြစ် လွိုင်ကော်ကက်သလစ် ဂိုဏ်းအုပ်သာသနာ ဆောင်ဒူသာသနာစီရင်စု၊ ဘုရား၏ မယ်တော် ဘုရား ရှိခိုးကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီးတာဝန်ကို ထမ်းဆောင်နေသူ ဘုန်းတော်ကြီး ဘယ်နာဒီးနို နဲနယ်ကို ရောမ ကက်သလစ် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး လေအို (၁၄) အရှင်သူမြတ်မှ ရွေး ကောက်တင်မြောက်လိုက်ကြောင်း ဗာတီကန်နန်းတော်မှ ယနေ့ 2026 ခုနှစ်၊ မေလ (26)ရက်နေ့၊ ရောမ စံတော်ချိန် နေ့လည်(၁၂း၀၀)နာရီတိတိ၊ မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီအချိန်တွင် ထုတ်ပြန် ကြေညာပါသည်။
အရိုက်အရာဆက်ခံမည့် ရွေးကောက်ခံ ဆရာတော် ဘယ်နာဒီးနို နဲနယ် ကို ၁၉၇၀ ခုနှစ်၊ မေလ (၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်တွင် အဖ ဦးအာကိုစတီးနို မောင်တီ နှင့် အမိ ဒေါ်ထရေဇား လွီးဇာတို့မှ မွေးဖွားခဲ့၍ 1995 ခုနှစ်၊ ဧပြီလ (13)ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော်ကြီး Luigi Bressan လက်တော်မှ ရဟန်း သိက္ခာတော်မြတ်ကို လွိုင်ကော်ကက်သလစ်သာသနာ၊ လွိုင်ကော်မြို့ ခရစ်တော်ဘုရင် ကာသီဒြယ် ဘုရားရှိခိုးကျောင်းတော်ကြီးတွင် ခံယူခဲ့ပါသည်။
အရိုက်အရာ ဆက်ခံမည့် ရွေးကောက်ခံဆရာတော် ဘယ်နာဒီးနို နဲနယ်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဥ်း
ပညာရေး
1975-1980 ခုနှစ်အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် အမှတ်(၁၀) အခြေခံ ပညာမူလတန်းကျောင်းတွင် မူလတန်းပညာကို လည်းကောင်း
1980-1986 ခုနှစ်အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အထက (၂) အခြေခံ ပညာအထက် တန်းကျောင်းတွင် အလယ်တန်းနှင့် အထက်တန်းပညာကိုလည်းကောင်း
1987-1989 ခုနှစ်အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ စိန်ထရေးဇာ ရဟန်းဖြစ်သင်ကျောင်းတွင်လည်းကောင်း
1989-1991 ခုနှစ်အထိ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ၊ စိန်ဂျိုးဇက် ကက်သလစ် ရဟန်းဖြစ် တက္ကသိုလ် (ဒဿနိကဗေဒဌာန)တွင်လည်းကောင်း
1991-1995 ခုနှစ်အထိ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ စိန်ဂျိုးဇက် ကက်သလစ် ရဟန်းဖြစ် တက္ကသိုလ် (သီအိုလော်ဂျီဌာန)တွင်လည်းကောင်း
2003-2005 ခုနှစ်အထိ အီတလီနိုင်ငံ၊ ရောမမြို့ရှိ Pontifical Alphonsian University တွင် လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။
အရိုက်အရာဆက်ခံမည့် ရွေးကောက်ခံဆရာတော် ဘယ်နာဒီးနို နဲနယ် တာဝန်ထမ်းဆောင်ခဲ့သော နေရာများ
1995-1999 အကူကျောင်းထိုင်ဘုန်းတော်ကြီး၊ ဒီမောဆိုသာသနာစီရင်စု၊
1999-2002 ကျောင်းထိုင်ဘုန်းတော်ကြီး၊ ခါးဘယ် သာသနာစီရင်စု
2003 အကူကျောင်းထိုင်ဘုန်းတော်ကြီး၊ ဒေါငံခါးသာသနာစီရင်စု
2003-2005 အီတလီနိုင်ငံတွင် နိုင်ငံခြား ပညာတော်သင်
2005-2006 ကျောင်းထိုင်ဘုန်းတော်ကြီး၊ ခါးဘယ်သာသနာစီရင်စု (ဒုတိယအကြိမ်)
2006-2014 ကျောင်းအုပ်ဘုန်းတော်ကြီး၊ စိန်ပီတာ ရဟန်းဖြစ်သင်ကျောင်း၊ လွိုင်ကော်ကက် သလစ် သာသနာ
2015-2024 ဒါရိုက်တာ၊ ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုရုံး၊ CBCMမြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၊ ရန်ကုန်မြို့
2025 မှ ယနေ့အထိ ကျောင်းထိုင်ဘုန်းတော်ကြီး၊ ဆောင်ဒူ သာသနာ စီရင်စု၊ လွိုင်ကော် ကက်သလစ် သာသနာ
See less



