မန္တလေးကက်သလစ်သာသနာလုံးဆိုင်ရာ လူငယ်များ၏ တစ်ရက်တာလူငယ်သင်တန်းကျင်းပ။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များ၏  တစ်ရက်တာ လူငယ်သင်တန်းကို ပြင်ဦးလွင်၊ အနီးစခန်းရှိ နာဇရက်ကျောင်း၌ (၂.၅.၂၀၂၆)စနေနေ့တွင် လူငယ်တာဝန်ခံဘုန်းတော်ကြီး Fr. Alphone Aung Ko Lat မှဦးဆောင်ပြီး ကျင်းပခဲ့ပါသည်။

သင်တန်းသို့ မန္တလေးသာသနာ၏ သာသနာစီရင်စုအသီးသီးဖြစ်ကြသည့် (စိန်အန်ထော်နီ၊ စိန်မာတင်း၊ အမရပူရ၊ ဇော်ဂျီ၊ စိန်ဇေးဗီးယား၊ လဖုန်း၊ စိန်မေရီ၊ ရွှေနှလုံးတော်၊ ဆင်လမ်း၊ ရွှေနှလုံးတော် မိဘမဲ့ ကျောင်း၊ စိန့်မိုင်ကယ်(သံဝင်း)၊ ချမ်းသာကုန်း၊ အနီးစခန်း) အစရှိသည့် သာသနာစီရင်စုများမှ လူငယ်များ ၃၀၀ ကျော်ပါဝင်တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင်း Fr. Peter Yan Naung မှ လူငယ်များအား “မိမိတို့၏ခန္ဓာကိုယ်ကိုတန်ဖိုးထားကြရန်” ဆို သည့်ခေါင်းစဉ်ဖြင့်ပို့ချပေးခဲ့သလို ညနေပိုင်း၌လည်း Fr. Raymond Than (SDB) မှလည်း လူငယ်နှင့် ဆက်ကပ်အစေခံခြင်းအသက်တာအကြောင်းကို ဝေမျှပို့ချပေးခဲ့ကြသည်။

သင်တန်းမစ္ဆားတရားအတွင်း ဘုန်းတော်ကြီး Fr. John Gam Seng (SDB) မှ ဩဝါဒတရားမြွက်ကြား ရာတွင်

ဒီနေရာမှာ စုရုံးနေကြတဲ့ ယုံကြည်သူ လူငယ်မောင်မယ်များတို့ရဲ့နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ နှုတ်ကပတ် တော်အမှန်တရားစီးဆင်းနေမယ်ဆိုတာကို ယုံကြည်ပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ တရားတော်ကြား နာခွင့်ရတဲ့လူငယ်များ ဘာလုပ်သင့်လဲ ဘုရားရှင်ရဲ့ အမှန်တရားကိုရှာဖွေပြီး ထိုတရားတော်အတိုင်းကျင့် ကြံနေထိုင်ဖို့လိုအပ်ပါသည်။

လူငယ်များကို ပရောဖက် အလုပ်တွေလုပ်ကိုင်ဖို့ ဘုရားရှင်ကလူငယ်များကို ဖိတ်ခေါ်နေပါတယ် လူငယ် တိုင်းဘုရားရှင်ရဲ့ အမှန်တရားနှင့် နေထိုင်မယ်ဆို မိမိပတ်ဝန်းကျင် မိမိမိသားစုနှင့် မိမိရဲ့သာသနာ စုထဲမှာ ပရောဖက် တွေရဲ့အသီးအပွင့်များကို ကျွန်ုပ်တို့ မြင်တွေရမှာဖြစ်ပါတယ်။

သင်တန်းတွင်း Fr. Peter Yan Naung မှ လူငယ်များအား “မိမိတို့၏ခန္ဓာကိုယ်ကိုတန်ဖိုးထားကြရန်” ဆို သည့်ခေါင်းစဉ်ဖြင့်ပို့ချရာတွင်

အခုခေတ်မှာ ဘုရားဖန်ဆင်းပေးထားတဲ့ ကျွန်ုပ်တို့လူသားတွေဟာ မိမိခန္ဓာကိုယ်ကို ဘုရားရဲ့ရည် ရွယ် ချက်နှင့်လွဲမှားစွာအသုံချလာကြတယ်။ တစ်ချို့ကလက်မထပ်ခင်အတူတူနေကြတယ် တစ်ချို့က လက် ထပ်ပြီးမှ အခြားတစ်ယောက်နဲ့ ဖောက်ပြန်ကြတယ် တစ်ချို့က ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ရောင်းစား ကြ တယ်။ ဒါတွေဟာ ဘုရားရဲ့ဖန်ဆင်းတဲ့ရည်ရွယ်ချက်နဲ့ လွဲမှားနေပါတယ်။

ဒါကြောင့်မိမိကိုယ်ကိုယ်  ဘုရားဖန်ဆင်းပေးထားတဲ့ ဒီခန္ဓာကိုယ်နှင့် ငါဘယ်လိုအသက်ရှင်နေထိုင်သလဲ ငါ့ခန္ဓာကိုယ်ကို ငါတကယ်ချစ်လား မိမိကို မိမိမေးကြည့်ရမယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို တန်ဖိုးထားကြဖို့ လေးစားကြဖို့ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘုရားရဲ့သန့်ရှင်းသော်ဝိညာဉ်တော်ရှိရှိနေတယ်ဆိုတာကို အမြဲသတိရဖို့လိုပါတယ်။

ထို့အတူ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို လေးစားသလို တစ်ခြားသူရဲ့ခန္ဓာကိုယ်ကိုလည်းလေးစားပေးရမယ် သူငယ် ချင်းတွေတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြူစင်တဲ့မှန်ကန်တဲ့ဆက်ဆံရေးကို တည်ဆောက် ဖို့အရေး ကြီးပါတယ်။ ဒီနေ့ခေတ်လူငယ်တွေဟာ အွန်လိုင်း ဆိုရှယ်မီဒီယာတွေအပေါ်မှာပဲ အချိန်ပြည့် အချိန် ဖြုန်းနေတာတွေများလာတယ်။ လူငယ်ပီပီကျန်းမာသန်စွမ်းအောင် အားကစားလိုက်စားတဲ့ လူငယ်တွေ နည်းလာကြတယ် ဒါဟာ စိတ်မကောင်းစရာတစ်ခုလည်းဖြစ်တယ်။ အချင်းချင်းစကားမ ပြောကြတော့ ဘူးဖုန်းနဲ့ပဲ အချိန်ကုန်တာများလာတယ်။ ဒီနေ့ကျွန်ုပ်တို့လူငယ်တို့ ဒီအရာတွေကို လျှော့ချ ရန်လိုအပ် ပါတယ် ကိုယ့်ရဲ့ ခန္ဓာကိုဂရုစိုက်ပါ မိမိခန္ဓာကိုယ်ထဲမှာ ဘုရားရဲ့သန့်ရှင်းသော ဝိညာဉ်တော်ရှိတယ် ဆိုတာကိုအမြဲသတိထားရမှာဖြစ်ပါတယ်။

Fr. Raymond Than (SDB) မှလည်း လူငယ်နှင့် ဆက်ကပ်အစေခံခြင်းအသက်တာအကြောင်းကို ဝေမျှပို့ချရာတွင်

လူငယ်တွေရဲ့အမှတ်လက္ခဏာ တစ်ခုကဘာလဲဆို လန်းဆန်းတက်ကြွနေရမယ် လူငယ်တွေဆိုတာ မှား ရင်လည်းမှားသွားပါစေ လုပ်ရဲတယ် ပြတ်သားတယ် သတ္တိရှိတယ် မှားမှန်းသိပြီဆိုရင်လည်း ပြန်လှည့် လာရဲတယ်။ လူငယ်တွေရဲ့နှလုံးသားသည် လန်းဆန်းတက်ကြွပြီးတော့ ပြောင်းလဲနိုင်စွမ်းရှိ တယ်။ ဘုရားကလူငယ်တွေကိုချစ်တယ် သူ့ရဲ့အစီအမံတွေထဲမှာလူငယ်တွေကိုထည့်ထားတယ် လူငယ် ဆိုတဲ့ အချိန်အခိုက်အတန့်ကိုကျော်သွားပြီး အိမ်ထောင်ကျသွားသည်ဖြစ်စေ လူကြီးအရွယ်ရောက် သွားသည် ဖြစ်စေ အဲဒီအချိန်မှ လူငယ်ဘဝကိုပြန်လိုချင်လည်းမရနိုင်တော့ပါဘူး။

လူငယ်ဆိုတာအခိုက်အတန့်တစ်ခုမှာပဲဖြတ်သန်းရတာ အဲလိုဖြတ်သန်းနေတဲ့အချိန်မှာ ကိုယ့်ရဲ့လူငယ် အသက်တာကို တန်ဖိုးရှိအောင် ကိုယ်က အသုံးမချဘူးဆိုရင် ကိုယ်နောက်ပြန်လှည့်ကြည့် လိုက်တဲ့ အချိန်မှာ ငါလူငယ်တုန်းက ဘာမှမလုပ်ခဲ့ပါလား ငါလူငယ်တုန်းက ဘာမှမဆက်ကပ်ခဲ့ပါလား ငါလူငယ် တုန်းက သာသနာမှာ ငါဘာမှမပေးဆပ်နိုင်ခဲ့ပါလားဆိုပြီး နောင်တရသွားမယ်။

ဘုရားသခင်ရဲ့ကျမ်းစာတော်မြတ်ထဲမှာ ဆက်ကပ်ဖို့ရန်အတွက် လူငယ်တွေကိုနေရာပေးသလို လူငယ် တွေကိုအခွင့်အရေးပေးထားတယ်။ ဒါဆိုလို့ရှိရင် ကိုယ့်ရဲ့ဘုရားကျောင်းတော်မှာ ကိုယ့်ရဲ့သာ သနာမှာ လူငယ်တစ်ယောက်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲစဉ်းစားပါ။ ကိုယ့်ရဲ့သာသနာနယ်အသီးသီးမှ လူမှုရေး လုပ်ငန်းတွေမှာ မိမိတို့လူငယ်တွေမပါဝင်ရင် ဘယ်သူတွေပါဝင်မှာလဲ  လူငယ်ဘဝမှာ ဆက်ကပ် နိုင်တာ ကလည်း ကျေးဇူးတော်ပဲ။

ဒါကြောင့် ဒီနေ့ ဖာသာရ် အနေနဲ့ဝေမျှချင်တာကတော့ လူငယ်ဆိုတာဘုရားသခင်ရဲ့ရွှေညဏ်တော်ထဲမှာ ရှိတယ်။ လူငယ်တွေကို သူနေရာပေးတယ် လူငယ်တွေကို သူချစ်တယ် လူကြီးတွေပစ်ပယ်ထား သော် လည်း လူ့အသိုင်းအဝိုင်းက ကိုယ့်ကိုပစ်ပယ်ထားရင်ထားပါစေ ဘုရားကဘယ်တော့မှမပစ်ပယ်ထား ပါဘူး ဒါကြောင့်လူငယ်အရွယ်မှာ ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေ ပါဝင်ဆက်ကပ်ဖို့ ဖိတ်ခေါ်တယ် တိုက်တွန်းအားပေးပါတယ်။

လူငယ်သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်း လူငယ်တာဝန်ခံ ဘုန်းတော်ကြီး Alphone Aung Ko Lat  မှ ခုလိုပြောကြားခဲ့ပါသည်

အဓိကတော့ ဒီမန္တလေးသာသနာ အတွင်းဇုန်အသီးသီးက လူငယ်တွေ အချင်းချင်း မတွေ့ဆုံဖြစ်တာ ကြာတော့ ဒီလူငယ်တွေ ပြန်ပြီးတွေ့ဆုံချိတ်ဆက်နိုင်ရန် ရင်းနှီးမှုတွေပိုရအောင်ရည်ရွယ်ပြီးကျင်းပ ခြင်း ဖြစ်ပါတယ်။ သင်္ကြန်ကာလမှာလည်း လုပ်ဖို့စီစဉ်ပေးမဲ့အဆင်မပြေခဲ့တော့ ခုမေလ ၂ရက် ၃ရက် တွေမှာတော့ ရုံးပိတ်ရက်တွေလည်းရှိတော့ လူငယ်အများပိုင်းပါဝင်နိုင်မဲ့ ဒီနေ့ကိုရွေးပြီးကျင်းပခြင်း ဖြစ်ပါတယ်။

ပြီးတော့လူငယ်တွေတွက်သီးသန့် အချိန်မပေးနိုင်တာလည်းကြာပြီဆိုတော့ လူငယ်တွေရဲ့ဝိညာဉ်ရေး ရာရော၊ စိတ်ဓာတ်ခွန်အားတွေ ပြန်ရရှိအောလည်းပါတယ်။ တစ်ချို့လူငယ်တွေ စိတ်ဓာတ်ကျနေတဲ့ သူတွေရှိတယ် တစ်ချို့က လမ်းပျောက်နေကြတယ် ဒါကြောင့်ဒီလိုသင်တန်းကျင်းပပေးခြင်းအားဖြင့် လူငယ်တွေအတွက် အထောက်အကူတစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။

အထူးသဖြင့် တက်သစ်စလူငယ်တွေလမ်းပျောက်နေပြီး ဆိုရှယ်မီဒီယာတွေ အွန်လိုင်းဂိမ်းတွေမှာပဲ အချိန်အများကြီးကုန်နေကြတယ်။ ဒီတော့ သူတို့စိတ်ခွန်အားပေးတာတွေ တစ်ခြားရှောင်ရှားရမဲ့ အသိ ပညာဗဟုသုတတွေကို ဝေမျှပေးဖို့လည်းပါပါတယ်။ ဟုပြောကြားခဲ့ပါသည်။

ကိုတင်ညီထက် (စိန့်ဇေးဗီးယား)

ဒီလိုလူငယ်သင်တန်းတွေမကြာခနလုပ်ပေးဖို့လိုအပ်ပါတယ် ဒီလိုခနခန လူငယ်သင်တန်းတွေမှာ ပါဝင် ခြင်းအားဖြင့် လူငယ်တွေဟာ ယုံကြည်မှုပိုရှိလာပြီး ပြောရဲလာတယ် ဦးဆောင်ရေဲလာတယ် အဖွဲအစည်းနဲ့ဘယ်လိုပူးပေါင်း လုပ်ဆောင်ရမယ်ဆိုတဲ့ သူတို့ရဲ့လုပ်နိုင်စွမ်းတွေကို ပိုမိုတိုးတက်လာ နိုင်ပါတယ်။ ခုလိုလူငယ်တွေကို စုစုစည်းစည်းဖြစ်အောင် လုပ်ပေးနိုင်တာဟာ တန်ဖိုးရှိတဲ့အရာဖြစ် ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့သာသနာမှာဘယ်လိုအရေးပါတယ် ဘယ်ဟာတွေလုပ်ဖို့ တာဝန်ရှိ တယ် ဆိုတဲ့အသိတွေဒီသင်တန်းကနေ လူငယ်များရရှိသွားမယ်လို့မျှော်လင့်ပါတယ်။

Julian Elert (ရွှေနှလုံးတော်၊ ပြင်ဦးလွင် လူငယ်ဥက္ကဌ)

ဒီလူငယ်သင်တန်းကိုလာပါဝင်ခြင်းအားဖြင့် ဝိညာဉ်ရေးရာ အသက်တာကို ပြန်အားဖြည့်ဖို့အတွက် ဖြစ်ပြီး ခုလိုအားလုံးနဲ့တွေ့ရတဲ့အတွက် လည်းပျော်ပါတယ်။ ဘုရားရဲ့အရိပ်အောက်မှာ ဒီလိုမျိုးလူငယ် တွေအားလုံးတက်တက်ကြွကြွရှိနေတာကို မြင်ရတဲ့အတွက် ဘုရားရဲ့တည်ရှိမှုကိုပိုပြီးခံစားရတယ်။ လူငယ်တွေကို အားပေးချင်တာက လူငယ်လုပ်ငန်းတွေကိုလုပ်တော့မယ်ဆိုရင် အဓိကက မကြောက်ဖို့ ပြောချင်ပါတယ်။ ကိုယ်လုပ်တာမှားသွားမှာလားဆိုတဲ့စိုးရိမ်စိတ်ရှိနေရင် ရှေ့လုပ်ငန်းတွေကို လုပ်နိုင်မှာ မဟုတ်တော့ဘူး ဒါကြောင့်အကြောက်တရားတွေကို ဖယ်ထားဖို့လိုပါတယ်။ တစ်ခုခုလုပ်မယ်ဆို ယုံကြည်မှုအပြည့်ထားပါ လူငယ်တစ်ယောက်ဖြစ်တဲ့ အလျောက် ပန်းတိုင်ရောက်အောင် ဆက်သွားပါ လို့ပြောချင်ပါတယ်။

Victoria (ရွှေနှလုံးတော်၊ ပြင်ဦးလွင်)

ဒီသင်တန်းမှာ လူငယ်တွေရော ပို့ချတဲ့ ဘုန်းတော်ကြီးတွေနဲ့ရော အပြန်အလှန် ပြောဆိုဆွေးနွေးခွင့် တင်ပြခွင့် တွေရတဲ့အတွက်လည်း ဗဟုသုတတွေအများကြီးရပါတယ်။ ဒီနေ့မလာဖြစ်တဲ့ အခြားလူငယ် များလည်း ခုလိုသာသနာက လုပ်ဆောင်ပေးတဲ့ ဒီလိုသင်တန်းတွေ ရှိရင်လာပါဝင်ဖြစ်အောင် ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ် ဗဟုသုတတွေလည်းအများကြီးရမယ်လို့မျှော်လင့်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3897

Leave a Reply

Your email address will not be published. Required fields are marked *