
သင်၏ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို လုယူခွင့်မပြုပါနှင့်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် တနင်္ဂနွေနေ့က ဗာတီကန်တွင် ကျင်းပသည့် Regina Caeli ရွတ်ဆို ဆုတောင်းခြင်းတွင် သခင်ယေဇူးကိုယ်တိုင် သိုးထိန်းနှင့် သိုးခြံတံခါးအဖြစ် တင်စားပြောဆိုထားသည့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ကိုးကား၍သိုးထိန်းနှင့် သူခိုးကြားက ခြားနားချက်ကို အလေးပေး မိန့် ကြားခဲ့ပြီး၊ ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ တစ်စုံတစ်ရာကို လုယူရန် ကြွလာခြင်းမဟုတ်ပါ။ ထိုသို့ မဟုတ်ဘဲ ကိုယ်တော်သည် အသက်ကို တိုးပွားစေပြီး ကြွယ်ဝစွာ ပေးသနားတော်မူသော သိုးထိန်း ကောင်းအဖြစ်ကြွလာခြင်းဖြစ်ပါသည်။
ယုံကြည်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို အားဖြည့်ပေးသည့် ဆုကျေးဇူးများအပေါ် စိတ်နှလုံးသွင်း ထားကြ ရန်နှင့် ၎င်းတို့ကို ပျက်စီးစေမည့် အရာများကို နိုးနိုးကြားကြား သတိထားရန် ဘာသာသူများကို ဖိတ် ခေါ်ခဲ့သည်။
သိုးထိန်းနှင့် သူခိုးများ
သိုးထိန်းသည် သိုးများနှင့် ရင်းနှီးသောကြောင့် သိုးခြံတံခါးမှဝင်သော်လည်း၊ အခြားတစ်နေရာမှ ခိုးဝင် လာသူမှာ ဖျက်ဆီးရန် ရည်ရွယ်သည့် သူခိုးဖြစ်ကြောင်း သခင်ယေဇူးက ရှင်းလင်းစွာ ခွဲခြားပြထားတယ်။ သိုးထိန်းတော်ရှင် ခရစ်တော်သည် လူတိုင်း အသက်ကို ကြွယ်ဝစွာ ရရှိရန် ကြွလာခြင်းပါ။
သိုးထိန်းက သိုးကို ရှာသကဲ့သို့ သခင်ယေဇူးသည် ကျွန်ုပ်တို့ကို သိကျွမ်း၍ ရှာဖွေတော်မူသည်
သခင်ယေဇူးသည် ကျွန်ုပ်တို့နှင့် မိတ်ဆွေဖွဲ့ထားကြောင်း၊ ကျွန်ုပ်တို့ကို သိကျွမ်းပြီး အမည်ဖြင့် ခေါ်ကာ လမ်းပြပေးကြောင်း၊ လမ်းပျောက်နေချိန်တွင်လည်း ကြင်နာစွာဖြင့် ရှာဖွေစောင့်ရှောက်ပေးကြောင်း၊
သခင်ယေရှုသည် ကျွန်ုပ်တို့၏ အသက် သို့မဟုတ် လွတ်လပ်ခွင့်ကို လုယူရန် ကြွလာခြင်းမဟုတ်ဘဲ မှန် ကန်သော လမ်းကြောင်းသို့ ပို့ဆောင်ရန်သာ ဖြစ်ကြောင်း၊ ခရစ်တော်သည် ကျွန်ုပ်တို့၏ အမှားအမှန် သိစိတ်ကို လှည့်ဖြားခြင်းမပြုဘဲ အလင်းပြပေးကြောင်းနှင့် ကျွန်ုပ်တို့၏ ပျော်ရွှင်မှုကို လျော့နည်း စေမည့်အစား ပိုမိုနက်ရှိုင်းပြီး တည်မြဲသော ပျော်ရွှင်မှုကို ပေးအပ်ကြောင်း။
ထို့ကြောင့် ကိုယ်တော်ကို ယုံကြည်အပ်နှံသူများအနေဖြင့် ကြောက်ရွံ့စရာ မလိုကြောင်း၊ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်သည် အရာရာကို လုယူရန် မဟုတ်ဘဲ အသက်ကို ပြည့်စုံစွာ ပေးရန် ကြွလာသော ကြောင့် ယုကြည်သူများကို စိတ်ချစေခဲ့သည်။
နိုးနိုးကြားကြား ရှိနေခြင်း
တစ်ချိန်တည်းမှာပင် မိမိတို့၏ စိတ်နှလုံးနှင့် ဘဝထဲသို့ မည်သည့်အရာများ ဝင်ရောက်လာသည်ကို အထူး သတိထားရမည်၊ “ထိုအရာများသည် ကျွန်ုပ်တို့၏ လွတ်လပ်ခွင့်ကို နှိပ်ကွပ်ခြင်း သို့မဟုတ် ဂုဏ်သိက္ခာ ကို မလေးစားသော သူများ ဖြစ်နိုင်သည်၊ အခြားသူများကို ငြိမ်သက်စွာ မကြည့်မြင်နိုင်အောင် တားဆီး ထားသည့် အယူစွဲများ ဖြစ်နိုင်သည်၊ မကောင်းသော ရွေးချယ်မှုများ ပြုလုပ်ရန် တွန်းအားပေးသည့် မှားယွင်းသော အတွေးအခေါ်များ သို့မဟုတ် စိတ်နှလုံးကို ဗလာဖြစ်စေပြီး အပေါ်ယံ သုံးစွဲမှု အလေ့အထ များလည်း ဖြစ်နိုင်ပါသည်။”
ကမ္ဘာ့သယံဇာတများကို လုယူဖျက်ဆီးခြင်း၊ သွေးချောင်းစီးသည့် စစ်ပွဲများ ဆင်နွှဲခြင်းနှင့် မကောင်းမှု များကို အားပေးခြင်းဖြင့် ကျွန်ုပ်တို့၏ ငြိမ်းချမ်းသော အနာဂတ်ကို လုယူနေသည့် “သူခိုးများ” ကိုလည်း မမေ့သင့်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် မိမိဘဝကို မည်သူ့အား လမ်းပြခွင့်ပေး ထားသနည်း ဆိုသည်ကို ပြန်လည်ဆင်ခြင်ရန်နှင့် လမ်းမှားသို့ ပို့ဆောင်မည့် သြဇာလွှမ်းမိုးမှုများကို ကာကွယ်ရန် ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါသည်။
ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း
အဆုံးသတ်အနေဖြင့် ဧဝံဂေလိတရားတော်သည် ဘုရားသခင်ကို ယုံကြည်ကိုးစားရန် တောင်းဆို ထား ကြောင်း “ခရစ်တော်သည် မည်သည့်အရာကိုမျှ လုယူခြင်းမပြုဘဲ အသက်ကို ကြွယ်ဝစွာ ပေးသနား သည့် သိုးထိန်းကောင်း ဖြစ်ကြောင်း” ပုပ်ရဟန်းမင်းကြီးက ထပ်လောင်း မိန့်ကြားခဲ့ပြီးအမိမယ်တော် မာရီယား၏ ကြားဝင်ဆုတောင်းပေးမှုကို အားကိုးကာ၊ ကျွန်ုပ်တို့၏ ဘဝခရီးစဉ်တွင် မယ်တော်က လမ်း ပြစောင့်ရှောက်ပါစေကြောင်း ဆုတောင်းပေးရင်း နိဂုံးချုပ်ခဲ့သည်။
Fr. Peter Kyi Maung
photo credit: Vatican News



