ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ကင်မရွန်းနိုင်ငံသို့ ကြွရောက်ပြီးနောက် ကင်မရွန်းကက် သလစ် ဆရာတော်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂိုဏ်းချုပ်ဆရာတော် အန်ဒရူးနကီးယား (Archbishop Andrew Nkea) နှင့် ဗာတီကန်သတင်းဌာနတို့ တွေ့ဆုံမေးမြန်းခန်း။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ကင်မရွန်းနိုင်ငံသို့ ကြွရောက်ပြီးနောက် အင်္ဂလိပ်စကားပြော ဒေသ များ ငြိမ်းချမ်းရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်များအတွက် အနာဂတ်ဖန်တီး ပေးရေး တို့ကို တိုက်တွန်းပြောကြားခဲ့သည်။

ဆရာတော် နကီးယားက ရဟန်းမင်းကြီး၏ မိန့်ကြားချက်များကို အားလုံးက ဝမ်းမြောက်စွာ လက်ခံ ကြ သော်လည်း အရေးကြီးဆုံးမှာ “နောက်ထပ် ဘာဆက်လုပ်ကြမည်နည်း” ဆိုသည့်အချက် ဖြစ်သည်ဟု ဆိုသည်။

ရဟန်းမင်းကြီး၏ ခရီးစဉ်ကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရနှင့် ခွဲထွက် ရေးအဖွဲ့များ တစ်လေသံတည်း ထွက်ပေါ်လာခဲ့ပြီး ယင်းသည် ငြိမ်းချမ်းရေး၏ အစောပိုင်း လက္ခဏာ ဖြစ်ကြောင်း ဆရာတော်က မှတ်ချက်ပြုသည်။

ရဟန်းမင်းကြီး၏ ခရီးစဉ်သည် အလွန်ထူးခြားပြီး အောင်မြင်မှုရှိကြောင်း၊ ဘုရားဖူးပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် အမြောက်အမြား လာရောက်ခဲ့ကြကြောင်းနှင့် သာယာသော ရာသီဥတုသည် ဘုရားသခင်၏ ကောင်းချီးပေးမှုဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ဗာမန်ဒါ (Bamenda) ဒေသသို့ ရဟန်းမင်းကြီး ကြွရောက်ခြင်းသည် နှစ်ရှည်လများ ဒဏ်ရာဒဏ်ချက် များနှင့် စွန့်ပစ်ခံထားရသော ထိုဒေသအတွက် အလွန်အရေးကြီးသည်။ ရဟန်းမင်းကြီး ကြွရောက် လာ ခြင်းကြောင့် ပိတ်ထားသော လေဆိပ်နှင့် ပျက်စီးနေသော လမ်းတံတားများ ပြန်လည်ကောင်းမွန် လာခဲ့ ပြီး ပြည်သူများအတွက် များစွာဝမ်းမြောက်စရာ ဖြစ်ခဲ့သည်။

ရဟန်းမင်းကြီးသည် ကင်မရွန်းလူငယ်များ ကြုံတွေ့နေရသည့် အလုပ်လက်မဲ့ပြဿနာနှင့် ပြည်ပသို့ နည်းလမ်းမျိုးစုံဖြင့် စွန့်စားထွက်ခွာနေရသည့် အခြေအနေများကို ထည့်သွင်းမိန့်ကြားခဲ့သည်။ လူငယ် များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သဖြင့် အာဏာပိုင်များအနေဖြင့် လူငယ်များအတွက် ရင်းနှီးမြှုပ် နှံပေး ရန် တိုက်တွန်းခဲ့သည်။

နိုင်ငံတော်၏ သယံဇာတနှင့် အကျိုးစီးပွားများကို ခွဲဝေရာတွင် အုပ်စုငယ်လေးတစ်ခုကသာ လက်ဝါး ကြီးအုပ်ခြင်းသည် ပဋိပက္ခကို ဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် လူမျိုးစွဲ၊ သူငယ်ချင်းစွဲမထားဘဲ အများ ပြည်သူအကျိုး (Common Good) ကို ရှေ့ရှုလုပ်ဆောင်ကြရန် ရဟန်းမင်းကြီးက သတိပေးခဲ့သည်။

ရဟန်းမင်းကြီး ကြွရောက်သည့် ဖြစ်စဉ်ထက် ထိုခရီးစဉ်နောက်ပိုင်း ဆက်လက်လုပ်ဆောင်မည့် အချက် များက ပို၍အရေးကြီးကြောင်း ဆရာတော်က ဆိုသည်။ ရဟန်းမင်းကြီး၏ မိန့်ကြားချက်များကို လက် တွေ့ကျကျ အကောင်အထည်ဖော်ရန်နှင့် အစိုးရနှင့် ခွဲထွက်ရေးအဖွဲ့များအကြား ဆွေးနွေးမှုများ ဖြစ်ပေါ် လာစေရန် ကော်မတီများဖွဲ့စည်းကာ လုပ်ဆောင်ရမည်ဖြစ်သည်။

ရဟန်းမင်းကြီး၏ ငြိမ်းချမ်းရေးဆိုင်ရာ သွန်သင်ချက်များကို ပြည်သူများ လိုက်နာကျင့်သုံးနိုင် ရန် အတွက် “ငြိမ်းချမ်းရေးဆိုင်ရာ အမေးအဖြေ (Catechism of Peace)” စာအုပ်ငယ်အဖြစ် ပြုစုကာ လက်တွေ့လမ်းညွှန်ချက်အဖြစ် အသုံးပြုသွားရန် စီစဉ်နေသည်။

ဆရာတော်က ယခုခရီးစဉ်သည် လက်တွေ့အကျိုးကျေးဇူးများ စတင်ရရှိနေပြီဟု ယုံကြည်သည်။ (၈) နှစ်ကြာ ပိတ်ထားသည့် လေဆိပ် ပြန်ပွင့်လာခြင်းနှင့် လမ်းမများ၊ လမ်းမီးများ ရုတ်တရက် ပြန်လည် ကောင်းမွန်လာခြင်းကို “အံ့ဖွယ်ဖြစ်ရပ်” ဟု တင်စားပြောဆိုသည်။

ရဟန်းမင်းကြီးသည် ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက်စလုံးက လေးစားရသူဖြစ်သဖြင့် အစိုးရနှင့် ခွဲ ထွက်ရေးအဖွဲ့များကို တစ်သားတည်းဖြစ်အောင် စည်းလုံးပေးနိုင်ခဲ့သည်။ ထိုသို့ နှစ်ဖက်စလုံးက ရဟန်း မင်းကြီးကို ကြိုဆိုနှုတ်ဆက်ကြခြင်းသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ကြီးမားသော ကောင်းချီးနှင့် အလားအလာကောင်းများပင် ဖြစ်ပါသည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Original link: https://www.vaticannews.va/en/pope/news/2026-04/archbishop-nkea-pope-leo-cameroon-peace-future-interview.html

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *