အပြောင်းအလဲအတွက် အချိန်မှာ “မနက်ဖြန်မဟုတ်ဘဲ ဒီနေ့၊ အနာဂတ်မှာမဟုတ် အခု”

ဗာတီကန် သတင်းပြန်ကြားရေးဌါန မှ ဖေဖဝါရီ ၂၅ ရက် နေက ထုတ်ပြန်ခဲ့သည့် ဧပြီလ အတွင်း အယ်လ် ဂျီးရီးယား၊ ကင်မရွန်း၊ အန်ဂိုလာ နှင့် အီကွေတိုးရီယယ် ဂီနီ နိုင်ငံများသို့ ၁၃ ရက်မှ ၂၃ ရက်နေ့ထိ ၁၀ ရက်တာ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ၏ တမန်တော် ခရီးစဉ်အတိုင်း ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့ အာ ဖရိကတိုက်တစ်ခွင်သို့ ကြွရောက်တော်မူသော တမန်တော်ခရီးစဉ်၏ စတုတ္ထမြောက်နေ့တွင် ပုပ်ရ ဟန်း မင်းကြီး လီယိုသည် ကင်မရွန်းနိုင်ငံရှိ ပဋိပက္ခများဖြစ်ပွားရာ အနောက်မြောက်ဘက်ဒေသသို့ သွား ရောက်ခဲ့ပြီး၊ အပြောင်းအလဲအတွက် အချိန်မှာ “မနက်ဖြန်မဟုတ်ဘဲ ဒီနေ့၊ အနာဂတ်မှာမဟုတ်ဘဲ အခု” ဖြစ်ကြောင်း အလေးအနက် မိန့်ကြားခဲ့သည်။

ကြာသပတေးနေ့တွင် ပုပ်ရဟန်းမင်းကြီး လီယိုသည် ‘အင်္ဂလိပ်စကားပြောဒေသ ပဋိပက္ခ’ (Anglophone Crisis) ဟု လူသိများသည့် ဆယ်စုနှစ်တစ်ခုကြာ ပဋိပက္ခဗဟိုချက်ဖြစ်သော ကင်မရွန်းနိုင်ငံ အနောက် မြောက်ဒေသရှိ ဘာမန်ဒါမြို့သို့ သွားရောက်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်ကတည်းက ကင်မရွန်းနိုင်ငံရှိ အင်္ဂလိပ်စကားပြော လူနည်းစုအုပ်စုမှ သူပုန်အဖွဲ့များသည် နိုင်ငံ၏ အနောက်မြောက်နှင့် အနောက်တောင်ဒေသတွင် သီးခြားနိုင်ငံတစ်ခု တည်ထောင်ရန် ကြိုးပမ်း သည့်အနေဖြင့် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

သတ်ဖြတ်ခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများ

ဘာမန်ဒါမြို့သို့ ရောက်ရှိပြီးနောက် ပုပ်ရဟန်းမင်းကြီးသည် ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံ ရိုး ရာ အုပ်ချုပ်ရေးမှူးများ အပါအဝင် ဒေသခံခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲကျင်းပရာ စိန့်ဂျိုးဇက် ကသီဒြယ်ဘုရားကျောင်း၏ အတွင်းနှင့် အပြင်ဘက်တွင် လူအုပ်ကြီးက ကခုန်သီဆိုလျက် စုရုံးရောက်ရှိခဲ့ကြသည်။

“စစ်ဘုရင်တွေဟာ ဖျက်ဆီးဖို့ ခဏလေးပဲ ကြာပေမဲ့ ပြန်လည်တည်ဆောက်ဖို့ ဘဝတစ်သက်တာ တောင် မလုံလောက်ဘူးဆိုတာကို မသိချင်ယောင် ဆောင်နေကြတယ်” ဟု ပုပ်ရဟန်းမင်းကြီးက စုဝေး ရောက်ရှိနေသူများကို မိန့်ကြားခဲ့သည်။

“သတ်ဖြတ်မှုနဲ့ ပျက်စီးမှုတွေ အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံနေကြပေမဲ့ ကုသခြင်း၊ ပညာရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကိုတော့ ဘယ်မှာမှ ရှာမရဘူး ဆိုပြီး သူတို့ မျက်ကွယ်ပြုနေကြတယ်။”

ထို့ပြင် ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာများက ဖော်ပြခဲ့ကြသည့်အတိုင်း “ကမ္ဘာကြီးဟာ အာဏာရှင် တစ်စု ကြောင့် ပျက်စီးနေရတယ်” ဟု ပုပ်ရဟန်းမင်းကြီးက သတိပေး မိန့်ကြားခဲ့ပါသည်။

ဖြစ်နိုင်ခြေသစ်များ

အင်္ဂလိပ်စကားပြောဒေသ ပဋိပက္ခသည် ၂၀၁၆ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ငြိမ်း ချမ်းရေးသဘောတူညီချက်ရရှိရန် ကြိုးပမ်းမှုအားလုံး ကျရှုံးခဲ့သည်။ မွန်းလွဲပိုင်းတွင် ဘာမန်ဒါလေဆိပ်ရှိ ဝတ်ပြုဆုတောင်းပွဲ၌ ဟောကြားသော တရားတော်တွင် ပုပ်ရဟန်းမင်းကြီးက လက်ရှိအခြေအနေသည် “လက်လျှော့အရှုံးပေးခြင်းနှင့် ကူကယ်ရာမဲ့ခြင်း” တို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ဝန်ခံခဲ့ပါသည်။

ခြစားမှု၊ ဆင်းရဲမွဲတေမှုနှင့် ရွှေ့ပြောင်းအခြေချမှု စသည့်ပြဿနာများကြောင့် ကင်မရွန်းနိုင်ငံ၏ ငြိမ်းချမ်း သောအနာဂတ်အတွက် မျှော်လင့်ချက်မှာ “အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရသည်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ပုပ်ရဟန်းမင်းကြီးက “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်နိုင်ခြေသစ်များကို ဖွင့်လှစ်ပေးပါသည်… ၎င်းသည် ကျွန်ုပ်တို့၏ နှလုံးသားကို နှိုးဆွပေးနိုင်ပြီး သမရိုးကျ ဖြစ်ပျက်နေ မှုများ ကို စိန်ခေါ်နိုင်စွမ်းရှိသည်” ဟု အလေးအနက် ပြောကြားခဲ့သည်။ အပြောင်းအလဲအတွက် အချိန် ရောက်လာပြီဖြစ်ကြောင်းနှင့် “မနက်ဖြန်မဟုတ်ဘဲ ဒီနေ့၊ အနာဂတ်မှာမဟုတ်ဘဲ အခု” ဟု မိန့်ကြားခဲ့သည်။

ရှေ့ဆက်လျှောက်လှမ်းခြင်း

ကြမ်းတမ်းသော ပဋိပက္ခများ ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားပြီးနောက် ကင်မရွန်းနိုင်ငံ အနောက် မြောက် နှင့် အနောက်တောင်ဒေသရှိ ဒေသခံများသည် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်က ငြိမ်းချမ်းရေးလမ်းစကို အမှန်တကယ် ဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

ဗာတီကန်သတင်းဌာန (Vatican News) နှင့် စကားပြောဆိုရာတွင် ဘူအာ (Buea) ဒေသမှ ဆရာတော် Michael Bibi က ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်ကို ဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်စကားပြော ခွဲထွက်ရေး မဟာမိတ်အဖွဲ့က သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ကြောင်းနှင့် ယင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ယခုအခါ လိုအပ်နေသည်မှာ စစ်ဖြစ်ပွားနေသော ဘက်အသီးသီးမှ “အတူတကွ လာရောက်ပူးပေါင်းပြီး၊ ဒီကနေ ရှေ့ကို ဘယ်လိုဆက်သွားကြမလဲဆိုတာ မေးမြန်းကြဖို့ပါပဲ” ဟု ဆရာတော် Bibi က အလေးပေး ပြောကြားခဲ့သည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Website: rvamyanmar.org

YouTube: @rvamyanmar

Original link: https://www.vaticannews.va/…/pope-cameroon-bamenda…

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *