ဒုက္ခစရိယာ ကားတိုင်လမ်းစဉ် – ‘ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတရားတို့ကို လက်တွေ့ ကမ္ဘာ တွင် အသက်ဝင်စေရမည်’

(“၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ ၂၁ ရာစု၏ မာတုရသူတော်စင်များ (အသက်ပေးသက်သေခံများ) အား အောက်မေ့သတိရခြင်း အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီး လီယို)

ကိုလိုစီယမ် (Colosseum) ၌ ကျင်းပမည့် သောကြာကြီးနေ့ (Good Friday) ‘ကားတိုင်လမ်းစဉ်’ (Via Crucis) အတွက် ထောက်ရှု့ချက် များကို ဗာတီကန်သတင်းဌာန (Holy See Press Office) က ထုတ် ပြန်လိုက်ပါသည်။ ယင်းတွင် ဖာသာရ် ဖရန်စက်စကို ပက်တွန် (Fr. Francesco Patton) က ခရစ် ယာန် များအနေဖြင့် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတရားတည်းဟူသော ဘုရားပေးသီ လတော်များ ကို လက်တွေ့ကမ္ဘာတွင် မည်သို့အသက်ဝင်စေနိုင်ကြောင်း စိန့်ဖရန်စစ်၏ စံနမူနာကို အခြေခံ၍ တင်ပြ ထားသည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သောကြာကြီးနေ့ ညနေခင်းတွင် ဒုက္ခစရိယာကားတိုင်လမ်းစဉ်ကို ဦးဆောင်စဉ်၊ ကိုလိုစီယမ်တွင် စုဝေးနေကြသော ခရစ်ယာန်များနှင့် ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန် များ သည် သန့်ရှင်းသောမြေ Holy Land ၏ အကြီးအကဲး အုပ်ထိန်းသူဟောင်းဖြစ်သူ ဖရန်စစ်စကင် (OFM) အသင်းဂိုဏ်ဝင် ဖာသာရ် ဖရန်စက်စကို ပက်တွန်၏ ဆင်ခြင်သုံးသပ်ချက်များဖြင့် စိတ်အာရုံတွင် အတူ တကွ လျှောက်လှမ်းကြမည်ဖြစ်သည်။

သာသနာတော်က စိန့်ဖရန်စစ် ကွယ်လွန်ခြင်း နှစ် (၈၀၀) ပြည့်ကို အမှတ်ရနေချိန်တွင်၊ ဖာသာရ် ပက်တွန်၏ စကားလုံးများသည် ဧဝံဂေလိကျမ်းစာဖတ်ရှုခြင်းများနှင့် စိန့်ဖရန်စစ်၏ ရေးသားချက်များမှ ကောက်နုတ်ချက်များကို အခြေခံ၍ ကားတိုင်လမ်းစဉ်၏ ဌာန (၁၄) ခုစလုံးတွင် ခရစ်ယာန်ဘဝ၏ ကွဲပြားခြားနားသော ကဏ္ဍရပ်များကို ရှာဖွေဖော်ထုတ်ထားသည်။

သူ၏ ထောက်ရှုချက်များတွင်၊ ဖာသာရ် ပက်တွန်သည် ကျွန်ုပ်တို့အား ဂျေရုဆလင်မြို့၏ ကျဉ်း မြောင်း သော လမ်းမများမှတစ်ဆင့် ယေရှုခရစ်တော် ကားတိုင်တင်အသတ်ခံရပြီး သင်္ဂြိုဟ်ခံရသည့် ဂေါလ ဂေါသ (Golgotha) ကုန်းတော်အထိ ကိုယ်တော်၏ မူလလမ်းစဉ်တစ်လျှောက် ခေါ်ဆောင်သွားသည်။

“ဒီလမ်းစဉ်ဟာ ဘုရားတရားရိုသေကိုင်းရှိုင်းသူတွေ ဒါမှမဟုတ် ဆုတောင်းဖို့ တိတ်ဆိတ်တဲ့နေရာကို ရှာဖွေနေသူတွေအတွက်ပဲ သီးသန့်မဟုတ်ပါဘူး”  “အဲဒီအစား၊ ယေဇူးသခင်ရဲ့ခေတ်ကာလကလိုပဲ၊ ကျွန်ုပ်တို့ဟာ ကိုယ်တော့်အပေါ် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို မျှဝေခံစားကြတဲ့လူတွေသာမက ကိုယ် တော့်ကို လှောင်ပြောင် သရော်သူတွေ ဒါမှမဟုတ် စော်ကားသူတွေပါ ဝန်းရံနေတဲ့ ပရမ်းပတာဖြစ်ပြီး စိတ်ပျံ့လွင့်စရာကောင်းတဲ့ ဆူညံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖြတ်သန်းလျှောက်လှမ်းနေကြရတာကို တွေ့ရမှာပါ။ ဒါဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝရဲ့ တကယ့်လက်တွေ့ အရှိတရားပါပဲ။”

ဖာသာရ် ပက်တွန်က “ကားတိုင်လမ်းစဉ်ဟာ စင်ကြယ်လှပတဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ဘဝမျိုးကို ဦးဆောင်နေသူတွေအတွက် ရည်ရွယ်တာမဟုတ်ပါဘူး။ အဲဒီအစား၊ ဒါဟာ ယုံကြည်ခြင်း၊ မျှော်လင့် ခြင်းနဲ့ မေတ္တာတရားတို့ကို လက်တွေ့ကမ္ဘာမှာ အသက်ဝင်စေရမယ်ဆိုတာကို သိနားလည် ထားသူ တစ်ယောက်ရဲ့ ကျင့်စဉ်တစ်ခုဖြစ်ပါတယ်” ဟု ဆိုသည်။

ဒုက္ခစရိယာ ကားတိုင်လမ်းစဉ်၏ အဆင့် (၁၄) ဆင့်မှ ထောက်ရှုဆင်ခြင်ချက်များ

  • ပထမအရပ်- ယေဇူသခင်သည် သေဒဏ်ပေးခြင်းကို ခံရချိန်: ကိုယ်တော်သည် လူသားတို့၏ အာဏာရှိသည်ဟူသော အထင်ကြီးမှုများနှင့် အာဏာကို အလွဲသုံးစားလုပ်လိုသည့် သွေးဆောင် မှုများကို ဖွင့်ဟပြလိုက်သည်။ အာဏာရှိသူတိုင်းသည် စစ်ပွဲများကို စတင်ခြင်း သို့မဟုတ် အဆုံးသတ်ခြင်း၊ စီရင်ဆုံးဖြတ်ခြင်း၊ သို့မဟုတ် လူသားဂုဏ်သိက္ခာကို မြှင့်တင်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့တွင် ၎င်းတို့၏ အာဏာကို မည်သို့ကျင့်သုံးသလဲဆိုသည်နှင့် ပတ်သက်၍ ဘုရားသခင်ထံ အဖြေပေးရမည်ဖြစ်ကြောင်း စိန့်ဖရန်စစ်က သတိပေးထားသည်။
  • ဒုတိယအရပ်- ယေဇူသခင် ကားတိုင်ကို ထမ်းချိန်: ကျွန်ုပ်တို့သည် နာကျင်မှု သို့မဟုတ် အရှက် ရမှုမျိုးမှ ထွက်ပြေးလိုသော ဆန္ဒကို ခံစားကြရသည်။ ဖာသာရ် ပက်တွန်က “အို ယေဇူး၊ကျွန်ုပ် တို့ကို ကားတိုင်အပေါ် ကြောက်ရွံ့ခြင်းမှ လွတ်မြောက်စေတော်မူပါ။ ကိုယ်တော်လျှောက် လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း လိုက်လျှောက်နိုင်ဖို့ ကျွန်ုပ်တို့အား ကျေးဇူးတော်ကို ပေးသနားတော် မူပါ” 
  • တတိယအရပ် – ယေဇူသခင်သည် ပထမအကြိမ် လဲကျတော်မူသောအရပ်: ယေဇူးသခင် ၏ဘဝသည် အစဉ်မပြတ် နှိမ့်ချခြင်းရှိခဲ့ကြောင်း ကျွန်ုပ်တို့ကို သတိရစေသည်။ ဤလဲကျ ခြင်းသည် သေခြင်းတရား၏ နက်နဲဆန်းကြယ်မှုဆီသို့ အညံ့ခံခြင်းဖြစ်ပြီး၊ ဘဝ၏အဆုံးတွင် ကျွန်ုပ်တို့တစ်ဦးစီကို စောင့်ကြိုနေသည့် လဲကျခြင်းကို ကြိုတင်ပြသခြင်း ဖြစ်သည်။
  • စတုတ္ထအရပ် – ယေဇူးသခင်သည် အမိမယ်တော်နှင့် လမ်းတွင်တွေ့ဆုံသည့်အရပ်: မိမိတို့၏ သားသမီးများ သေဆုံးမှုကို ခံစားနေရသော မိခင်အားလုံး၏ စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်ရသော နာကျင်မှုကို ကျွန်ုပ်တို့ ရင်ဆိုင်ကြရသည်။ ကျွန်ုပ်တို့သည် သူတစ်ပါး၏ ဆင်းရဲဒုက္ခ များကို မျှဝေခံစားတတ်ပြီး ချစ်ခြင်းမေတ္တာ၏ အဓိပ္ပာယ်ကို သင်ယူနိုင်ရန် မိခင်ဆန်သော နှလုံးသားတစ်ခုပေးရန် ဆုတောင်းထားသည်။
  • ပဉ္စမအရပ်- စိရေနေမြို့သား စီမုန်က သခင်ယေဇူး၏ ကားတိုင်ကို ကူညီထမ်းပေးသည့်အရပ်: စီမုန်သည် ယေဇူးသခင်ကို ကူညီရန် မိမိအလိုအလျောက် မဟုတ်စေကာမူ၊ ကိုယ်တော်နှင့်အတူ လျှောက်လှမ်းခဲ့သော ခြေလှမ်းများသည် သူ၏ဘဝကို ထာဝရပြောင်းလဲစေခဲ့သည်။ ဒီနေ့ခေတ် မှာတောင် ကိုယ်တော့်ကို မယုံကြည်ကြသော်လည်း မသိစိတ်ကနေ တခြားသူတွေအတွက် ကောင်းမှုပြုရင်း ကိုယ်တော့်ရဲ့ ကားတိုင်ကို ကူညီထမ်းပေးနေကြသူတွေ အများကြီးရှိသည်။
  • ဆဋ္ဌမအရပ်- ဗေရိုနီကာက ယေဇူးသခင်၏မျက်နှာတော်ကို ပဝါဖြင်သုတ်ပေးသည့်အရပ်: သူမ၏ ရိုးရှင်းသော်လည်း နက်နဲသော မေတ္တာကရုဏာ အပြုအမူကို ကျွန်ုပ်တို့ တွေ့မြင်ရသည်။ “လူသားရဲ့ ဂုဏ်သိက္ခာကို နင်းခြေတဲ့ လုပ်ရပ်တိုင်းကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေဆဲဖြစ်တဲ့ ကိုယ်တော့်ရဲ့ မျက်နှာတော်ကို ဒီနေ့ခေတ်မှာ ကျွန်ုပ်တို့ သုတ်ပေးနိုင်စွမ်း ရှိစေတော်မူပါစေ” 
  • သတ္တမအရပ်- ယေဇူးသခင် ဒုတိယအကြိမ် လဲကျတော်မူသည့်အရပ်: ကြီးမြတ်သော မေတ္တာ သည် သေခြင်းထက် ပိုမိုခိုင်မာကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရသည်။ ကိုယ်တော်သည် လဲကျခြင်း အားဖြင့် မတရားမှု၊ ခေါင်းပုံဖြတ်မှု၊ အကြမ်းဖက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော စီးပွား ရေးကြောင့် မြေပြင်ပေါ်တွင် ပြားပြားဝပ်နေကြရသူများကို ပြန်လည်ထူမတ်ပေးရန် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
  • အဋ္ဌမအရပ်- ယေဇူးသခင်သည် ဂျေရုဆလင်မြို့မှ အမျိုးသမီးများနှင့် တွေ့ဆုံသည့်အရပ်: ဆင်းရဲဒုက္ခရှိသည့် နေရာတိုင်းတွင် အမျိုးသမီးများသည် အမြဲရှိနေကြောင်းကို ကျွန်ုပ်တို့ သတိ ရကြသည်။ “ကျွန်ုပ်တို့ရဲ့ အမှားအမှန်သိစိတ်ဟာ လျစ်လျူရှုခြင်း မြူနှင်းတွေထဲမှာ ပျောက် ကွယ်မသွားစေဖို့ ကျွန်ုပ်တို့ကို မျက်ရည်တွေ နောက်တစ်ကြိမ် ပေးသနားတော်မူပါ” 
  • နဝမအရပ်- ယေဇူးသခင် တတိယအကြိမ် လဲကျတော်မူရာအရပ်: ကျွန်ုပ်တို့ မည်မျှပင် အကြိမ်ကြိမ် လဲကျပါစေ အရေးမကြီးကြောင်း၊ အရေးကြီးသည်မှာ ယေဇူးသခင်သည် ကိုယ်တော့် ကရုဏာတော်ဖြင့် ကျွန်ုပ်တို့ကို ပြန်လည်ထူမတ်ပေးရန် ရှိနေခြင်းသာဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက်ကြသည်။
  • ဒသမအရပ်- ယေဇူးကိုယ်တော်၏ အဝတ်တန်ဆာများကို ချွတ်ခွါကြသည့်အရပ်: အာဏာရှင် စနစ်များ၊ မီဒီယာများ၏ လျစ်လျူရှုမှုနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ မကောင်းသော စပ်စုလိုစိတ် များက ယနေ့ခေတ်တွင်လည်း အခြားသူများ၏ လူသားဂုဏ်သိက္ခာကို ချိုးဖောက်နေကြ ကြောင်း ကျွန်ုပ်တို့ သတိရကြသည်။
  • ဧကဒသမအရပ်- ယေဇူးသခင်ကို ကားတိုင်ပေါ်တွင် သံမှိုဖြင့် ရိုက်ထားကြသည့်အရပ်: စစ်မှန်သော တန်ခိုးအာဏာသည် အင်အား သို့မဟုတ် အကြမ်းဖက်မှုမဟုတ်ဘဲ၊ လူသားတို့၏ မကောင်းမှုများကို ကျွန်ုပ်တို့အပေါ်တွင် တာဝန်ယူပြီး ခွင့်လွှတ်ခြင်းဖြင့် ဖျက်ဆီးပစ်နိုင်သည့် မေတ္တာ၏ တန်ခိုးသာလျှင် ဖြစ်သည်။
  • ဒွါဒသမအရပ်- ယေဇူးသခင် ကားတိုင်တော်ပေါ်၌ အသက်တော်စွန့်တော်မူသည့်အရပ်: ကိုယ် တော်၏ မစ်ရှင် ပြီးမြောက်သွားပြီဖြစ်ကြောင်း ကျွန်ုပ်တို့ တွေ့မြင်ကြရသည်။ “ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်လာဖို့၊ ကိုယ်တော့်ရဲ့ အကောင်းဆုံး လက်ရာမွန်တွေ ဖြစ်လာဖို့ ဖြစ်စေခဲ့တဲ့ ကိုယ်တော့်ရှေ့မှာ ကျွန်ုပ်တို့ ရပ်တည်နေကြပါတယ်” 
  • တေရသအရပ်- ယေရှုကို ကားတိုင်ပေါ်မှ အောက်သို့ ချယူချိန်: ယောသပ်နှင့် နိကောဒင်တို့က ယေရှု၏ ရုပ်ကလပ်တော်ကို ဂုဏ်သိက္ခာရှိရှိနှင့် ရိုသေကိုင်းရှိုင်းစွာ သင်္ဂြိုဟ်ပေးခဲ့သည်။ သေဆုံး သွားချိန်မှာတောင် လူသား၏ ခန္ဓာကိုယ်သည် ၎င်း၏ဂုဏ်သိက္ခာကို ထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။
  • စုဥ်ဒသမအရပ်- ယေဇူးသခင်ကို သင်္ချိုင်းဂူသွင်းမြုပ်နှံကြသည့်အရပ်: 
  • ကျွန်ုပ်တို့သည် ဧဒင်ဥယျာဉ်သို့ ပြန်လည်ရောက်ရှိသွားသည်။ ဤနေရာတွင်ပင် မာရီယာ မာဒလေနားသည်သေခြင်းတရားကို အောင်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယေဇူးခရစ်တော်သည် ရှင်ပြန်ထမြောက်တော်မူပြီဖြစ်ကြောင်း ကြွေးကြော်ရန် သူမ၏ တာဝန်ကို ရရှိခဲ့သည်။

ကားတိုင်လမ်းစဉ်၏ အဆုံးတွင်၊ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်များသည် “ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့ကို တစ်လုံးတစ်ဝတည်း ဖြစ်စေသော ချစ်ခြင်းမေတ္တာ၏ မိတ်သဟာယ၌ ပိုမိုနက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်ခြင်း ခရီးစဉ်တစ်ခုအဖြစ် ကျွန်ုပ်တို့၏ဘဝများကို အသက်ရှင်လျှောက်လှမ်းကြရန်” စိန့်ဖရန်စစ်၏ ဖိတ်ခေါ်ချက်ကို တုံ့ပြန်နိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါသည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Original Link: https://www.vaticannews.va/en/pope/news/2026-04/way-of-the-cross-meditation-father-francesco-patton.html

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *