
ဧပြီလမှ ဇူလိုင်လအထိ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ၏ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အစီအစဉ်များ။

(ရောမမြို့ရှိ မေတ္တာပန်းတနင်္ဂနွေ (Palm Sunday) ကျင်းပမှုအတွင်း တွေ့ရသော ပုပ်ရဟန်းမင်းကြီး လီယို)
ပုပ်ရဟန်းမင်းကြီး၏ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အခမ်းအနားများမှာ နိုင်ငံတကာခရီးစဉ် နှစ်ခုနှင့် သိက္ခာ တော်ပေးပွဲ နှစ်ခုအပါအဝင် ဧပြီလမှ ဇူလိုင်လအထိ ပုပ်ရဟန်းမင်းကြီး လီယို၏ အစီအစဉ်ဇယားကို အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာထားပါသည်။
ဖော်ပြပါအချိန်များအားလုံးမှာ ရောမစံတော်ချိန် ဖြစ်ပါသည်။
ဧပြီလအတွင်း အာဖရိကခရီးစဉ်
အစီအစဉ်၏ အစအနေဖြင့် ပုပ်ရဟန်းမင်းကြီးသည် ၂၀၂၆ ခုနှစ်အတွက် ဒုတိယမြောက် နိုင်ငံတကာ ခရီး စဉ်အဖြစ် အာဖရိကတိုက်ရှိ အယ်လ်ဂျီးရီးယား၊ ကင်မရွန်း၊ အင်ဂိုလာနှင့် အီကွေတိုရီရယ်ဂီနီ နိုင်ငံလေး ခုသို့ ဧပြီလ ၁၃ ရက်မှ ၂၃ ရက်အထိ ၁၀ ရက်ကြာ သွားရောက်မည်ဖြစ်သည်။
ယမန်နှစ်က ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက်ပိုင်း အာဖရိကတိုက်သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။ သို့သော် ပုပ်ရဟန်းမင်းကြီး လီယိုသည် ကင်ညာနိုင်ငံသို့ အနည်းဆုံး ၆ ကြိမ်နှင့် တန်ဇန်းနီးယားနိုင်ငံသို့ ၅ ကြိမ်ခန့် ရောက်ရှိဖူးသည်။ အနီးစပ်ဆုံးအနေဖြင့် ၎င်း သည် ပုပ်ရဟန်းမင်းကြီးအဖြစ် မရွေးကောက်ခံရမီ နှစ်လအလို၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက နိုင်ရို ဘီမြို့ရှိ ဝတ်ပြုကျောင်းသစ်တစ်ခုကို ကောင်းချီးပေးရန် ကင်ညာသို့ သွားရောက်ခဲ့ဖူးသည်။ ၎င်းသည် သြဂတ်စတင်းနီးယန်း ဂိုဏ်းချုပ် (Prior General of the Augustinian Order) အဖြစ် တာဝန်ထမ်း ဆောင်စဉ်က နိုင်ဂျီးရီးယားရှိ သူ၏အသင်းဂိုဏ်းများသို့လည်း သွားရောက်ခဲ့ဖူးသည်။
ဧပြီလ ၂၆ ရက် (နက်ဖြန် ၉ နာရီ) တွင် ပုပ်ရဟန်းမင်းကြီးသည် စိန့်ပီတာ ဘာဆီလီကာ ဘုရားကျောင်း၌ ကျင်းပမည့် အီစတာပွဲတော်၏ စတုတ္ထမြောက် တနင်္ဂနွေနေ့ (သိုးထိန်းကောင်းတနင်္ဂနွေနေ့) ဝတ်ပြုပွဲတွင် ရောမသာသနာနယ်မှ အမျိုးသား ၈ ဦးကို ဘုန်းတော်ကြီးအဖြစ် သိက္ခာတော်ပေးခြင်း အခမ်းအနားကို ဦးဆောင်မည်ဖြစ်သည်။
မေလ အစီအစဉ်များ
မေလ ၂ ရက် (ညနေ ၅ နာရီ) တွင် ပုပ်ရဟန်းမင်းကြီးသည် စိန့်ဂျွန်လာတာရန် (St. John Lateran) ဘုရား ကျောင်း၌ ဆရာတော်များ သိက္ခာတော်ပေးပွဲ မစ္ဆားတရားတော်ကို ဦးဆောင်ကျင်းပမည်ဖြစ်သည်။
နောက်တစ်ပတ် သောကြာနေ့၊ မေလ ၈ ရက် (နံနက် ၁၀ နာရီခွဲ) တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပွန်ပေ (Pompeii) ရှိ စိတ်ပုတီးမယ်တော်သခင်မ ဘုရားကျောင်းသို့ သွားရောက်မည်ဖြစ်သည်။ ပွန်ပေနှင့် နာပလီမြို့များသို့ သွားရောက်စဉ်အတွင်း ပုပ်ရ ဟန်းမင်းကြီးသည် မစ္ဆားတရားတော်ကို ကျင်းပပြီး ဘုရားကျောင်းတော်၌ ဆုတောင်းမေတ္တာကို ရွတ်ဆိုမည်ဖြစ်သည်။
သုံးပတ်အကြာတွင် ရောမမြို့သို့ ပြန်လည်ရောက်ရှိပြီး မေလ ၂၄ ရက် (နံနက် ၁၀ နာရီ) တွင် စိန့်ပီတာ ဘာဆီလီကာ ဘုရားကျောင်း၌ သန့်ရှင်းသောဝိညာဥ်တော်ဘုရား ဆင်းသက်တော်မူသော ပင်တေကောစ် ပွဲတော် (Solemnity of Pentecost) မစ္ဆားတရားတော်ကို ဦးဆောင်မည်ဖြစ်သည်။
အိုင်ဘေးရီးယားကျွန်းဆွယ်နှင့် မြေထဲပင်လယ်ကျွန်းခရီးစဉ်
ဇွန်လ ၆ ရက်မှ ၁၂ ရက်အထိ ပုပ်ရဟန်းမင်းကြီးသည် စပိန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး မြို့တော် မက် ဒရစ်၊ ဘာစီလိုနာ (ဆာဂရာဒါ ဖာမီလီယာ ဘုရားကျောင်း၏ အမြင့်ဆုံးမျှော်စင်သစ်ကို ဖွင့်လှစ်ပေးရန်) နှင့် နောက်ဆုံးခရီးစဉ်အဖြစ် ကနေရီကျွန်းစု (Canary Islands) သို့ ကြွရောက်မည်ဖြစ်သည်။
စပိန်ခရီးစဉ်အပြီး မကြာမီ၊ ဇွန်လ ၂၀ ရက်တွင် အီတလီနိုင်ငံအတွင်းပိုင်းရှိ ပါဗီယာ (Pavia) မြို့သို့ သွား ရောက်မည်ဖြစ်သည်။ ၎င်းမြို့သည် စိန့်သြဂတ်စတင်း၏ ရုပ်ကလာပ်တော်ကို စောင့်ရှောက် ထား သည့် နေရာဖြစ်သောကြောင့် ပုပ်ရဟန်းမင်းကြီးသည် ထိုနေရာတွင် ညနေ ၅ နာရီ၌ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်သည်။
ကိုးရက်အကြာ ဇွန်လ ၂၉ ရက် (နံနက် ၉ နာရီခွဲ)၊ စိန့်ပီတာနှင့် စိန့်ပေါလ်ပွဲတော်နေ့တွင် ပုပ်ရဟန်း မင်း ကြီးသည် စိန့်ပီတာ ဘာဆီလီကာ၌ ဂိုဏ်းချုပ်ဆရာတော်ကြီးများအတွက် ပယ်လီယမ် (Pallia) ဝတ်ရုံ ကောင်းချီးပေးခြင်း အခမ်းအနားကို ဦးဆောင်မည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ဇူလိုင်လ ၄ ရက် (နံနက် ၁၀ နာရီ) တွင် ပုပ်ရဟန်းမင်းကြီးသည် လမ်ပီဒူဆာ (Lampedusa) ကျွန်းသို့ သွားရောက်ကာ မစ္ဆားတရားတော်ကို ဦးဆောင်မည်ဖြစ်သည်။ ထိုကျွန်းသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာအတွက် အီတလီနှင့် ဥရောပသို့ ဝင်ရောက်ရာ တံခါးပေါက်တစ်ခု ဖြစ်သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Original Link: https://www.vaticannews.va/en/pope/news/2026-03/whats-on-pope-leos-liturgical-schedule-for-april-to-july.html

