လေယာဉ်ပျံများသည် စစ်ပွဲနှင့် ပျက်စီးခြင်းများကိုမဟုတ်ပဲ ငြိမ်းချမ်းရေးကိုသာ သယ်ဆောင် လာသင့်သည်။

(ပုပ်ရဟန်းမင်းကြီး လီယိုသည် ITA Airways နှင့် Lufthansa Group မှ ကိုယ်စား လှယ်အဖွဲ့ နှင့် တွေ့ဆုံစဉ်)

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ၎င်း၏ သာသနာပြုခရီးစဉ်များတွင် ပို့ဆောင်ပေးခဲ့သည့် အီတလီ အမျိုးသားလေကြောင်းလိုင်း ITA Airways ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ စစ်မက်ဖြစ်ပွားရာ ဒေသများတွင် လေယာဉ်များကို သေခြင်းတရားနှင့် ပျက်စီးခြင်းများ သယ်ဆောင်သည့် လက်နက် များ အဖြစ် အသုံးပြုနေခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

အာဖရိကလေးနိုင်ငံသို့ သွားရောက်မည့် သာသနာပြုခရီးစဉ် မစတင်မီ ရက်ပေါင်း ၂၀ အလိုတွင် ပုပ်ရ ဟန်းမင်းကြီး လီယို (၁၄) သည် အီတလီအမျိုးသားလေကြောင်းလိုင်း ITA Airways နှင့် Lufthansa Group တို့မှ အမှုဆောင်အရာရှိများနှင့် ဝန်ထမ်းကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့သည်။

ရဟန်းမင်းကြီးသည် ပုပ်ရဟန်းမင်းကြီး စိန့်ပေါလ် (၆) လက်ထက်မှစ၍ ရဟန်းမင်းကြီးများအား ဝန် ဆောင်မှုပေးခဲ့သည့် ITA Airways နှင့် ယခင် Alitalia လေကြောင်းလိုင်းတို့အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ရဟန်းမင်းကြီး၊ ၎င်း၏ အဖွဲ့ဝင်များနှင့် သာသနာပြုခရီးစဉ် သတင်းယူရန် အတူလိုက်ပါလာကြသော သတင်းထောက်များအတွက် “အေးချမ်းသည့် အငွေ့အသက်” ကို ဖန်တီးပေးကြသည့် “အရည်အချင်း ပြည့်ဝပြီး အတွေ့အကြုံရှိသော ပညာရှင်များ” ကိုလည်း ချီးကျူးစကား ဆိုခဲ့သည်။

ITA Airways သည် နိုင်ငံရပ်ခြားသို့ သွားရောက်သည့် ရဟန်းမင်းကြီး၏ ခရီးစဉ်များကို “လေးစားမှုနှင့် ကြည်ညိုမှုတို့ ပေါင်းစပ်ထားသော မိသားစုဆန်သည့် အငွေ့အသက်” များဖြင့် ပြည့်နှက်စေရန် ကူညီပေး ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“အခုလို သင်တို့နဲ့ တွေ့ဆုံရတာဟာ ဒီလိုအဖိုးတန်တဲ့ ဝန်ဆောင်မှုအတွက် ကျွန်ုပ်ကိုယ်တိုင်နဲ့ ဗာတီကန် နန်းတော်ရဲ့ ကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားခွင့်ရတာ ဖြစ်ပါတယ်” ဟု ၎င်း က ဆိုသည်။

ပုပ်ရဟန်းမင်းကြီးက ရဟန်းမင်းကြီး၏ လေယာဉ်ခရီးစဉ်များသည် ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်း “ငြိမ်းချမ်းရေးတမန်တော်” တစ်ဦးအဖြစ် နိုင်ငံအသီးသီးသို့ အမြဲတစေ သွားရောက်နေသော ရှင်ပေတရု ၏ ဆက်ခံသူ၏ သာသနာပြုလုပ်ငန်းကို ပေါ်လွင်စေသည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရဟန်းမင်းကြီးရဲ့ လမ်းကြောင်းတွေဟာ အမြဲတမ်း ရှိသင့်ရှိထိုက်တဲ့အတိုင်း ဆွေးနွေးမှု၊ တွေ့ဆုံမှုနဲ့ ညီရင်းအစ်ကို စိတ်ဓာတ်တွေရဲ့ တံတားတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း စစ်မက်ဖြစ်ပွားရာဒေသများတွင် လေယာဉ်များကို ဖျက်ဆီးခြင်းနှင့် ကြောက်ရွံ့ခြင်း များ ဖြစ်စေရန် မကြာခဏ အသုံးပြုနေကြကြောင်း ရဟန်းမင်းကြီးက ထောက်ပြခဲ့သည်။

“လေယာဉ်ပျံတွေဟာ အမြဲတမ်း ငြိမ်းချမ်းရေးကိုပဲ သယ်ဆောင်လာသူတွေ ဖြစ်သင့်ပြီး စစ်ပွဲတွေ အတွက် မဖြစ်သင့်ပါဘူး။ ကောင်းကင်ယံကနေ သေခြင်းတရားနဲ့ ပျက်စီးခြင်းတွေ ကျရောက်လာမှာကို ဘယ်သူမှ မကြောက်ရွံ့သင့်ပါဘူး”ဟု ၎င်းက မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယိုသည် ကမ္ဘာ့စစ်ကြီးများနှင့် ယနေ့တိုင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော အခြား ပဋိပက္ခများအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြန်လည်အမှတ်ရစေခဲ့သည်။

“နှစ်ဆယ်ရာစုရဲ့ ကြေကွဲစရာ အတွေ့အကြုံတွေနောက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာတွေကို ထာဝရ ပိတ်ပင်တားဆီးသင့်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအစား ဒါတွေက ရှိနေဆဲဖြစ်ပြီး ကောင်းမွန်တဲ့ နည်း ပညာတိုးတက်မှုတွေကို စစ်ပွဲတွေအတွက် အသုံးချနေကြတယ်။ ဒါဟာ တိုးတက်မှု မဟုတ်ဘဲ ဆုတ် ယုတ်မှုပဲ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဧဝံဂေလိတရားတော်၏ ငြိမ်းချမ်းခြင်းကို ဖြန့်ဝေရာတွင် ကူညီပေးခဲ့ကြသည့် ITA Airways ဝန်ထမ်းများအား ထပ်လောင်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“လက်ရှိ အခြေအနေတွေအရ ကောင်းကင်ယံမှာ ငြိမ်းချမ်းရေး လမ်းကြောင်းတွေကို ဖော်ဆောင်ဖို့က ပိုပြီး အရေးကြီးလာပါတယ်။ ဘုရားသခင်က ကျွန်ုပ်ကို အပ်နှင်းထားတဲ့ ဒီသာသနာပြုလုပ်ငန်းမှာ သင်တို့ ကို အားကိုးနိုင်တယ်ဆိုတာ သိထားတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆိုသည်။

Fr. Peter Kyi Maung

Photo Credit Vatican News

Original link: https://www.vaticannews.va/en/pope/news/2026-03/pope-leo-xiv-ita-airways-papal-journeys-audience.html

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *