
လာဇရုကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း အသက်တာသစ်သို့ ခေါ်ယူတော်မူသော အရှင်မြတ်၏ အသံ တော်ကို ကြားနာနိုင်ကြပါစေ။

ဝါတွင်းကာလ ပဉ္စမမြောက် တနင်္ဂနွေနေ့၊ စိန့်ပီတာရင်ပြင်တွင် စုဝေးနေကြသော ဘုရားဖူးများနှင့် အန် ဂျေလုစ် (Angelus) မေတ္တာဆိုရာ၌ ဧည့်သည်တော်များအား နှုတ်ခွန်းဆက်သရင်း ပုပ်ရဟန်းမင်းကြီးက ယေဇူးသခင် လာဇရုကို အရှင်ထမြောက်စေခြင်းအကြောင်း မိန့်ကြားခဲ့ပါသည်။ “ဒါဟာ ခရစ်တော် ဘုရား သေခြင်းကို အောင်နိုင်ခြင်းနဲ့ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ကျွန်ုပ်တို့ရရှိထားသော ထာဝရ အသက် ဆုကျေးဇူးကို ဖော်ပြနေသော နိမိတ်လက္ခဏာဖြစ်တယ်” ဤဖြစ်ရပ်သည် ကျွန်ုပ်တို့အား ပြည့် စုံသော အသက်တာသို့ ဖိတ်ခေါ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အသစ်ပြုပြင်ကာ မေတ္တာ အလင်း၌ လျှောက်လှမ်းရန်နှင့် ကိုယ်တော်၏ အတိုင်းအဆမဲ့သော ကရုဏာတော်ကို ထင်ဟပ်စေရန် တိုက်တွန်းထားပါသည်။
လာဇရု၏နှမ မာသားကို မိန့်ကြားခဲ့သကဲ့သို့ပင် ယနေ့တွင်လည်း ယေဇူးသခင်က ကျွန်ုပ်တို့အား “ငါ သည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏၊ အသက်လည်ဖြစ်၏။ ငါ့ကို
ယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင် သောသူ ရှိသမျှ တို့သည်လည်း ထာဝရသေခြင်းနှင့်ကင်းလိမ့်မည်” ဟု မိန့်ကြားနေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုပါ သည်။
သန့်ရှင်းသောရက်သတ္တပတ်အတွက် ပြင်ဆင်ခြင်း
ယနေ့ ဧဝံဂေလိကျမ်းဖတ်ကြားချက်သည် သန့်ရှင်းသောရက်သတ္တပတ် မတိုင်မီတွင် ရောက်ရှိ လာခြင်း ဖြစ်ပြီး၊ လာမည့်ရက်သတ္တပတ်၌ အရှင်မြတ်၏ ဒုက္ခစရိယာတော် ဖြစ်ရပ်များဖြစ်သော ဂျေရုဆ လင်မြို့ သို့ ကြွဝင်ခြင်း၊ နောက်ဆုံးညစာစားပွဲ၊ ဖမ်းစီးခံရခြင်း၊ လက်ဝါးကပ်တိုင်၌ အသေခံခြင်းနှင့် သင်္ဂြိုဟ် ခြင်းတို့ကို ပြန်လည်အောက်မေ့ကြမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ပြင်ဆင်နိုင်ပြီး ထိုဖြစ်ရပ်များ၏ အဓိပ္ပာယ်ကို ပိုမိုနားလည်ကာ ၎င်းတို့ပေး သနားမည့် ကျေးဇူးတော်ကို ခံယူနိုင်မည်ဖြစ်သည်။
“ဤဖြစ်ရပ်များသည် ရှင်ပြန်ထမြောက်သော ခရစ်တော်၌ ပြည့်စုံသွားပြီဖြစ်သည်။ ကိုယ်တော်သည် သေခြင်းကို အောင်နိုင်ခဲ့ပြီး ကျွန်ုပ်တို့၏ ကယ်တင်ခြင်းနှင့် ပြည့်စုံသောအသက်တာအတွက် ဆေး ကြော ခြင်းမင်္ဂလာအားဖြင့် ကျွန်ုပ်တို့အတွင်း၌ ကိန်းဝပ်နေထိုင်တော်မူသည်” ဟု မိန့်ကြားခဲ့သည်။
ကမ္ဘာလောကကို လင်းစေသော ကျေးဇူးတော်
ဘုရားသခင်၏ ကျေးဇူးတော်သည် ကမ္ဘာလောကကို လင်းစေသော်လည်း၊ ကျွန်ုပ်တို့သည် တည်မြဲသော ပျော်ရွှင်မှုကို မပေးနိုင်သည့် အရာများကိုသာ ရှာဖွေရင်း လမ်းပျောက်နေတတ်ကြောင်း ပုပ်ရဟန်း မင်းကြီးက သတိပေးခဲ့သည်။ အချိန်၊ ခွန်အား၊ တန်ဖိုးထားမှုများနှင့် အခြားသူများအပေါ် ထားရှိသော စာနာစိတ်တို့ကို ကုန်ခမ်းစေသည့် အသစ်အဆန်းများကို အစဉ်တစိုက် ရှာဖွေနေခြင်းသည် “ကျော် ကြား မှု၊ ရုပ်ဝတ္ထုပစ္စည်း၊ ဖျော်ဖြေရေးနှင့် ခဏတာ သာယာမှုများက ကျွန်ုပ်တို့၏နှလုံးသားကို ပြည့်စုံ စေနိုင် သကဲ့သို့ သို့မဟုတ် ကျွန်ုပ်တို့ကို မသေနိုင်အောင် ပြုလုပ်ပေးနိုင်သကဲ့သို့” ဖြစ်နေတတ်သည်။
“ကျွန်ုပ်တို့အားလုံး၏ အတွင်းစိတ်၌ ‘အဆုံးမဲ့သောအရာကို တောင့်တမှု’ ရှိနေကြသည်။ ၎င်းသည် ကုန်ဆုံးသွားမည့် အရာများဖြင့် မဖြည့်ဆည်းနိုင်သော လိုအပ်ချက်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
စိန့်ဩဂတ်စတင်း (Saint Augustine) ရေးသားခဲ့သကဲ့သို့ “ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် ဖန် ဆင်းခံရသူများဖြစ်ပြီး၊ ကိုယ်တော်၌ ခိုလှုံရခြင်း မရှိသရွေ့ ကျွန်ုပ်တို့၌ ငြိမ်းချမ်းမှု မရှိနိုင်ပါ”။
အတားအဆီး ကျောက်တုံးကြီးများကို ဖယ်ရှားခြင်း
နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးက လာဇရု ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အကူအညီနှင့် တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့အား တိုက်တွန်းနေကြောင်း မိန့်ကြား ခဲ့ သည်။ “အတ္တစိတ်၊ ရုပ်ဝတ္ထုဝါဒ၊ အကြမ်းဖက်မှုနှင့် အပေါ်ယံဆန်မှုဟူသော ဂူသင်္ချိုင်းအတွင်း ကျွန်ုပ်တို့ ကို ပိတ်လှောင်ထားသည့် ကျောက်တုံးကြီးများသဖွယ် အကျင့်ဆိုးများ၊ ကန့်သတ်ချက်များနှင့် အတွေး အခေါ်ဟောင်းများမှ ကျွန်ုပ်တို့၏နှလုံးသားကို လွတ်မြောက်စေကြပါစို့။”
“ယေဇူးသခင်က ကျွန်ုပ်တို့ကိုလည်း ‘ထွက်လာခဲ့လော့!’ ဟု ဟစ်ကြွေးနေပါသည်။ ထိုကျဉ်း မြောင်း သော နေရာများမှ ရုန်းထွက်ရန်၊ ကိုယ်တော်၏ ကျေးဇူးတော်ဖြင့် အသစ်ပြုပြင်ရန်၊ မေတ္တာအလင်း၌ လျှောက်လှမ်းရန်၊ တွက်ချက်ခြင်းမရှိ အတိုင်းအဆမဲ့သော မေတ္တာတော်စံနမူနာအတိုင်း မျှော်လင့် ခြင်း နှင့် ချစ်ခြင်းမေတ္တာ အပြည့်ရှိသော အမျိုးသား၊ အမျိုးသမီးအသစ်များအဖြစ် ရှင်သန်ရန် ကျွန်ုပ်တို့ကို တိုက်တွန်းနေပါသည်”။
အန်ဂျေလုပ်စ် မေတ္တာမဆိုမီ၊ ပုပ်ရဟန်းမင်းကြီးက “သန့်ရှင်းသော ရက်သတ္တပတ်တွင် အမိမယ်တော် မာရိယား၏ ယုံကြည်ခြင်း၊ ကိုးစားခြင်းနှင့် သစ္စာရှိမှုတို့ဖြင့် ရှင်သန်နိုင်ရန် မယ်တော်၏ အကူအညီကို တောင်းခံကြပါစို့။ သို့မှသာ ရှင်ပြန်ထမြောက်သော သားတော်နှင့် တွေ့ဆုံရသည့် ကြီးမြတ်သော အတွေ့ အကြုံသည် ကျွန်ုပ်တို့အတွင်း၌ နေ့စဉ်နှင့်အမျှ အသစ်တဖန် ဖြစ်ပေါ်နေမည်ဖြစ်သည်” ဟု မိန့်ကြား ခဲ့ပါသည်။
Fr. Peter Kyi Maung
Website: rvamyanmar.org
/ @rvamyanmar8152
Photo Credit: Vatican News
Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-like-lazarus-may-we-hear-the-lord-s-call-to-new-life.html


